3.08.2009

ပလက်ဖောင်းပေါ်က ကလေးငယ်များ


E-mail Print

အချိန်က နေ့လယ် ၁၂ နာရီခန့် ၊ ရန်ကုန်မြို့ ဒေါပုံမြို့နယ်ထဲက ကားမှတ်တိုင်တခုမှာပါ။ ကားမှတ်တိုင်မှာ ဘတ်စ်ကားတစီးထိုးစိုက်လိုက်တိုင်း ကားနားကိုပြေးကပ်သွားပြီး ဈေးရောင်းနေတဲ့ ဈေးသည်အများစုဟာ ဌေးဌေးတို့အရွယ် အသက် ၁၀ နှစ် ၀န်းကျင် ကလေးတွေဖြစ်နေတတ်တာများပါတယ်။

ဈေးဗန်းကလေးတွေကို ရွက်ရင်း အရှိန်မသေသေးတဲ့ ကားဘေးကနေသူ့ထက်ငါ အလုအယက် အော်ပြီး ရောင်းနေတဲ့ ဌေးဌေးတို့လို ခေါင်းရွက်ဗျပ်ထိုးကလေးဈေးသည် တွေဟာ ခုလို နေပူပူ၊ ကားကျဲကျဲဖြစ် တဲ့နေ့လယ်ခင်းပိုင်းတွေမှာသာ လိုင်းကားတွေ နားကပ်ပြီး ဈေးရောင်းနိုင်တာဖြစ်ပါတယ်။

စည်ပင်သာယာဥပဒေအရ ဘက်စ်ကားမှတ်တိုင်တွေမှာ ဈေးရောင်းခွင့်မရှိသလို၊ခေါင်းရွက်ဗျပ်ထိုး ဈေးသည် တွေကိုလည်း ကားတွေအနားကပ်ပြီး ဈေးရောင်းခွင့်မရှိပါဘူး၊ တွေ့ခဲ့ရင်လည်း ဈေးဗန်းသိမ်းတဲ့အပြင် ဒဏ် ငွေဆောင်ရကြောင်း ဈေးသည်များထံမှ သိရပါတယ်။

ခုလို နေမင်းခေါင်းတည့်တည့်ရောက်နေချိန်မျိုးမှာသာ အဖမ်းအဆီးနည်းပါးတဲ့အတွက် ဌေးဌေးတို့လို ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေဟာဘတ်စ်ကား ဂိတ်တွေနားမှာ မယောင်မလည် ရပ်ရင်းကနေ ဈေးခိုးရောင်းနေရတာဖြစ်ပါတယ်။

ခြစ်ခြစ်တောက်အောင် ပူနေတဲ့ နေပူရှိန်ကြောင့် ပိန်ပိန်ခြောက်ခြောက် ဌေးဌေးတကိုယ်လုံး ချွေးတွေ ရွှဲနစ်နေပြီး၊ မနက်ကတည်းက ထူပိန်းနေအောင် လိမ်းခဲ့တဲ့ သနပ်ခါးတွေလည်း ခပ်မည်းမည်းပါးပြင်မှာမရှိ ကြတော့ဘဲ ချွေးတွေနဲ့ စေးကပ်ကပ်ဖြစ်နေပါပြီ။

ဒါပေမယ့် ဌေးဌေးကတော့ မှတ်တိုင်မှာ လိုင်းကားတစီးထိုးရပ်လိုက်တိုင်းဘ၀တူ ကလေးဈေးသည်တွေနဲ့ အပြိုင် ခြေလှမ်းကျဲကျဲလှမ်းပြီး ကားဆီကိုသူ့ထက် ဦးအောင်ပြေးရင် ကားပေါ်က ခရီးသည်တွေကို ကန်စွန်း ဥပြုတ်၊ ကန်စွန်းဥပြုတ် ယူပါဦး၊ ၀ယ်ပါဦးလို့ တက်တက်ကြွကြွနဲ့ အော်ဟစ်ရင်းဈေးရောင်းနေဆဲဖြစ်ပါတယ်။

အဲဒီလို အရှိန်မသေသေးတဲ့ ကားတွေနားပြေးကပ်သွားတဲ့အခါတိုင်း ကားဘီးကြီးတွေအောက်မှာ ခြေထောက်ဝင်မသွားအောင်လည်း သတိထားရတဲ့အကြောင်းဌေးဌေးက ပြောပြပါတယ်။

"သမီးသူငယ်ချင်း မစော ခြေထောက်ကို ကားကြိတ်သွားကတည်းက သမီးတို့အားလုံးလန့်သွားကြတာပဲ၊ ကားအောက် ခြေထောက်ဝင်သွားမှာတော့ ကြောက်တယ်" လို့ သူမကပြောပါတယ်။

သင်္ယန်းကျွန်းကနေ ဈေးလာရောင်းတဲ့ ဌေးဌေးဟာ အိမ်ကနေ မနက်ကတည်းကထွက်ခဲ့ပြီး ဒီကားဂိတ် အရောက်လမ်းတလျှောက်လုံးဈေးရောင်းလာရတာဖြစ်ကြောင်း ၊ ကန်စွန်းဥပြုတ် ၁ ခု ကို ၁၀၀ ကျပ်ဈေးနဲ့ ရောင်းခြင်းဖြစ်ပြီး ပါလာသမျှ အကုန်ရောင်းရတဲ့နေ့တောင်မှ ကျပ် နှစ်ထောင် ကျော်လောက်သာရလေ့ရှိပြီး ဈေးရောင်းပါးတဲ့နေ့များဆို ကျပ် ၁၀၀၀ ပြည့်အောင်ပင် မနည်းရောင်းရကြောင်း သူမကပြောပြပါတယ်။

ဒီကားဂိတ်လေးမှာ ဌေးဌေးဟာ နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီလောက်ထိပုံမှန်ရောက်လာပြီး ဈေးရောင်းပါတယ်။ သူမဟာ မောင်နှမများတဲ့ မိသားစုဝင်တဦးဖြစ်တဲ့အတွက် ကျောင်းမနေနိုင်ဘဲ အိမ် မှာအမေကိုကလေးကူထိန်းပေးရပါတယ်။ ခုလို ရာသီအလိုက် ရာသီစာရောင်းခဲ့တာခုဆိုလျှင် ၃ နှစ်ရှိပြီ လို့ သူမက ညည်းညူပါတယ်။

ဌေးဌေးလိုပဲ ဘ၀တူဈေးရောင်းဘက်တဦးဖြစ်တဲ့ သိန်းစိန်ကတော့ဈေးရောင်းတဲ့အလုပ်အပြင် လူခေါ်ပေး တဲ့အလုပ်ကိုပါ တွဲလုပ်တဲ့အတွက် သူက ပိုကိုက်တယ်လို့ ဌေးဌေးက ကြက်ဥပြုတ်ရောင်းနေတဲ့ သိန်းစိန်ကို လှမ်းပြီးမေးငေါ့ပြပါတယ်။

သိန်းစိန်ဟာလည်း ဌေးဌေးလိုပဲ ပိန်ကပ်ကပ်၊ မည်းခြောက်ခြောက်နဲ့ ၁၂နှစ်အရွယ် ကလေးတယောက်ပါ။

အဲဒီ သိန်းစိန်ဆိုတဲ့ ပိန်ကပ်ကပ်နဲ့ကလေးဟာ အိမ်ကို တနေ့ ငွေ ၃၀၀၀ အပ်ရကြောင်း၊ အဲဒီ ငွေ ၃၀၀၀ ရဖို့အတွက် သိန်းစိန်ဟာဈေးရောင်းတဲ့ အလုပ်အပြင် တခြားအလုပ်တွေကိုပါ လုပ်နေရကြောင်း၊ ငွေ ၃၀၀၀ ပြည့်အောင် မရှာနိုင်တဲ့နေ့ဆိုရင် သိန်းစိန်တယောက် အိမ်မပြန်ရဲလို့ လျှောက်သွားနေရကြောင်း ဌေးဌေးက ပြောပြပါတယ်။

"သမီးတို့က အိမ်ကို ရသလောက်ပဲ ပေးလို့ ရတယ်၊ အမေက ဘာမှ မဆူဘူး၊ သူ့အိမ်ကတော့ မရဘူး သူ့ဦးလေးလား သူ့အဖေလားမသိပါဘူး ငွေ ၃၀၀၀ မပြည့်တဲ့နေ့ဆိုရင် သူ့ကို အရမ်းရိုက်တာတဲ့၊ အရမ်း နာတာပဲတဲ့၊ အဲဒါကို ကြောက်လို့ သူက ငွေ ၃၀၀၀ မပြည့်ပြည့်အောင်ရှာရတာ"လို့ ဌေးဌေးက ဆိုပါတယ်။

ဌေးဌေးပြောသလိုပဲ သိန်းစိန်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ်ကလေးဟာကြက်ဥပြုတ်ရောင်းတာအပြင်အပျော် အပါးလိုက်စားချင်သူတွေကို နေရာရှာပေး၊ လူခေါ်ပေးးတဲ့အလုပ်ကိုလည်း လုပ်တယ်လို့ သိရပါတယ်။

ပြည့်တန်ဆာ လိုချင်တဲ့သူတွေကို ပြည့်တန်ဆာရှာပေးရင် ပြည့်တန်ဆာဆီက ငွေ ၅၀၀ ကျပ်နဲ့ ရှာခိုင်းတဲ့သူ ဆီက ပေးတဲ့ ငွေကြေးအနည်းအကျဉ်းကိုရတတ်တဲ့အပြင်၊ အဲဒီကားဂိတ်အနားက တည်းခိုခန်းတွေဆီကို ခေါ်သွားပေးရင်လည်းတည်းခိုခန်းက သိန်းစိန်ကို တခါခေါ်လာ ကျပ် ၂၀၀ နှုန်း ပေးတဲ့အတွက်သိန်းစိန်ဟာ ငွေရှာတော်တဲ့ ကလေးတယောက်အဖြစ် ကလေးဈေးသည်တွေကြားမှာနာမည်ကြီးပါ။

"ကျနော်ဈေးရောင်းရုံနဲ့ ငွေ ၃၀၀၀ မရပါဘူး၊ ဧည့်သည်ရှာပေးနိုင်မှကိုက်တယ်၊ ဧည့်သည်ပါးတဲ့နေ့ ဆိုရင် သိပ်မကိုက်ဘူး"လို့ သိန်းစိန်က ပြောပြပါတယ်။

ဒုတိယတန်းအထိ ကျောင်းနေဖူးတဲ့ သိန်းစိန်ဟာ သူကြီးလာတဲ့အခါ ကားဆရာ(ယာဉ်မောင်း)တယောက်ဖြစ် ချင်တယ်လို့ ပြောပြပါတယ်။

ကျောင်းလုံးဝ မနေခဲ့ဘူးတဲ့ ဌေးဌေးကတော့ သူ ဘာဖြစ်ချင်လည်းဆိုတာမပြောပြတတ်ပါဘူး၊ ဒါပေမယ့် သူကတော့ သူ့အမေကိုကောင်းကောင်းမွန်မွန်ထားချင်တယ်၊ သူ့ ညီမလေးကိုလည်းကျောင်းထားချင်တဲ့ အတွက် သိန်းစိန်လိုပဲ ပိုက်ဆံများများရှာချင်တယ်လို့သူ့ဆန္ဒကို ပြောပြပါတယ်။

သိန်းစိန်လို၊ ဌေးဌေးတို့လို စားဝတ်နေရေးအတွက်၊ မိသားစုအတွက် အလုပ်လုပ်နေကြတဲ့ ကလေး စားပွဲထိုး တွေ၊ ကလေးဈေးသည်တွေ၊ ကလေးအလုပ်ကြမ်းသမားတွေ၊ ကလေးပန်းရံတွေ၊ ကလေးစစ်သားတွေ၊ ကလေးဧည့်ကြိုတွေ စတဲ့ ကလေးတွေ ဘာဖြစ်လို့စာသင်ခန်းပြင်ပ ရောက်နေကြတာလဲ ဆိုတဲ့ အဖြေက တော့ လူတိုင်းသိတဲ့အဖြေမျိုးဖြစ်နေပါပြီ။

ဆင်းရဲကြပ်တည်းကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုယ်မွေးထာတဲ့ကျောင်းနေအရွယ် သား၊သမီးတွေရဲ့ စားဝတ်နေရေးကို တာဝန်မယူနိုင်တဲ့အပြင်ကလေးတွေရဲ့ လုပ်စာပါ ပူးပေါင်းပါဝင်မှ စားလောက်ရုံ အခြေ အနေမျိုးကိုရောက်နေကြပါပြီ။

အဆိုပါ ကားဂိတ်အနီးက စားသောက်ဆိုင် ၁ ဆိုင်မှာ အလုပ်ဝင်နေတဲ့ မိခင်တဦးကလည်းသူမရဲ့ အသက် ၁၃ နှစ်အရွယ် သမီးကို ခုလို ဈေးရောင်းခိုင်းနေရတဲ့အတွက် စိတ်ထိခိုက်ကြေကွဲရကြောင်း၊ မတတ်သာတဲ့ အဆုံးခုလို ခိုင်းနေရခြင်းဖြစ်ကြောင်း ပြောပါတယ်။

"ကျောင်းစရိတ်မတတ်နိုင်တော့ ကျောင်းမထားနိုင်တော့ဘူး၊ အငယ် တယောက်ကိုလည်း ကျောင်းထားရ တယ်၊ နောက်ပြီးတော့ သူ့အဖေရဲ့ လုပ်အားခက တနေ့ကို ၁၅၀၀ ပဲရတယ်၊ ကျမကလည်း တနေ့ ၁၀၀၀ ပဲ ရတယ်ဆိုတော့ သမီးကြီးဈေးရောင်းလို့ရတဲ့ ငွေပါမှ စားလောက်တာမို့ ခိုင်းရတော့တာပဲ"လို့ ပြောပါတယ်။

မိသားစုဝင် ငါးဦးရှိတဲ့ သူမတို့မိသားစုအတွက် တနေ့ မီးဖိုချောင်စရိတ်က ဆန်အတွက် ငွေ ၅၀၀၊ ဆီအတွက် ၁၀၀၊ ထင်းဖိုး ၁၀၀၊ ရေဖိုး ၂၀၀ ကျပ်၊ ဖယောင်းတိုင်ဖိုး ၂၀၀ကျပ်၊ ကလေးမုန့်ဖိုးနဲ့ ကားခ ၃၀၀ ကျပ် နဲ့ ဟင်းဖိုး ၁၀၀၀ ကုန်ကျပြီး သူ့ဖခင်ရဲ့ လမ်းစရိတ်က ၁ နေ့ ၅၀၀ ကျပ်၊ သမီးဖြစ်သူ ဈေးရောင်းဖို့အတွက် ဈေးရင်း ၁၀၀၀ကျပ် လိုအပ်ကြောင်း၊ ဈေးရောင်းရာမှ မြတ်သည့် ငွေကို အိမ်လခနှင့် အငယ်ကျောင်းစရိတ် အတွက် ဖယ်ထုတ်ထားရသေးကြောင်း သိရပါတယ်။

မိသားစုအတွက်၊ စားဝတ်နေရေးအတွက် စာသင်ခန်းပြင်ပမှာ အစတေးခံနေကြရတဲ့ ကလေးငယ်တွေကို မြင် ရတိုင်း သူတို့နောင်ရေးအတွက် စိတ်မကောင်းဖြစ်ရကြောင်း ကျောင်းဆရာမတဦးက ပြောပြပါတယ်။

"ဒီကလေးတွေရဲ့ အနာဂတ်တွေကို ကျမ တွေးမကြည့်ရဲဘူး၊ အသက်ငယ်ငယ်လေးတွေနဲ့ မနိုင်ဝန်တွေ ထမ်းနေကြရတော့ သူတို့ရဲ့ စိတ်တွေဟာ ပျက်စီးပြီးသားဖြစ်နေမှာပဲ၊ သူတို့ ကြီးလာတဲ့အခါ ဘယ်လို လူမျိုး တွေဖြစ်လာပြီး ကျမတို့ တိုင်းပြည် ဘယ်လိုဖြစ်လာမလဲဆိုတာ မတွေးရဲပါဘူး"လို့ ဆရာမက ဆိုပါတယ်။

No comments:

Post a Comment