3.15.2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ- အပိုင်း(၇)


မတ်လ(၁၃) ရက်၊ ၂၀၀၉

ဒီအပိုင်းမှာတော့ MTA ခွန်ဆာအဖွဲ့နဲ့ UWSA ၀ အဖွဲ့တို့ကို နအဖက အချင်းချင်း တိုက်ခိုက်စေခဲ့ပြီး နိုင်ငံရေး အမြတ်ထုတ် မဟာဗျူဟာ မြောက် လှည့်စား ကစားသွားပုံ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလို့ ပါးစပ်က အော်ပြနေပေမယ့် လက်တွေ့မှာတော့ “ဘယ်သူသေသေ ငတေ မာရင် ပြီးရော” ဆိုတဲ့ နအဖရဲ့  အာဏာရှင် ပီသတဲ့စိတ်ဓာတ်ကို လက်တွေ့ သိလိုက်ရ တာမို့ UWSA က ခပ်မာမာ တုံ့ပြန်နေပုံ စတာ တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေ တက်ခါစမှာ ပိုက်ဆံမရှိတာမို့ UWSA ၀ ခေါင်းဆောင် တွေရဲ့  ငွေမဲတွေကို ငွေဖြူဖြစ်အောင် ဆောင်ရွက် ပေးရင်း ငွေချေး ခဲ့တာကြောင့် နအဖအပေါ် ၀ တွေရဲ့ကျေးဇူးရှိခဲ့ဖူး ကြောင်း၊ ရှေ့အပိုင်းတွေမှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ နောက်တခု အရေးကြီးတဲ့အချက်က န၀တဟာ အင်အားကြီးမား လာတဲ့ MTA တပ်ဖွဲ့ဝင် တွေကို UWSA ၀များအား စစ်ကူတိုက်ခိုင်းတာကြောင့် အသက်သွေးချွေး ရင်းနှီး တိုက်ခိုက် ပေးလိုက်ရတဲ့ ၀တွေရဲ့ ကျေးဇူးတင်ရှိနေတာကိုလည်း တင်ပြပါဦးမယ်။ “အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား” စစ်အာဏာရှင် တွေကတော့ ဘာကျေးဇူးကိုမှ ဂရုမစိုက်ဘဲ ၀တွေကို လက်နက်၊ အာဏာ အားကိုးနဲ့ ဦးချိုးလိုက်လို့ နာကြည်းချက်နဲ့ အတူ ၀တွေဟာ အခုဆိုရင် ကြိတ်ပြီး စစ်ရေးပြင်ဆင်နေပါတယ်။

ဝလူမျိုးဟာ မြန်မာပြည်မှာ သိန်းဂဏန်းသာရှိပေမယ့် တရုတ်ပြည် ယူနန်နယ်မှာတော့ (၅) သန်းကျော် ရှိနေ ပါတယ်။ ၁၉၈၈ ခုနှစ် မိုင်းယန်းအရေးအခင်း ဖြစ်ပွားခဲ့စဉ် တိုက်ပွဲတွေမှာ ဗကပ အများစုဖြစ်တဲ့ ၀များ သေကျေ ဒဏ်ရာရတာ များပြားမှုကြောင့် မြန်မာပြည် ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကို မကျေနပ်ြကလို့ ၀တွေက ပုန်ကန်လိုက်ကြပါတယ်။ ဒီအချိန်မှာ ၁၉၈၈ လူထုအရေးတော်ပုံ ဖြစ်ပွားတာကြောင့် မြို့ကြီးတွေရဲ့  လုံခြုံရေးကို စစ်တပ်က အဓိကထား နေရာယူနေရလို့ နယ်စွန်နယ်ဖျား စခန်းကြီးတွေက တပ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ရာ နယ်စပ်တွေမှာ န၀တဟာ အင်အားချည့်နဲ့ နေခဲ့ပါတယ်။ တချို့ နေရာတွေမှာ တပ်အင်အား လက်လှမ်းမမီလို့ တရားမ၀င် ညှိထားတဲ့ ခွန်ဆာဦးစီး MTA (ခေါ်) SURA တပ်နဲ့ ပြည်သူ့စစ်ကာကွယ်ရေး တပ်များက လားရှိုးမြို့ ဝန်းကျင်အထိတောင် လုံခြုံရေးရယူပေးခဲ့ရပါတယ်။

အဲဒီအချိန်က ခွန်ဆာဦးစီးတဲ့ MTA လွယ်မော် မွန်ထိုင်းတပ်တွေကို စစ်တပ်က မတိုက်ခဲ့သေးဘဲ ဗိုလ်မောင်အေး က သူတို့ကို ဘိန်းလုပ်တဲ့ စီးပွားရေး သောင်းကျန်းသူ “ဘိန်းဓာပြ” တွေအနေနဲ့သာ ခပ်နှိမ်နှိမ်ထားပြီး ဆက်ဆံခဲ့ ပါတယ်။ မဆလခေတ်က စစ်တပ်နဲ့ ဗကပတို့ တိုက်ြကရင်တောင် MTA တပ်ဖွဲ့ဝင်တွေက သတင်းပေးတာမျိုး၊ ရိက္ခာ ပေးတာမျိုးကို ထုံးစံတရပ်လို ကူညီပံ့ပိုးပေးခဲ့ကြရပါတယ်။

န၀တဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ လုံးပန်းနေရလို့ရယ်၊ အာဏာကို လက်မလွှတ်ချင်လို့ နိုင်ငံရေး ကျားကွက် ရွှေ့ပြီး ကစားနေရတာရယ်ကြောင့် ရှေ့တန်း စစ်မျက်နှာတွေကို လှည့်မကြည့်နိုင်ရာက ဘိန်းစိုက်ပျိုး မှု တဟုန်ထိုး ကြီးထွားလာကာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုလည်း တိုးတက်လာတာနဲ့အတူ အပစ်ရပ်အဖွဲ့တွေနဲ့ ခွန်ဆာ MTA တပ်ဖွဲ့ဝင်တွေဟာ ဘိန်းကြောင့် ငွေကြေးအင်အား၊ ရိက္ခာ၊ လက်နက်အင်အား တောင့်တင်းလာ ခဲ့ကြ ပါတယ်။ အဲဒီလို တောင့်တင်းလာလို့ MTA တပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ဟာ ယခင်ကလို မဟုတ်တော့ဘဲ စတင် တိုက်ပွဲ ဖြစ်လာပါတော့တယ်။

MTA တပ်ဖွဲ့မှာ ခွန်ဆာနဲ့ ထိပ်ပိုင်း တပ်မှူးအများစုဟာ တရုတ်လူမျိုးများ ဖြစ်ကြပြီး လက်အောက်ခံ စစ်သည် အများစု ကတော့ ရှမ်းလူမျိုးများအပါအ၀င် ပလောင်နဲ့ မြန်မာစစ်တပ်က တောခိုလာတဲ့ စစ်သားများလည်း ပါဝင် ကြပါတယ်။ ဒါ့အပြင် လေယာဉ်ပစ် ဆမ် (7) ဒုံးပျံများ၊ လက်နက်ကြီးများ၊ လက်နက်ငယ် စက်ရုံများကိုပင် ပိုင်ဆိုင် လာကြကာ လူအင်အား (၂၀,၀၀၀) ခန့်အထိ ရှိလာခဲ့ပါတယ်။ သူတို့ရဲ့  ခံစစ်စခန်းတွေဟာလည်း ကျွန်းသစ်လုံး တွေကို ခေါင်ကတုတ် ခြောက်ထပ်စီပြီး အထပ်ထပ် မူလီစုပ်ထားရာ ခိုင်ခန့်တာမို့ စိန်ပြောင်းကဲ့သို့ သွယ်ဝိုက် လက်နက် ကြီးကျည်နဲ့ အမြောက်ကျည်များတောင် တိုးမပေါက်အောင် တောင့်တင်းလှပါတယ်။ စစ်တပ်က သွားတိုက်ရာမှာ လည်း အကျအရှုံးများနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

၁၉၉၀ ပြည့် နောက်ပိုင်းမှာ ခလရ (၆၄) အပါအ၀င် န၀တတပ်တွေ တော်တော် များများဟာ MTA တပ်တွေရဲ့  လက်သံပြောင်ပြောင်နဲ့ ထိုးနှက်မှုကို ခံခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်မှာ အမေရိကန်သမ္မတ ကာတာရဲ့ မူးယစ်ဆေးဝါး အကြံပေးအရာရှိ ပီတာဘွန်၊ CIA နဲ့ DEA မှ ပုဂ္ဂိုလ် များက ခွန်ဆာအား သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ခွန်ဆာ ဟာ မူးယစ်ဆေးဝါးလိုင်းမှ တော်လှန်ရေးလိုင်းသို့ ဘက်ပြောင်းခဲ့ ပါတယ်။ ဒီနေရာမှာ ခွန်ဆာရဲ့  တပ်မှူးကြီး ကျန်စုရှင်းဟာ ထိုင်ဝမ် ထောက်လှမ်းရေးမှ ပြောင်းလာသူဖြစ်ပြီး စစ်ရေးအရ ထူးချွန်ကာ တရုတ် နိုင်ငံကို ခြိမ်းခြောက်နိုင်မယ့် ဒုံးပျံများ ထားရှိဖို့နေရာကို အမေရိကန်နဲ့ ညှိရေးအတွက် ကြိုးစားနေသူဖြစ်ပါတယ်။ ခွန်ဆာရဲ့  MTA ဟာ အဲဒီလို ခြေလှမ်းတွေ ကြဲလာလို့ စစ်အာဏာရှင်တွေလည်း မျက်လုံးပြူးလာပြီး တပ်မ (၄) ခုစာ အင်အား နဲ့ ဟိုမိန်း၊ မုန်းကျွတ်၊ မုန်းထော်၊ မုန်းထ၊ လွယ်လန်း၊ လွယ်တော်ခန်း၊ လွယ်ကောင်းမူ စတဲ့ ဒေသတွေမှာ စစ်မျက်နှာ (၄) ခု ဖွင့်ကာ ခွန်ဆာဦးစီး MTA တွေကို အသည်းအသန် တိုက်ခိုက်ပါတော့ တယ်။

ဗိုလ်မောင်အေးဟာ MTA တွေ အင်အားတောင့်တင်းနေတာကို မသိဘဲ သူ ရပခ တိုင်းမှူး ဘ၀တုန်းက ကြုံတွေ့ရ တာနဲ့ နှိုင်းပြီး ဘိန်းဓားပြလို့ သဘောထား နှိမ့်ချဆက်ဆံနေလို့ လက်အောက်ခံ တပ်မှူးတွေက သတင်းတင်တဲ့ MTA တပ်ဖွဲ့တွေရဲ့  အင်အားကို လက်မခံဘဲ ဒေါသတကြီးသာ တုံ့ပြန်ပယ်ချတတ်ပါတယ်။ ၁၉၉၃- ၉၄ ၀န်းကျင် မှာ ရှမ်းပြည်နယ် တောင်ဘက်ခြမ်းတခုလုံး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်တိုက်ဖြစ်ပွားရာက မိမိတပ်တွေ မရှုမလှ အရေးနိမ့်နေလို့ ဗိုလ်မောင်အေးလည်း မနေသာတော့ဘဲ ရှေ့တန်းစစ်မျက်နှာ မိုင်းဆတ် မုန်းကျွတ် ဗျူဟာ ကုန်းစခန်းအထိ ရဟတ်ယာဉ်နဲ့ ရောက်ရှိလာခဲ့ပါတော့တယ်။ ကွပ်ကဲမှုရုံးတဲမှာ ဒု-ချုပ် ဗိုလ်မောင်အေး ဟာ ရပခ တိုင်းမှူး ဗိုလ်ချုပ်စောထွန်းနဲ့ ဒကစမှူး ဗိုလ်မှူးချုပ်ကျော်ဝင်း (ကစထမှူးဟောင်း) တို့ကို မင်းတို့ အသုံး မကျလို့ ငါကိုယ်တိုင် ဆင်းပြီး ကွပ်ကဲရတယ်၊ မင်းတို့ “နွား” တွေလို့ ဆူပူ ကြိမ်းမောင်းခဲ့ပါတယ်။

MTA တပ်ဖွဲ့ဝင်တွေဟာ စိတ်ကြွဆေး သုံးစွဲပြီး မဆုတ်တမ်း ခံစစ်ဆင်နိုင်တာကို ဗိုလ်မောင်အေး သိလိုက်ရာ မျက်ဖြူဆိုက်ကာ လျှော့မတွက်ရဲလောက်အောင် ဖြစ်သွားခဲ့ပြီး ရန်ကုန်စစ်ရုံးကို အပြန်မှာတော့ မြောက် ကိုရီးယားမှ ပူပူနွေးနွေးရောက်လာတဲ့ ဓာတုဗေဒ ဗုံးသီးတွေအား ရှေ့တန်းမှာ သုံးဖို့ အမိန့်ပေးလိုက်ပါတယ်။ အဲဒီ ဗုံးသီးတွေကို တိုက်ရိုက်ပစ်လို့ရတဲ့ (၇၆) မမ အမြောက်ကြီးထဲမှာ ခွင်းကျည်နဲ့ ရောသုံးပြီးပစ်ဖို့ စီစဉ် ပေးတဲ့အပြင် ဗုံးကြဲလေယာဉ် ပျံတွေသုံးကာ ဗုံးကြဲချရာ MTA တပ်တွေလည်း ဆုတ်ခွာခဲ့ရပါတော့တယ်။ ဓာတုဗေဒ ဗုံးကြောင့် အသားများ ရောင်ကိုင်းကာ အဖုအပိန့်များ ထွက်လာသလို မျက်စိနဲ့နား ကျိန်းစပ်ကာ သွေးများကျပြီး မခံနိုင်အောင် နားအူလို့ MTA တပ်ဖွဲ့ဝင်တွေ အထိနာခဲ့ပါတယ်။ ဒါပေမယ့် MTA စခန်းကြီး တွေကို ဆက်သိမ်းမယ်ဆိုရင် စစ်တပ်ဟာ အရင်းအနှီးများစွာ ပေးဆပ်ရမယ့် အနေအထား ရှိနေပါသေးတယ်။

ဒါကြောင့် စစ်တပ်လည်း အကျအရှုံးများနေတာမို့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးဟာ ဗိုလ်ခင်ညွန့်ကို ညှိခိုင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက UWSA တပ်များအား တောင်ပိုင်းသို့ ဆွဲချကာ စစ်ကူတိုက်ခိုင်းဖို့ စီစဉ်ခဲ့ကြပါတော့ တယ်။ ဒါကြောင့် ဝေရှောက်ခန်းဦးစီး UWSA တပ်တွေဟာ MTA တပ်တွေကို ကျားကုတ်ကျားခဲ “မြေခွေးကျင်း စစ်ဗျူဟာ” နဲ့ မြေအောက်လှိုဏ်ခေါင်းတူးကာ တိုက်ခိုက်ပေးခဲ့ရာ “၀” အင်အား (၂,၀၀၀) ကျော် သေကျေ ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်တပ်ရဲ့ နောက်ပိုင်း လူနာနဲ့ ရိက္ခာပို့လမ်းကြောင်း ရှည်လျားနေတာမို့ လုံခြုံရေးလည်း မနိုင်မနင်း ဖြစ်နေရာ ၀တွေကိုပဲ လုပ်ခိုင်းခဲ့ရပါတယ်။ UWSA တပ်ဟာ ဒဏ်ရာရနေတဲ့ စစ်တပ်က စစ်သည် တွေကို သူတို့ စခန်းမှာ စောင့်ရှောက်ပြုစု ကျွေးမွေးခဲ့သလို အဲဒီစစ်သည်များ အပါအ၀င် သင်တန်းပြန်နဲ့ အင်အား ဖြည့် စစ်သည်တွေကိုလည်း စေတနာထားကာ ရဲဘော်ရဲဘက်စိတ်နဲ့ လိုအပ်သမျှ လုပ်ပေးခဲ့ကြပါတယ်။

ဒါဟာ နအဖက တာဝန်ပေးလို့ မဟုတ်ဘဲ အောက်ခြေ တပ်မှူးနဲ့ အရာရှိ စစ်သည်များရဲ့  အုပ်ချုပ်ရေး (ရိက္ခာ၊ အင်အားဖြည့် စတဲ့) ပြဿနာ ဖြစ်ပွားနေတာကို စစ်အာဏာရှင်တွေက ပစ်ထားလို့ UWSA က အလိုက်သိသိ ကူညီဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ ရိုးသားတဲ့ အောက်ခြေ ၀တိုင်းရင်းသားတွေဟာ အဲဒီလို သွေးမြေကျ ရင်းနှီးပြီး ကူညီခဲ့ တိုက်ခိုက်ပေးဆပ်ခဲ့ကြလို့ န၀တတပ်တွေဟာ MTA ခွန်ဆာတပ်တွေကို အလွယ်တကူ ပြန်လည်အနိုင် ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နအဖက UWSA တပ်တွေကို တောင်ပိုင်းနယ်မြေမှ ပြန်ဖယ်ပေးဖို့ အမိန့်ပေးခဲ့ပြန်တာကြောင့် ကျေးဇူးမသိတဲ့ နအဖကို “၀” တွေက စိတ်နာကာ တုံ့ပြန်ရန် အသင့် ပြင်နေပါတယ်။

“ထားရာနေ စေရာသွား ခိုင်းရင်လုပ်” ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့  အတွင်းသရုပ်ကိုလည်း သိရှိခဲ့လို့ UWSA အနေနဲ့ အခုချိန်မှာ အကြောင်းအမျိုးမျိုးတွေကြောင့် နအဖနဲ့ တင်းမာမှု အထွတ်အထိပ်ကို ရောက်နေပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ကြပ်ပြေးမှာ ဗိုလ်သန်းရွှေကို သွားရောက်တွေ့ဆုံခဲ့စဉ်က ဆက်ဆံရေး မပြေမလည် ပဋိပက္ခ ဖြစ်သွားတယ်ဆိုတဲ့ သတင်းတွေကလည်း အခြေအနေကို ပိုမို ရှုပ်ထွေးစေပါတယ်။

ဒါ့အပြင် ၀တွေဟာ သူတို့ရဲ့  ဗိုလ်လောင်းစစ်ရေးပြ သင်တန်းတခုကို တရုတ်စစ်တပ်က အငြိမ်းစားယူထားတဲ့ ဗိုလ်မှူးကြီးတဦးအား လာရောက် ကြီးကြပ် ခိုင်းတဲ့အထိ ခြေလှမ်းသွက်နေလို့ နအဖက အစာမကြေ ဖြစ်နေတယ်လို့ သိရပါတယ်။

ပထမတော့ MTA တပ်ဖွဲ့ဝင်တွေ နိဂုံးချုပ်သွားပေမယ့် ထိုင်းနိုင်ငံနဲ့ စစ်ရေးတင်းမာမှု ရှိနေသေးချိန် ဖြစ်နေလို့ ၀တွေ ကို buffer ကြားခံဇုန်အဖြစ် ဆက်ထားပြီး အသုံးချဖို့ နအဖက ကြံစည်ခဲ့ပါသေးတယ်။ အဲဒီနောက် ဝေရှောက်ခန်း ခေါင်းဆောင်တဲ့ ၀တွေဟာ ရှမ်းပြည်တောင်ပိုင်းမှာ တနေ့တခြား အင်အားကြီးထွားလာပြီး ကျိုင်းတုံမြို့ကို သူတို့မြို့ တော်အဖြစ် တောင်းဆိုလာခဲ့ရာ ၀တွေကို လုံးဝကြည့်လို့မရတဲ့ ဗိုလ်မောင်အေးက တြိဂံ တိုင်းမှူးကို ၀တွေအား တောင်ပိုင်းမှ ပြန်ဆုတ်ခိုင်းဖို့ အမိန့်ပေးလိုက်ပါတယ်။ ဒီအမိန့်ကို UWSA ၀က အာခံခဲ့လို့ ဗိုလ်မောင်အေးဟာ အငြိုးတရား ဒေါသကြီးမားလာကာ လက်နက်မြန်မြန် ပြန်အပ်ခိုင်းဖို့ ဇာတ်လမ်းအထိ ဖြစ်လာနေ ပါတယ်။ ဒါကိုလည်း UWSA က ထပ်မံငြင်းဆိုခဲ့ပြန်ပါတယ်။

နအဖရဲ့  အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းတဲ့ နည်းဗျူဟာကြောင့် KNU လည်း နှစ်ခြမ်းကွဲခဲ့သလို UWSA ကိုလည်း နအဖဟာ နှစ်ခြမ်းခွဲဖို့ ကြံစည်နေပြန်ပါတယ်။ အခုဆိုရင် ရှမ်းပြည်တောင်ပိုင်း UWSA အဖွဲ့ ခေါင်းဆောင် ဝေရှောက်ခန်းနဲ့ ရှမ်းပြည်မြောက်ပိုင်း UWSA ခေါင်းဆောင် ပေါက်ယူချန်းတို့ကို ခွဲခြားစည်းရုံးပြီး အခွင့်အရေး မတူအောင် ပေးကာ နအဖဟာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ဖို့ ပြင်ဆင်ပြီး အကွက်ကောင်းကို ချောင်းနေပါတယ်။

နအဖရဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် တခုတည်းသော တပ်မတော် ရှိရမယ်ဆိုတဲ့ အတိုင်း တိုင်းရင်းသား အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ နအဖ အနေနဲ့ အကျပ် ရိုက်နေတဲ့ အချိန်မှာ တိုင်းရင်းသားတွေအနေနဲ့ ဖက်ဒရယ်အစိုးရတရပ် ဖွဲ့စည်းနိုင်သည့်အထိ စည်းလုံး ညီညွတ်စွာ ဆက်သွယ် အကောင်အထည်ဖော်ဖို့ အချက်ပြသင့်ပြီဟု တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment