2.26.2009

ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြကြောင်ပါမည်

E-mail Print
ဖိုးရှုပ် တယောက် မြန်မာ သတင်းသမဂ္ဂ စည်းဝေးအပြီး ပွဲကိုက်လို့မှ မဝသေးခင်မှာ ဒေဝါလီ မဂ္ဂဇင်းက သတင်း တပုဒ်ကို အိပ်ချင်မူးတူး အယောင်ယောင် အမှားမှားနှင့် ဖတ်မိ လိုက်သောကြောင့် အိပ်ချင်စိတ်များ ပျောက်၊ မူးထားသမျှတို့ ပြေသွားကာ ဦးရုက္ခစိုးတို့နှင့် ဆုံရပ်ဖြစ်သည့် ချင်းမိုင်က ဝါဝီကော်ဖီဆိုင်ကို အသော့ နှင်ခဲ့တော့ သည်။ ကော်ဖီဆိုင်ရောက်တော့ ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့က လက်ပ်တော့ကွန်ပျူတာတလုံး ရှေ့ချလျှက် စိတ်ဝင် တစား ကြည့်နေကြသည်။

ဦးရုက္ခစိုး။ ။ ဟာ ဆင်းရဲသားကား မရိုက်ရ ဆိုပါလား။ ဘာကိုပြောတာလဲကွ။

ကြွက်စုတ်။ ။ သြော် ဦးရုက္ခစိုးကလည်း ဆင်းရဲသားကားဆိုတာ ဟိုဒင်းလေဗျာ အင်္ကျီမဝတ်နိုင်တဲ့ သူတွေ ရိုက်တဲ့ ကားမျိုးကိုပြောတာ။ အဲဒါက ခုမှမဟုတ်ဘူး အရင်ကတည်းကလည်း ပေးမရိုက်ပါဘူးဗျာ။

ထုံးစံအတိုင်း ကြွက်စုတ်က ဆရာကြီးလေသံဖမ်း၍ သူအားလုံးသိသည်ဆိုသည့် စတိုင်ဖြင့် ပြောလိုက်သည်။



ရုက္ခစိုး။ ။ ထွီ ရှက်စရာကြီးကွာ။ ဒါပေမယ့် ဗဟုသုတရအောင် ကြည့်တော့ကြည့်ချင်သား။

ကြွက်စုတ်။ ။ (လေသံကိုနှိမ့်၍) ခုနောက်ပိုင်းတော့ လိုးရှင်းလူးတာတို့၊ မော်ဒယ်လျှောက်ပြတာတို့ ခိုးရိုက် ပြီး အင်တာနက်မှာ တင်နေပြီတဲ့ဗျ (ရှလွတ်)

ကြွက်စုတ်က ပြောရင်း သွားရည်များပင်ကျလိုက်သေးသည်။ နောက်မှာရောက်နေသည့် ဖိုးရှုပ်ကို မမြင်ဘဲ ရုပ်တည်နှင့် ရွှီးကောင်းတိုင်း ရွှီးနေသည့် ကြွက်စုတ်ကို ကြည့်ကာ ဖိုးရှုပ် ရယ်ချင်သွားသည်။ ရယ်သံ အနည်းငယ် ထွက်သွားသောကြောင့် သူတို့ ၂ ယောက် လှည့်ကြည့် လိုက်သည်။

ဖိုးရှုပ်။ ။ ဟေ့ကောင် .. ထင်ရာလျှောက်ပြောမနေနဲ့။ မင်းဟာလေ မှားချင်တိုင်းမှား သတင်းဌာနက သတင်း ထောက် ကျနေတာပဲ။ နားစွန်နားဖျားကြားတာနဲ့ ပြောမယ်၊ ရေးမယ် ဆိုတာချည်းပဲ။ မင်းပြောတဲ့ ဆင်းရဲသားကား ဆိုတာ အပြာကားကွ။ ခု မရိုက်ရတဲ့ ဆင်းရဲသားကား ဆိုတာ တကယ့်ကို ဆင်းရဲစုတ်ပြတ် နွမ်းပါးတဲ့ ဇာတ်လမ်း တွေကိုပြောတာ။

ထိုစဉ် ဝါဝီ ကော်ဖီဆိုင်၏ ထောင့်တနေရာမှ တဟားဟား အော်ရယ်လိုက်သော အသံနက်ကြီးတသံ ထွက်ပေါ် လာသဖြင့် သူတို့အားလုံး လန့်သွားကြသည်။ ကော်ဖီဆိုင်ထောင့်တွင် ထိုင်နေသူမှာ ပြန်ကြားရေး ဝန်ကြီး ဖြစ် နေသည်။

ဦးရုက္ခစိုး။ ။ ဟာ ဗိုလ်ချုပ်ဆော်ကြမ်းပါလား။

ဖိုးရှုပ်။ ။ (လေသံဖြင့်) ဦးရုက္ခစိုးမှားနေပြီ။ ဝန်ကြီးက နာမည်ပြောင်းထားတယ်။ ခု သူ့နာမည် ကြောင်ဆန်း ဖြစ်သွားပြီတဲ့၊ ဒေဝါလီမှာ စာဖတ်သူတယောက်က ကွန်မန့်တခုမှာ ရေးထားတာ ဖတ်လိုက်ရတယ်။ (ဝန်ကြီး ဘက်ကိုလှည့်၍) ဒါနဲ့ ဝန်ကြီး ချင်းမိုင်ကို ဘယ်လိုလုပ်ရောက်နေတာလဲ။

ဝန်ကြီး။ ။ ဟဲဟဲဟဲဟဲ။ ကျုပ်လည်း ခင်ဗျားတို့ ဘီအမ်အေကို လာလေ့လာတာပေါ့ဗျ။ ခင်ဗျားတို့ အတိုက် အခံ သတင်းသမားတွေ မဆိုးဘူးဘဲ။ အတော်သောက်နိုင်တယ်နော်။

ဖိုးရှုပ်။ ။ ဒါကတော့ သောက်နိုင်ဆို သက်တမ်းရင့်အသောက်သမားတွေကိုးဗျ။ သောက်သက်က တော်လှန် ရေးကာလနဲ့တူတူပဲလေ၊ အနှစ် ၂၀ ကျော်ပြီ။ ဒါနဲ့ ဝန်ကြီးနဲ့တွေ့တာနဲ့ အတော်ပဲ။ မေးရဦးမယ်။ ခု မြန်မာ့ ရုပ်ရှင်မှာ ဆင်းရဲသားဇာတ်လမ်း မရိုက်ရတော့ဘူးဆို (ဖိုးရှုပ်က ကိုယ်ခံရမည့်အကွက်ဖြစ်သောကြောင့် အမြန် ဆုံး စကားလွှဲလိုက်ခြင်းဖြစ်သည်)

ဝန်ကြီး။ ။ ဟုတ်တယ်ဗျ။ ကျုပ်တို့ဗိုလ်ချုပ်မှူးကြီးက တိုင်းပြည်မှာ လူတွေ ဆင်းရဲတာ မမြင်ချင်ဘူး။ အားလုံး ချမ်းသာအောင်လုပ် ဆိုလို့ ကျုပ်လည်း ကျုပ်တတ်နိုင်တဲ့ အပိုင်းက တတပ်တအား ဆောင်ရွက်တာပဲလေ။ ဒီလောက် လုပ်တာတောင် ခင်ဗျားတို့ ပြည်ပမီဒီယာတွေက ပြောချင်ဆိုချင်ကြသေးတယ်။

ရုက္ခစိုး။ ။ ဟောလိဝုဒ်မှာတော့ ဆင်းရဲသားကား Slumdog Millionaire က အော်စကာရသွားတယ်နော်။ တကယ်ဆို ကျုပ်တို့ဆီမှာလည်း ခွေးသန်းတို့၊ ကြောင်သန်း တို့ လူသန်းတို့ မျောက်သန်းတို့ …. (မီလျံ ဆို သော စကားကို ဦးရုက္ခစိုးက သန်း ဟုတိုက်ရိုက်မြန်မာမှု ပြုနေရာ ဗိုလ်ချုပ်မှူးကြီး နာမည်ပါနေသောကြောင့် ဗိုလ်ချုပ်ကြောင်ဆန်းက အမြန်စကားဖြတ်လိုက်သည်)

ဝန်ကြီး။ ။ ဒါက ဒီလူတွေ နားမလည် ပါးမလည်နဲ့ ပေးတာပဲဗျ။ ကျုပ်တို့ မြန်မာနိုင်ငံက သရုပ်မှန် သူဌေး ကားတွေ ရိုက်လိုက်ရင် ဟောလိဝုဒ်လောက်မှာ အော်စကာမယူဘူး တာဝတိံသာမှာ သွားယူလို့ရတယ်။ ငှဲငှဲ။

အရပ်ပုပြတ်ပြတ်၊ အသားမည်းမည်းနှင့် ကြည့်ရဆိုးရသည့်အထဲ ဝန်ကြီးက သူ့သွားမည်းမည်းများကို ဖြဲပြ နေသေးသည်။ ဖိုးရှုပ်က သတင်းထောက်ပီပီ သဌေးသရုပ်မှန် ဆိုသော စကားကို စိတ်ဝင်စားသွားသဖြင့် အသင့်ပါလာသော ကက်ဆက်ကိုထုတ်ကာ ဗျူးဖို့ပြင်လိုက်သည်။

ဖိုးရှုပ်။ ။ သူဌေး သရုပ်မှန်ဆိုတာလေး ရှင်းပါဦးခင်ဗျ။ ဒီစကားလုံး တခါမှ မကြားဘူးလို့ပါ။

ဝန်ကြီးက ဖိုးရှုပ်ကို အထင်သေးသည့်အကြည့်ဖြင့် တချက်ကြည့်ပြီး အကယ်ဒမီကျော်ရဲအောင်စတိုင် ပြုံး လိုက်ရာ အပြုံးမတတ်သဖြင့် ဗေလုဝနှင့် ခပ်ဆင်ဆင် ဖြစ်သွားသည်။

ဝန်ကြီး။ ။ ခင်ဗျားတို့ ပြောပြောနေတဲ့ စိန်စီသော ည ဆိုတာ သူဌေး သရုပ်မှန်ပေါ့။ ဒီထက် သရုပ်မှန်တာ တောင် ဒီလောက်သရုပ်မမှန်ဘူး။ အဲဒါမျိုး ကားတွေ များများ ရိုက်ဖို့ ပြောနေတာကွ။

ကြွက်စုတ်။ ။ စိန်စီသောညကတော့ ဟုတ်ပါပြီဝန်ကြီးရယ်။ ဇာတ်လမ်းတွေက ဘယ်သူရေးမှာလဲဗျ။ မြန်မာပြည်က စာရေးဆရာတွေက အဲလောက်ချမ်းသာတာတွေ ရေးတတ်ပုံမရဘူးထင်တယ်နော်။ အဲဒီစာရေး ဆရာတွေက ဆင်းရဲသားခန်းပဲ ပိုင်တယ် ကြားဖူးတယ်။

ဝန်ကြီး။ ။ သူတို့က မချမ်းသာဘူးတော့ ဘယ်ရေးတတ်ပါ့မလဲ။ ကျုပ်ကိုယ်တိုင် ရေးမှာပေါ့ဗျ။ မင်းသားက သိန်းပေါင်း တသောင်းပဲ ချမ်းသာတယ်။ မင်းသမီးက သိန်းတသန်းချမ်းသာလို့ မိဘတွေက သဘောမတူတော့ မင်းသားပိုင်တဲ့ ဖယ်ယာရီ မော်ဒယ်အနိမ့်ကားလေးနဲ့ မင်းသမီးကို ခိုးပြေးရတဲ့ ဇာတ်လမ်းမျိုး ရိုက်စမ်းပါလေ့။ မျက်ရည်တွေ ဘူးသီးလုံးလောက် ကျသွားမယ်။ ဒါမှ သရုပ်မှန်စစ်စစ်။

ဝန်ကြီး၏ စကားကြောင့် ဦးရုက္ခစိုးကြီး မျက်လုံးပြူးသွားသည်။

ရုက္ခစိုး။ ။ ဒီလိုတော့လည်း ဟုတ်သားဗျ။ မြန်မာပြည်မှာက သူဌေးတွေ အတော်ပေါတာပဲနော်။

ဝန်ကြီး။ ။ ပေါတာပေါ့ဗျာ။ ဘယ်လောက်ပေါသလဲဆိုရင် ကမ္ဘာပေါ်မှာအပေါဆုံးလို့တောင် ပြောလို့ ရတယ်။ နေဦးဗျ ဆက်ပြောဦးမယ်။ (တက်တက်ကြွကြွ အားကျိုးမာန်တက်နှင့် အလွန်ပြောချင်နေပုံရသော ဝန်ကြီး ပါးစပ်မှ တံတွေးစဉ်သွားသဖြင့် ဦးရုက္ခစိုး အမြန်ရှောင်လိုက်ရသည်) စီးပွားရေး လုပ်ငန်းရှင်ကြီး ကိုတေဆေးရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို သူဌေးဖြစ်နည်း ဖြတ်လမ်း ဆိုပြီး အကယ်ဒမီ မိုးဒီကြီးနဲ့ ရိုက်လိုက်ရင် ပညာပေး ကော၊ ဟာသကော၊ ဘဝသရုပ်ဖော်ကောပါနေလို့ မရိုက်ခင်ကတောင် အကယ်ဒမီကြိုပေးလို့ရတယ်။ ဟား ပြောရင်းနဲ့မှ သတိရတယ်။ ဒီကားကို ဒါရိုက်တာ ပင်ဂွင်းမှောင်မှောင်ကို ရိုက်ခိုင်းဦးမှ။

ပြောရင်းဖြင့် ဝန်ကြီးက သူ့မှတ်စုစာအုပ်တွင် ရေးမှတ်နေပြန်သည်။

ရုက္ခစိုး။ ။ ဒါနဲ့ ဝန်ကြီး .. ဟိုးတလောက မင်းသမီးတွေကို ဦးစားပေးတဲ့ဇာတ် မရိုက်ရဘူးကြားတယ်။ အဲဒါ ကော ဘယ်လိုဖြစ်သွားပြီလဲ။

ဝန်ကြီးက သူပြောလို့မှ မဝခင် အတင်းဖြတ်မေးသည့် ဦးရုက္ခစိုးကို သိပ်မကျေနပ်သော်လည်း မေးခွန်း အား လုံးက သူ့ကိုဦးတည် မေးနေခြင်း ဖြစ်သောကြောင့် သတင်းစာရှင်းလင်းပွဲတွင် ခပ်တည်တည်ရွှီးသည့် စတိုင် ဖြင့် ပြန် ဖြေသည်။

ဝန်ကြီး။ ။ ဟုတ်ပါတယ်ခင်ဗျ။ အခု အသစ်တခု စမ်းသပ်ဖို့စီစဉ်နေပါတယ်။ မြန်မာ့ရုပ်ရှင် ကမ္ဘာကိုလွှမ်းဖို့ ကြိုးစားရတာလည်း တယ်မလွယ်ပါဘူးဗျာ။ မင်းသမီးဦးစားမပေးဘဲ မာမီတွေကို ဦးစားပေး ရိုက်ခိုင်းမလားလို့။

ကြွက်စုတ်။ ။ ဟာ ဖြစ်ပါ့မလားဝန်ကြီးရဲ့။

ဝန်ကြီး။ ။ ဘာလို့မဖြစ်ရမှာလဲ။ ဟိုတနေ့က ချင်းမိုင်မှာ မာမီတို့အဖွဲ့ လမ်းလျှောက်ပွဲ ပျက်သွားတုန်းကလေ၊ များတို့ မြန်မာပြည်က မာမီ တယောက်ကို များက အသာလေး မေးကြည့်တယ်သိလား။ ထိုင်းနိုင်ငံက တောင်ပြုံးလောက်တောင် မလွတ်လပ်လို့ တဲ့ ကဲ လူဆိုးတွေ သိပြီလား။ များတို့ကတော့ ဒီအချက်ကို အမိအရ အသုံးချရမယ် ထင်တာပဲ။ မာမီဦးစားပေးဇာတ်တွေနဲ့ ကမ္ဘာ ကျော်အောင် လုပ်ရမယ်လေ။

“ဝန်ကြီးတော့ …. သွားရှာပြီထင်တယ်” ဟု ဖိုးရှုပ်တွေးရင် ခပ်လန့်လန့် အထစ်ထစ် အငေါ့ငေါ့နှင့် ဆက်မေး လိုက်သည်။

ဖိုးရှုပ်။ ။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဒီလို အမိန့်တွေထုတ်တာလဲ ဝန် … ဝန် .. ကြီး။

ဝန်ကြီး။ ။ ဒါကတော့ မိန်းမတွေ ရှေ့မထွက်စေချင်တဲ့သဘော၊ ဆင်းရဲသားဆိုတာ အပြင်မှာပဲရှိရမယ်၊ ရုပ်ရှင်ထဲမှာ မရှိစေရဘူးဆိုတဲ့ သဘောပေါ့။ မိုးကုတ်က ပတ္တမြားတွေ၊ ဖားကန့်ကကျောက်စိမ်းတွေ၊ မရောင်း ရတော့တဲ့တူတူ ရုပ်ရှင်ထဲမှာ ထည့်ရိုက်ခိုင်းမယ်၊ ထမင်းပန်းကန်မှာ စိန်တွေစီရမယ်။ ကျုပ်တို့ နိုင်ငံသားတွေ အားလုံး ဘယ်လိုပင်ဆင်းရဲ မွဲပြာကျနေသော်ငြားလည်း ရုပ်ရှင်ကြည့်တဲ့အချိန်မှာ ငါဟာ လူချမ်းသာ တယောက်ပါလား ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်စေရမယ်။ တောက် တယ်တော်တဲ့ ငါပါလား။

အံကြိတ်ကာ ပြောနေရင်း ဝန်ကြီးက အားမရတော့၍ထင်သည် လက်သီးလက်မောင်းအားရပါးရ တန်းလိုက် ရာ ကြွက်စုတ် မျက်နှာကို သီသီလေး ကပ်လွဲသွားရသည်။

ဝန်ကြီး။ ။ ပြောရင်းနဲ့ သတိရသွားပြီ ကျေးဇူးဗျို့။ မြန်မာ့ရုပ်ရှင် အထက်ဗြဟ္မာ၊ အောက်အဝီစိအထိ ကျော်ကြားစေဖို့ မိန်းမ မပါရ၊ ဆင်းရဲသားမပါရ၊ နိဗာန်ယာဉ် မပါရ၊ လူသေခန်း မရိုက်ရ၊ ခွေးဝဲစား မပါရ၊ ဖယောင်းတိုင် မပါရ၊ ရေစည်လှည်း မပါရ၊ ရိုဟင်ဂျာ မပါရ … မပါရ … မပါရ .. မပါရ။

ပြောရင်း ဝန်ကြီးက တဟားဟားရယ်လိုက်ရာ အနားက နိုင်ငံခြားသားများပါ တအံ့တသြ ဝိုင်းကြည့်ကြသည်။ ဦးရုက္ခစိုးက လှမ်းတားဖို့ ပြင်တုန်းမှာပင် ထိုင်ရာကထ၍ အသံကြောင်ကြီးဖြင့် သီချင်းတပုဒ် အော်ဆိုပြီး တင်ကလေးလှုပ်ကာ လှုပ်ကာ ကရင်း ဝါဝီဆိုင်ထဲမှ ထွက်သွားလေတော့သည်။

ဝန်ကြီး။ ။ ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြကြောင်ပါမည် .. ရတနာ ခုနစ်သွယ် တကယ်ပင် စုံညီ ကား တိုင်းပါရမည် … တယ်နယ်ဗျောင် .. တူနယ် တူနယ် ဗျောင် .. တူနယ်ဗျောင် … ။ ။


No comments:

Post a Comment