ဗိုလ်ထက်မင်း/၂ မတ် ၂၀၀၉
အထူးဒေသ (၄) အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းဟာ ဖုံကြားရှင်ရဲ့  သမီးကို ယူထားလို့ အမျိုးတော်တာမို့ ယောက္ခမအရေး ရတက်မအေးနိုင်ဘဲ “၀” တပ်အင်အား (၃,၀၀၀) စစ်ကူပေးလိုက်ပါတယ်။ ဖုံကြားရှင်တို့ တပ်ဟာ ရန်မိုးလျန် တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေ ချိန်မှာတော့ မြန်မာတပ်အနေနဲ့ “ကြားနေ” နေဖို့ ပထမတုန်းက မှာထားတယ်လို့ သိရပါတယ်။ ဒီနေရာမှာ ကုန်းကြမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော် တခွင်က အပစ်ရပ် အဖွဲ့တွေဟာ ဘိန်းချက်၊ ဘိန်းရောင်းဝယ်မှုများအပေါ် ချုပ်ကိုင်ထားပါတယ်။ သူတိုရဲ့  လာဘ်လာဘ ထိုးထားမှုကြောင့် ဗျူဟာမှူးမှ ရမခ တိုင်းမှူး အဆက်ဆက် ယခု ထိပ်ပိုင်း စစ်အာဏာရှင်တွေအထိ အဂတိ လိုက်စားကြတာမို့ တိုင်းရင်းသား အဖွဲ့တွေက သူတို့ကို အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်သိမ်း တယောက် ကိုးကန့်တွေ အပေါ် ပြောဆိုလို့ မပြီးတော့ဘဲ ဘေးကျပ် နံကျပ် ဖြစ်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်အရ ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်း (ယခု ၀န်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန) တွေရဲ့  တပ်တွေဟာ ချင်းရွှေဟော်မှာ ဖုံကြားရှင်တို့ တပ်တွေနဲ့ လမ်းသာခြားပြီး ကပ်နေတဲ့ အနေအထားအတိုင်း ပထမတော့ အေးအေး ဆေးဆေးသာ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေးဟာ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ အကြံကြီးစွာနဲ့ ကက (ကြည်း) ကိုအမိန့် ထုတ်ခိုင်းပါတော့တယ်။ အဲဒီနောက် လားရှိုး ရမခမှ (၁၀၅) မမ၊ (၇၆) မမ အမြောက်ကြီးများ တင်ထားတဲ့ ယာဉ်တန်း (၂၀) စီးခန့်ကို ကိုးကန့်နယ်မြေ လုံခြုံရေးအတွက်ဆိုကာ စေလွှတ်ပြီး လောက်ကိုင်ကို ချင်းရွှေဟော်မှတဆင့် ဖြတ်သန်းရန်နဲ့ ဖြတ်ခွင့်မရပါက တားဆီးတဲ့ ကိုးကန့် အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရန်ပါ ညွှန်ကြားလိုက်ပါတယ်။
အပစ်ရပ် အဖွဲ့တွေနဲ့ နအဖတို့ ငြိမ်းချမ်းရေး ညှိနှိုင်းထားချက်အရ ချင်းရွှေဟော်မှ သူတို့ နယ်မြေကို ဖြတ်သန်းမယ်ဆိုရင် လက်နက်ဆိုလို့ အပ်တချောင်းမှ မယူရလို့ ပါရှိလေရာ ဒီအတိုင်းဆိုပါက အခြေအနေမှာ တော်တော် တင်းမာနေကြပြီ ဖြစ်ပါတယ်။ ဒီအတိုင်းဆို လက်အောက်ခံတပ်က ကြားနေလို့ မရတော့ဘဲ ကိုးကန့်နယ်မြေဟာ စစ်တလင်း ဖြစ်မယ့် အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့ (၂) ဖွဲ့ကို ညှိနှိုင်းဖို့ စေလွှတ်ထားတဲ့ စစ်မဟာဗျူဟာ လေ့လာရေးဌာနမှ ဒုဗိုလ်မှူးကြီး သန်းအေးနဲ့ ကကလှမ်းမှ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ကွမ်းလုံ အရာရှိ ရိပ်သာမှာ ညနက်သန်းခေါင် နှိုးပြီး စကခ (၁) တပ်မမှူး ဗိုလ်မှူးချုပ် သီဟသူရတင်အောင်မြင့်ဦး (ယခု အတွင်းရေးမှူး (၁) ) က သူနဲ့ အရေးပေါ် တွေ့ဆုံဖို့ ခေါ်ယူလိုက်ပါတယ်။
စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်းကတော့ ဖုံကြားရှင်တို့ရဲ့  ဘိန်းကရတဲ့ အခွန်အကောက်နဲ့ ပေးကြွေးခွံ့ထားလို့ ကိုးကန့်နယ်မြေ ဖြတ်သန်းခွင့်ကို ပြောဆိုဖို့ မရနိုင်တော့ဘဲ “ချ” တိုက် ရမယ့် အခြေအနေ ရှိနေတာမို့ စေ့စပ်ကူညီပေးရန် တပ်မမှူးက ကကလှမ်း အဖွဲ့အား ပြောရပါတော့တယ်။ ကကလှမ်းအနေနဲ့လည်း ကကကြည်းရဲ့  အကြံ အစည်ကို အကောင်အထည်ဖော်ဖို့ မှာထားတာရှိတဲ့အတွက် ညတွင်းချင်း ကားဖြင့် ကိုသန်းအေးနဲ့ ကိုအောင်လင်းထွဋ် တို့နှစ်ဦး ချင်းရွှေဟော်သို့ ထွက်လာခဲ့ကြပါတယ်။ ဖုံကြားရှင်တို့ကို ကကလှမ်း အဖွဲ့က ယုံကြည်လာအောင် စည်းရုံးသိမ်းသွင်း ခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားတွေဟာ ရိုးသားကြတာမို့ ဖုံကြားရှင်က ကိုသန်းအေးတို့ကို ယုံကြည်လာပြီး ဖုံကြားရှင်က ပြောဆိုရာမှာ “လက်အောက်ခံ ရဲဘော်တွေ အပေါ် အခြားတပ်များ မိမိနယ်မြေသို့ လက်နက်ကိုင်ဆောင် ဖြတ်သန်းခွင့် မပြုရ” ဆိုတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ပြတာမျိုးနဲ့ ကိုးကန့် လူမျိုးတွေရဲ့ တရားခံ အဖြစ်မခံနိုင် တာကြောင့် ဗိုလ်မှူးကြီးတို့ရဲ့  တပ်ကားပေါ်က အမြောက်တွေကို မိုးကာနဲ့ ဖုံးအုပ် ထားဖို့ သိသာသိ မမြင်စေဖို့ ပြောရင်း သူကိုယ်တိုင် ဂိတ်ကို လိုက်ပို့ကာ သူ့ရဲဘော်တွေကို ဖြတ်သန်းခွင့် အမိန့်ပေးခဲ့ပါတယ်။
အဲဒီမှာ ဗိုလ်မှူးကြီး မောင်မောင်သိမ်းဟာ ကိုးကန့်နဲ့ ထိပ်တိုက်မတွေ့ဘဲ အထက် အမိန့်ကိုလည်း အကောင်အထည် မဖော်နိုင်လို့ မျက်ရည်တွေ ကျလာပြီး ၀မ်းသာလို့လား၊ ၀မ်းနည်းလို့လား ဆိုတာကတော့ သူသာ အသိဆုံးဖြစ်တာမို့ ကိုသန်းအေးနဲ့ ဖုံကြားရှင် တို့ကို ဖက်ကာ ငိုပါတော့တယ်။ သူက ဖုံကြားရှင်တို့ရဲ့  ကျွေးမွေးတာကို မျိုဆို့ထားတာမို့ သူ့ရဲ့  ပါးစပ်က “ဆွံ့အ” နေတာကိုတော့ ဆရာဝန်ထံ ပြရမလို ဖြစ်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ စစ်တပ်ယာဉ်တန်းကြီးဟာ လောက်ကိုင်သို့ ရောက်ရှိသွားပြီး အမြောက်လုံခြုံရေး အကြောင်းပြကာ စကခ (၁) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဌေး ဦးစီး တပ်ရင်း (၃) ရင်းလည်း လိုက်ပါ သွားခဲ့ပါတယ်။ အခုဆိုရင် ကိုးကန့်နယ်မြေကို နအဖက အမြတ်ထုတ် သိမ်းပိုက်လိုက်ပြီး လောက်ကိုင် စစ်ဗျူဟာအဆင့်မှ လောက်ကိုင် (ဒကစ) အဆင့်အထိ တပ်များ တိုးချဲ့ ကာ ခြေကုပ်ယူ အခိုင်အမာ တပ်တွေ တည်ဆောက် နိုင်ခဲ့ပါတော့တယ်။
ဒီသင်ခန်းစာ ရယူပြီး UWSA ဟာ နောက်ပိုင်းမှာ မြန်မာ တပ်တွေကို ယုံကြည်မှု မရှိတော့ဘဲ “၀” ရဲ့  နယ်မြေတွေကို မြန်မာတပ်များအား လုံးဝ အ၀င်မခံတော့တာ တွေ့ရပြီး မြန်မာတပ်တွေ ရွေ့ ပြောင်းတိုင်းလိုလို ပြဿနာ တက်နေတာကို တွေ့ရပါတယ်။ လောက်ကိုင်မှာ မြန်မာတပ် အခိုင်အမာ တပ်စွဲရခြင်းရဲ့  တရားခံဟာ ဖုံကြားရှင် ဖြစ်ပေမယ့် ဖုံကြားရှင်ကို အသုံးချခံ ဘ၀ရောက်အောင် စစ်အာဏာရှင်တွေက စည်းရုံးဖျားယောင်း သိမ်းသွင်းပြီး နိုင်ထက်စီးနင်း လုပ်နေတာတွေ သမိုင်း စာမျက်နှာ တရပ်အနေနဲ့ ဖော်ထုတ်ကာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့များ အားလုံး သုံးသပ်နိုင်အောင် တင်ပြလိုက်ရပါတယ်။
ချင်းရွှေဟော်၊ လောက်ကိုင် ကုန်းကြမ်းနယ်မြေတွေမှာ ဖုံကြားရှင် ကိုးကန့်အဖွဲ့၊ ရန်မိုးလျန် ကိုးကန့်အဖွဲ့၊ ကချင်မှ မုန်ဆာလတို့ အဖွဲ့ဆိုပြီး သုံးဖွဲ့ ရှိရာ မုန်ဆာလက ပထမတော့ ကိုးကန့်နှစ်ဖွဲ့လုံးကို လက်မခံခဲ့ပါ။ ရန်မိုးလျန်ဘက်မှ အားကိုးရတဲ့ ကိုးကန့် တပ်မမှူး ပိန်ဆောက်ချိန်က သစ္စာဖောက်ပြီး ဖုံကြားရှင်ဘက် ပြောင်းသွားလို့ နောက်ပိုင်းမှာ ရန်မိုးလျန်တို့ နေလို့မရတော့ဘဲ ဆရာကြီး ဘိန်းဘုရင် လော်စစ်ဟန်က ရန်ကုန်ကို ခေါ်ယူ စောင့်ရှောက်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်ကို လေ့လာကြည့်ပါ။ တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲ ဖြစ်ကြပြီ ဆိုရင် စစ်အာဏာရှင် တွေဟာ ကြိတ်ပြီး ၀မ်းသာကြပြီး ရတဲ့အခွင့်အရေး နှိုက်ယူကာ နိမ့်ပါးနေတဲ့ တိုင်းရင်းသားတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတာကို တွေ့ရပါတယ်။ န၀တဟာ ပထမတော့ စေ့စပ်ဆွေးနွေး ပေးမယ်ဆိုပြီး ပျားရည်နဲ့ ၀မ်းချသလိုနဲ့ သူ့တပ်တွေကို ချော့သွင်းကာ နောက်ပိုင်း ကိုးကန့်တွေက မြန်မာစစ်တပ်ကို ပြန်ဖယ်ခိုင်းပေမယ့် မရတော့တာ တွေ့ရမှာဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် နအဖဟာ အခုတော့ ကိုယ့်အတတ်ကိုယ်စူး အရူးမီးဝိုင်းသလို ဖြစ်နေပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့တောင် မ၀ံ့မရဲ ဖြစ်နေပြန်ပါတယ်။ နအဖဟာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ဘယ်လိုပုံစံမျိုးနဲ့ နှမ်းဖြူးကာ ပံ့ပိုးမှု ဆောင်ရွက်ပေးတယ်၊ ရေရှည်မှာ တိုင်းရင်းသားတွေအပေါ် ပံ့ပိုးမှု မပေးနိုင်ပုံ၊ နအဖရဲ့ စုပ်လဲစူး စားလဲရူး ဘ၀၊ UWSA နဲ့ နအဖ အကြား တင်းမာမှု ဖြစ်လာရတဲ့ အကြောင်းရင်းနဲ့ နအဖရဲ့  အကျပ်အတည်း စတာတွေကို ဆက်လက်တင်ပြ သွားပါမယ်။
No comments:
Post a Comment