3.20.2009

အလုပ်လုပ်ကိုင်ခွင့် ပတ်စပို့စာအုပ် လုပ်ရန်ကြောင်းပြပြီး လုပ်ငန်းရှင်က မြန်မာအလုပ်သမားများ ထံမှ ငွေတောင်းခံ

ထိုင်း/မြန်မာ နှစ်နိုင်ငံအစိုးရသဘောတူညီထားသော တ၇ားဝင် အလုပ်လုပ်ကိုင်နေထိုင်ခွင့် ပတ်စပို့ စာအုပ် လုပ်ပေးမည့် ကိစ္စရပ်အပေါ် အကြောင်းပြ၍ ထိုင်းလုပ်ငန်းရှင်က မြန်မာအလုပ်သမား လင်မယားနှစ်ဦးထံမှ ငွေကြေး တောင်းခံထားကြောင်း ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူလ အပိုင် ဖတရာမြို့ စုဝါလီလီ ပန်းခြံအနီးတွင် နေထိုင်ပြီး ထိုင်းတရုတ်လူမျိုး တစ်ဦး ပိုင် ပလောပီနံ စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်နေသော မြန်မာအလုပ်သမား ကိုအောင်စိုးနှင့် မလုံးတို့ထံမှ ၃နှစ်စာ ပတ်စပို့အတွက် ဘတ်၉၆၀၀ ပေးရမည်ဟု တောင်းသဖြင့် မတ်လ၁၈ ရက်နေ့က ဘတ်ငွေ ၈၀၀၀ ပေးခဲ့ရသည်။ မတ်လ၂၁ ရက်နေ့တွင် ကျန်ဘတ်ငွေ ၁၆၀၀ ပေးရမည်ဖြစ်ကြောင်းလုပ်ငန်းရှင်က ပြောသည် ဟုဆိုသည်။
“ကျနော်တို့ ဒီစိုက်ပျိုးရေးလုပ်ငန်းမှာ မြန်မာအလုပ်သမား ၇ ယောက်ရှိပါတယ်၊ ကျနော်တို့ လင်မယား၂ ယောက်က ထိုင်းစကားမတတ်ဘူး၊ အခြားလူတွေကို မလုပ်ခိုင်းပဲ ကျနော်တို့ကို လုပ်ခိုင်းပါတယ်။ ကျနော်တို့ကလည်း သူဌေးပြောတယ် ဆိုတော့ လုပ်ပေးမယ်ထင်လို့ ငွေပေးလိုက်တာပေါ့။ မနေ့ကပဲ ကျနော်တို့ ဘတ်၈၀၀၀ ပေးလိုက်သေးတယ် နောက်တစ်ရက်ဆိုရင် ဘတ်၁၆၀၀ ပေးရအုံးမယ်လို့ပြောပါတယ်။ ဒါတင်မကဘူး ကျနော့်မှာ ၃လပိုင်း ဘတ်လည်း ရှေ့လ ဆိုရင် သက်တန်း ကုန်ပြီးဖြစ်တာကြောင့် အဲဒီ ဘတ်ကို လည်း ဆက်ရအုံးမယ်လို့ ပြောပါတယ်၊ ဘာမှန်းလည်း မသိဘူးဗျာ။ ကျနော်က တစ်ရက်ကို ဘတ်၁၆၀ ရပြီး ကျနော့်မိန်းမက ဘတ်၁၄၀ ပဲရတယ်၊ ကိုယ်စရိတ်နဲ့ နေထိုင်စားသောက် ရတာပါ။ ကျနော်တို့မှာ ဘယ်မှာ တတ်နိုင်မလဲ။ တ၇ားဝင် စာအုပ်လည်းလုပ်။ ဘတ်လည်း လုပ်ရမယ်ဆိုရင် တစ်သက်လုံး လုပ်ဆပ်တောင် ကိုယ့်တိုင်းပြည်ကို ပြန်နိုင်မှာမဟုတ်ဘူး။ ပတ်စပို့လုပ်ပေးမယ်လို့ ငွေကိုသာတောင်းတာ ကျနော်တို့ကို ခုထိ ဘာမှ မလုပ်ပေးသေးဘူး” ဟုပြောသည်။
၂၀၀၃ ခုနှစ်ဝန်းကျင်မှ စ၍ ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင် အလုပ် လုပ်ကိုင်ခွင့် ပါမစ် ပတ်စပို့စာအုပ် လုပ်ရန်စီစဉ်ခဲ့သော်လည်း ဖြစ်မြောက်အောင် အကောင်အထည် ပေါ်ခဲ့ခြင်း မရှိပါ။
မြန်မာအစိုးရက မြ၀တီ၊ ကော့သောင်း၊ တာချီလိတ် တို့တွင် တစ်နေရာစီတွင် တစ်နေ့၊ အလုပ် သမား ၂၀၀ဦးကျ ပတ်စပို့ စာအုပ် လုပ်ပေးမည်ဟု ကြေညာထားသည်။
အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် လေ့လာသူများက သန်းချီရှိသော ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို အဆိုပါ နှုန်းထားအတိုင်း လုပ်မည်ဆိုပါက ဆယ်နှစ်ဝန်းကျင် လုပ်မှ ပြီးစီး နိုင်ကြောင်း၊ အထူးသဖြင့် ထိုင်းအစိုးရတွင် စါရင်းဇယားများကို ကွန်ပျူတာစံနစ်နှင့် ကျင့်သုံးနေသော်လည်း မြန်မာ အစိုးရတွင် စာရွက် စာတမ်း မှတ်တမ်းအဖြစ်သာ ရှိသဖြင့် မည်သို့မှ ဖြစ်နိုင်ခြေ မရှိကြောင်း သုံးသပ် ပြောဆို နေကြသည်။
ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသားအလုပ်သမားတို့ကို သက်ဆိုင်ရာ သံရုံးများက ထိုင်းနိုင်ငံအခြေစိုက် သံရုံးများတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပတ်စပို့ စာအုပ် လာရောက် လုပ်ကိုင်ပေး သဖြင့် အလုပ်သမားများအနေဖြင့် အချိန်ကုန် လူပမ်းမဖြစ်သည့် အပြင် မလိုအပ်သော စားရိတ်ကုန်ကျမှု မရှိခဲ့ချေ။
ထိုင်းနိုင်ငံအတွင်း နေရာအနှံ့အပြားတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများက မြန်မာအစိုးရ သတ်မှတ်ထားရာ နေရာသုံးခုသို့ စာအုပ်လုပ်ရန် သွားမည့် အစီအစဉ်တွင် အဓိက လိုအပ်ချက်ဖြစ်သော လုံခြုံရေး၊ နေထိုင်ရေး၊ စားစရိတ်၊ အချိန်ကုန်ကျမှု အပါအ၀င် တာဝန်ခံမှု တာဝန်သူမှု မည့်သို့မှ မရှိသဖြင့် မြန်မာ အလုပ်သမားများ အနေဖြင့် အလုပ်လုပ်ကိုင် နေထိုင်ခွင့် ပတ်စပို့စာအုပ် လုပ်ငန်းစဉ်ကို ပူးပေါင်း ဆောင်ရွက်မှု မရှိသဖြင့် ယခုအထိ အကောင်အထည် ဖေါ်နိုင်ခြင်း မရှိကြောင်းသိရသည်။
သို့ရာတွင် ထိုင်းအစိုးရက ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွေ့ပြောင်း အလုပ်သမားများ ကိုင်ဆောင် ထားသော (သံဒေါက်ဘတ်) တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်များကိုမူ ၂၀၀၉ ခုနှစ်ဖေဖေါ်ဝါရီလ အထိသာ သက်တမ်းတိုး ပေးတော့မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားသဖြင့် မြန်မာ အလုပ်သမားများ အထူးစိုးရိမ် နေကြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment