4.27.2009

မြဘုရားကိုဖူးမျှော်စဉ် မြန်မာတစ်ဦး ထူးဆန်းစွာသေဆုံး


ဦးထွန်းဝင်း မကွယ်လွန်မီ ဘန်ကောက် မြဘုရား ရှေ့တွင်
ရိုက်ကူးခဲ့သောဓါတ်ပုံဖြစ်သည်။

ဧပြီ ၂၇

ထိုင်းနိုင်ငံဘန်ကောက်မြို့ မြဘုရားတွင်မြန်မာနိုင်ငံ မန္တလေးမြိုမှ ပရိဘောဂ လုပ်ငန်းရှင် မြန်မာ တစ်ဦး ဘုရားဖူးရင်းသေဆုံးသွားခဲ့သည်။

မန္တလေးမြိုမှ ပရိဘောဂလုပ်ငန်းရှင် အသက် ၆၄ နှစ်အရွယ် ဦးထွန်းဝင်းသည် ဇနီးဒေါ်မော်နှင့် အတူ ညီဖြစ်သူတစ်ဦးနှင့် ဘန်ကောက်မြို့ ရှိ မြတ်ဘုရားကို ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဖူးမျှော်စဉ် မမျှော်လင့်ပဲ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းဝင်းသည် ဆီးရောဂါအားကုသရန် ပြီးခဲ့သည့် ဧပြီလ ၁၆ရက်နေ့တွင် ဘန်ကောက်မြို့  ဘန် ကောက် အင်တာနယ်ရှင်နယ် ဆေးရုံကြီးတွင် ဆေးရုံတက်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့တွင် ရောဂါ သက်သာသွားသဖြင့် ဆေးရုံမှဆင်းခဲ့သည်။

ဧပြီလ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ပြန်သွားရန်စီစီထားခဲ့ပြီး။ မပြန်မီ မြဘုရားကို ဖူးလိုသဖြင့် ဇနီးဖြစ်သူအား အကျီအသစ် ၀ယ်ယူခိုင်းခဲ့ပြီး မြဘုရားကို ဖူးပြီးမှ ပြန်လိုကြောင်း ပြောဆိုခဲ့သည်။

ဒေါ်မော်ကကျမတို့ဆေးရုံးက သက်သာလို့ဆင်းလာခဲ့ပါပြီ။ သူက မြဘုရားဖူးမယ် ဘုရားဖူးပြီးမှ ငါပြန်မယ်လို့ ပြောတယ်၊ ဆေးရုံးကနေ တွန်းလှည်းကို သွားပြီးငှါးတာပေါ့နှော် ဘုရားကို ရောက်တော့ ဘုရားဝင်းထဲကို ၀င်တယ်။ သူက မောတယ် ခဏနားမယ်ဆိုလို့ နားကြပါတယ်။ ပြီးတော့ မြဘုရားရှေ့ တည့်တည့် တိုင်ကြီးနားရောက်တော့ တွန်းလှည်းကို ရပ်တယ်။ ဒါမြဘုရားလား ဆိုပြီး လက်အုပ်ချီပြီး လှည်းပေါ်က လက်အုပ်ချီပြီးဖူးတယ် ခေါင်းပြန်မော့လာတော့ မောတယ် မောတယ်ပြောပြီး ကျမကိုမှီရင်း ဘုရားကိုသူကြည့်နေရင်း ဆုံးသွားတာပဲ။ ကျမလည်း လုပ်ကြပါအုံး အော်ပြောတော့ ဘုရားကဆေးရုံကားရောက် လာတယ်။ ဆရာဝန်တွေ ချက်ချင်း အသက်ကူ အရေးပေါ်ကုသကြတယ်၊ဒါပေမယ့်သူဘုရားဖူးရင်းဆုံးသွားခဲ့ပါတယ်''

ခင်ပွန်းဖြစ်သူတစ်ဦး ဆေးဝါးလာရောက်ကုသရင်း သေဆုံးသွားသဖြင့် ၀မ်းနည်းရသော်လည်း သေဆုံးသူ၏ အလိုဆန္ဒအတိုင်း မြဘုရားကို ဖူးခွင့်ရခဲ့သဖြင့် စိတ်ကျေနပ်မိကြောင်း အထူးသဖြင့် မြဘုရားကို ဖူးမျှော်ကန်တော့ပြီး ဘုရားကို ကြည်ညိုရင်း သေဆုံးသွားခဲ့သဖြင့် မိမိခင်ပွန်း အနေဖြင့် ကောင်းရာ ဘုံဘ၀ကို ရောက်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ကြောင်း ပြောဆို သွားသည်။

ဤအသုဘကိစ္စကို အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့သူ ဦးကျော်က “ ဒီမှာ လူလိုသူလိုသေရ တယ်လို့ ကျနော်ပြောချင်ပါတယ်။ နောက်ဆုံးခန္ဓာဝန်ကို ကျောင်းကန်ဘုရားဝင်း အတွင်းမှာ သပ်သပ်ယပ်ယပ် မီးသဂြိုလ်ရတယ်လေ၊ မြန်မာပြည်မှာ ကျနော့်အမေ သေတုန်းက သချိုင်း ဇရပ်မှာ ၁နာရီထက် ပိုထားလို့မရဘူး၊ ကိုကျော်သူတို့ကို အကူအညီတောင်း အစစအရာရာ မလွယ်ဘူး၊ ဒီမှာက ဆေးရုံက အားလုံးကို စီစဉ်ပေးတာ တော်တော် အဆင်ပြေပါတယ်။ ဒီနေ့ အခြား အသုဘတွေလည်း မရှိတော့ ကျနော်တို့ အေးအေးဆေးဆေးပဲ မနေ့ကညနေ ၅နာရီ လောက်မှာ မီးသဂြိုလ်လိုက်ပါတယ်''ဟု ပြောသည်။

မြန်မာသံရုံးကိုမူ မိမိကိုယ်တိုင် သွားရောက်ဖူးသဖြင့် ထောက်ခံစာတစ်စောင် ရရေးအတွက်ပင် တစ်နေကုန် စောင့်ရဖူးသဖြင့် အခြားမည့်သည့် လူသေမှုမျိုးမှာ မဆိကူညီပေးတာ မတွေ့ဖူး မကြားဖူး သဖြင့် သွားလည်း အချိန်ကုန်ရုံသာ ဖြစ်မည်ဖြစ်သဖြင့် မသွားရောက်ခဲ့ကြောင်း ဘန်ကောက်မြို့ မှ လိုက်ပါ ဆောင်ရွက်ပေးသူ ဦးကျော်က ဆက်လက် ပြောသည်။

သေဆုံးသူ၏ မြန်မာနိုင်ငံမှ မိသားစုအချို့  လိုက်လာပြီနောက်ဆုံး ဂါရ၀ပြုခဲ့ရသော်လည်း တစ်ဦးတည်းသောသား စက်မှုတက္ကသိုလ် ကျောင်းသားမှာမူ ဗီဇာအခက်အခဲကြောင့် မလိုက် လာနိုင်ခဲ့ကြောင်း သိရသည်။

မြဘုရားတွင် အသက်ကြီးသူများ ကျမ္မာရေးမကောင်းသူများ တစ်ခါတစ်ရံ မူးမေ့လဲတတ်သော ဖြစ်စဉ်များ မကြာခဏ ကြုံတွေ့ဖူးကြသော်လည်း ယခုကဲ့သို့ ဘုရားဖူးရင်း အသက်သေဆုံးမှုကို မတွေ့ဖူးကြကြောင်း ဂေါပကများကပြောသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။


No comments:

Post a Comment