4.29.2009

မေးဒေးအကြိုကာလ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုများပြား

Photobucket

ဧပြီ၂၉

ထိုင်းနိုင်ငံ စမုစာခွန်ခရိုင် မဟာချိုင်နယ်မြေအတွင်းရှိ ထိုင်းယူနစ်ပုဇွန်လုပ်ငန်းခွင်တွင်ယနေ့ နံနက်ပိုင်းက အလုပ်သမားများ အလုပ်သွားလျှောက်စဉ် အများအပြား ဖမ်းဆီးခံရသည်။

ပြီးခဲ့သော ရက်ပိုင်းက ထိုင်းယူနစ်ပုဇွန်လုပ်ငန်းမှ အလုပ်သမားအလိုရှိကြောင်း ကြေညာထားသဖြင့် မြန်မာ အလုပ်သမား ၅၀၀ခန့် အလုပ်စမတ်ရန် သွားရောက်စဉ် ယနေ့ နံနက် ၈နာရီခန့်က မြန်မာအလုပ်သမားများ ၁၂၀ထက် မနည်းကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ကိုယ်တိုင် အလုပ်သွားစမတ်ခဲ့သူ ကိုစောမောင်က“လူတွေအများကြီးပဲ။ သူတို့အလုပ်ရုံက အလုပ်သမားခေါ် တော့ သွားကြတယ်။ လူယူတာက တစ်ရာကျော်လောက် ယူတယ်။ ကျန်တဲ့လူတွေကို ပြန်သွားဖို့ သူဌေးကပြော တယ်၊ လူတွေက အလုပ်ရလိုရငြား စောင့်နေကြတယ်၊ လူတွေအလုပ်ရုံရှေ့ မှာ အများကြီးဆိုတော့ သူဌေးက ပုလိပ်ကိုခေါ်လိုက်တယ်၊ အလုပ်ရုံထွက်ပေါက်ဖက်က ပုလိပ်တွေထွက်လာပြီး ညှပ်ဖမ်းလိုက်တော့ ပြေးမလွတ် ဖြစ်သွားတာပေါ့။ မိန်းကလေးငယ်တွေ အများကြီးပဲ''ဟု ပြောသည်။

မဟာချိုင်တွင် အခြေစိုက်သော HRTS (ခေါ်) ရွေ့ပြောင်းအလုပ်သမား အခွင့်အရေးအဖွဲ့မှ ကိုကျော်ကျော်က “ဟိုင်းလတ်ကားကြီးနဲ့ ၆စီးဖမ်းတင်သွားတယ်။ အားလုံး၁၂၀လောက်ရှိနိုင်ပါတယ်။ ဘတ်ရှိတဲ့လူတွေ ရောမရှိတဲ့လူတွေရော ဖမ်းပါတယ်။ လူလိုလို့ဆြိုပီး။ ဘတ်မရှိတဲ့လူတွေရော ဘတ်ရှိတဲ့လူတွေရော ခေါ်မယ်လို့ သူတို့ပြီးခဲ့တဲ့ သုံးလေးရက်က ကြေညာထားပါတယ်။ ဒီအလုပ်ရုံဟာ ဒီလိုပဲ လူခေါ်တယ် လူခေါ်တယ်ဆိုပြီး ပုလိပ်ဖမ်းခိုင်းတာ သုံးလေးကြိမ်လောက်ရှိပြီ။ လူတွေကတော့ အလုပ်ရချင်လို့ လာကြတာ ပေါ့နော်၊ ငွေပေး နိုင်တဲ့ လူတချို့  လွတ်လာပေမယ့် ငွေမရှိသူတွေကတော့ ပုလိပ်ရုံးကြီးကို ရောက်သွားကြပြီ မဟာချိုင်မှာ အခြေ စိုက်တဲ့ အန်ဂျီအို တစ်ခုကိုတော့ ကျနော်အကြောင်းကြားလိုက်ပါတယ်။ သူတို့လည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးလေ''ဟု ပြောသည်။

အဆိုပါ ငါးပုဇွန်ရုံမှ မြန်မာစကားပြန် ကိုဟေမန်(ခေါ်)ကိုမာန်တက်အား ဆက်သွယ် မေးမြန်းခဲ့ရာ စကားပြောရန် မအားလပ်ကြောင်း ပြောဆိုဖုန်းချသွားခဲ့သည်။ နောက်ဖုန်းတစ်လုံးဖြင့် ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်း ကို ပိတ်သွားခဲ့သည်။

ယနေ့နက်နက်ပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တွင်လည်း မဲဆောက်မြို့နယ်အနှံ့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးနှင့် ထိုင်းပုလိပ်တို့ အပါအ၀င် စစ်ကားများ ပူးပေါင်း၍ မြင်မြင်သမျှ မြန်မာအလုပ်သမားများကို လိုက်လံ ဖမ်းဆီးနေကြောင်း သိရှိရသည်။

မဲဆောက်အခြေစိုက် မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှု ကော်မီတီဥက္ကဌ ကိုမိုးကြိုးက“လမ်းမှာတွေ့တဲ့ မြန်မာတွေရော အလုပ်သမားတန်းလျားမှာကော လမ်းမှာ စက်ဘီးနဲ့သွားနေသူတွေကိုရော ဖမ်းလိုက်တာ တမနက်ထဲမှာ မြန်မာ၃၀၀ကျော်သွားပြီ ဘယ်လောက်ထိ ဖမ်းအုံးမလဲတော့ မသိဘူး။ အကြောင်း ပြချက်ကတော့ အလုပ်သမား ဘတ်မရှိတာရယ် မဲဆောက်မှာ နေထိုင်ခွင့် မရှိတာတွေကြောင့်လို့တော့ပြော တာပေါ့ဗျာ။ ကျနော်ထင်တာကတော့ ထိုင်းမှာ မြန်မာ သုံးလေးသန်းလောက် ရှိနေတာအရှိန် တန့်သွားအောင် ရယ်၊ နောက်အဓိကအချက်က ထိုင်းမြန်မာ နှစ်နိုင်ငံ ဗီင်္ဇာစာအုပ်လုပ်တဲ့ အစီအစဉ်မှာ မြန်မာတွေ စာရင်း ပေးသွင်းတာက နည်းတယ်လေ၊ ဒီစာအုပ်မလုပ်မနေရ လုပ်စေချင်တဲ့ သဘောနဲ့ ဖိအားပေးတဲ့ အနေနဲ့ မြန်မာတွေကို လိုက်ဖမ်းတယ်လို့ ယူဆတယ်ဗျာ''ဟု ပြောသည်။

အလားတူ ဖမ်းဆီးမှုမျိုး ထိုင်းနိုင်ငံ ခြုံဘူလီအရပ်မှာလည်း ပြီးခဲ့သော ဧပြီလ၂၇ ရက်နေ့ကစာရွက်စာတမ်း မပြည့်စုံသော မြန်မာအလုပ်သမား ၅ရ ဦး၊ ကမ္ဘောဒီယား၂၁ ဦး၊ လာအို၂၁ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ဦးတို့အား ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းစာတွင် ဖေါ်ပြထားသည်။

ဘန်ကောက်မြို့ တွင် ထိုင်းမြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ဗီဇာ (ပတ်စပို့)လုပ်ငန်းတွင် မြန်မာအချို့ သွား ရောက်လုပ်ကိုင်ထားပြီး ဖြစ်သော်လည်း အများစုမှာ အချက်အလက်များကို ရှင်းလင်းစွာ မသိရှိရသဖြင့် အမျိုး မျိုးသော စိုးရိမ်မှုများဖြင့် သွားရောက် မလုပ်လိုကြကြောင်း သိရှိရသည်။

No comments:

Post a Comment