4.03.2009

အမှန်တရား၊ သတင်းစာပညာနှင့် ဒီမိုကရေစီ

E-mail Print
မကြာသေးခင် ကာလက ပြည်ပအခြေစိုက် မြန်မာသတင်းစာ ဆရာများ၊ စာရေးဆရာများ၊ ဘလော့ဂါများနှင့် တခြားသော မီဒီယာသမားများ စုဝေးကျင်းပသည့် နှီးနှောဖလှယ်ပွဲ တခုတွင် ကျနော့်ကို စကားပြောရန် ဖိတ်ကြားခံခဲ့ရသည်။

ထိုသို့ ဖိတ်ကြားခံခဲ့ရစဉ် ကျနော့်အတွေးများက လွန်ခဲ့သည့် အနှစ် ၂၀ ကာလကို ပြန်လည် ရောက်ရှိသွားခဲ့ ပါသည်။

မျက်စိထဲတွင် ရန်ကုန်မြို့၏ အတိတ် မြင်ကွင်းများမှာ ဓာတ်ပုံ ဆလိုက်ရှိုးတခုပမာ အစီအရီပေါ်လာခဲ့၏။ အာဏာရှင် ဦးနေ၀င်း၏ ဆိုရှယ်လစ်အစိုးရ အုပ်စိုးစဉ်က အတိတ်ပုံရိပ်များပင် ဖြစ်ပါသည်။

ထိုစဉ်က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝန်းအနီး စက်မှုတက္ကသိုလ်ကျောင်းသားတစုနှင့် ရပ်ကွက် လူငယ်တချို့ ခိုက်ရန် ဖြစ်ရာမှ အဓိကရုဏ်းနှိမ်နှင်းရေးရဲများ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျောင်းသား ကိုဘုန်းမော် ၁၉၈၈ ခုနှစ် မတ်လ ၁၃ နေ့ တွင် သေဆုံးမှု ဖြစ်ပွားခဲ့သည်ကို အမှတ်ရနေမိပါသည်။

ကိုဘုန်းမော်သေဆုံးရခြင်းသည် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အစိုးရက ကြေညာ ခဲ့သော်လည်း အဖြစ်မှန်ကိုသိထားသော ပြည်သူများနှင့်ကျောင်းသားများက ခံပြင်းခဲ့ ကြသည်။ ထိုသတင်းသည် တဆင့် စကား တဆင့်နားဖြင့် တမုဟုတ်ချင်း ရန်ကုန်တမြို့လုံးသို့ ပြန့်နှံ့ သွားတော့သည်။

နောက်ထပ် ရက်အနည်းငယ်အကြာတွင် ကျောင်းသားများ လမ်းမပေါ်ထွက်၍ ဆန္ဒပြကြတော့သည်။ ထိုဆန္ဒပြမှု၏ တခု တည်းသော တောင်းဆိုချက်မှာ ကိုဘုန်းမော်သေဆုံးရခြင်း၏ အဖြစ်မှန်ကို ဖော်ထုတ်ပေးရန် ဖြစ်ပါသည်။ အစိုးရက မမှန် သတင်းကို ဆက်လက် ဖြန့်သည်။ ကျောင်းသားများကလည်း အမှန်တရားကို ဆက်လက် တောင်းဆိုနေကြသည်။

အထက်တန်း ကျောင်းသားတဦးဖြစ်သော ကျနော်သည်လည်း အစိုးရ၏ လက်နက်ကိုင်တပ်များကို ထိပ်တိုက် ရင်ဆိုင် တွေ့ခဲ့သည့် ထို ဆန္ဒပြကျောင်းသားများထဲတွင် ပါဝင်ခဲ့ပါသည်။

ထိုအချိန်က ကျနော်တို့အားလုံး ဤမျှလောက် အန္တရာယ်ကြီးမားသော လုပ်ရပ်ကို လုပ်ဆောင်ခဲ့ကြခြင်းမှာ အမှန်တရား တခုတည်း အတွက် ဖြစ်ပါသည်။

ကျောင်းသားများ၏ အမှန်တရားအတွက် တောင်းဆိုချက်များသည် ရက်သတ္တပတ်များစွာ ကြာခဲ့ပြီးနောက် နိုင်ငံရေး ဘက်သို့ ဦးတည်လာခဲ့သည်။ ထိုတောင်းဆိုမှုကတော့ ဒီမိုကရေစီရေးပဲ ဖြစ်သည်။

ကျောင်းသား တဦး သေဆုံးရမှုအတွက် အမှန်တရားဖော်ထုတ်ပေးရန် ဆန္ဒပြကြရာမှ တနိုင်ငံလုံးပါဝင်သည့် ရှစ်လေးလုံး အရေးတော်ပုံ လူထုအုံကြွမှုကြီး ဖြစ်လာကာ နောက်ဆုံးတွင် တပါတီ အာဏာရှင် ဦးနေ၀င်း အစိုးရကို ပြိုလဲစေခဲ့သည်။

နှစ်များစွာကြာပြီးနောက် ကျနော်သည် ထိုအချိန်က ဆန္ဒပြပွဲအတွင်း သေနတ်ပြောင်းဝရှေ့တွင် အဘယ့်ကြောင့် သွားရပ် ချင်စိတ် ဖြစ်ပေါ်ခဲ့ရသနည်း ဆိုသည့် မေးခွန်းကို ကျနော့်ကိုယ်ကျနော် ပြန်မေးကြည့်မိရာ အဖြေက အမှန်တရားအတွက် ဟု ရရှိသည်။

ယခုအချိန်တွင် ဆယ်စုနှစ် တခုနီးပါး စာနယ်ဇင်းသမားတဦးဖြစ်နေသော ကျနော်သည် အမှန်တရားဆိုသည်မှာ သတင်း သမားများ အထူးစောင့်ထိန်းရမည့် တာဝန်ဝတ္တရား တရပ်ဆိုသည်ကို ထိုစဉ်က မသိရှိခဲ့ပါ။

ပြန်လည် ဆန်းစစ်ကြည့်သည့်အခါ လူအများစု အသက်ဆုံးရှုံးခဲ့ရသည့် အမှန်တရားအတွက် ကျနော်တို့၏ ဆန္ဒပြမှုကြီး သည် နဂို ရှိပြီးသား ဒီမိုကရေစီအခွင့်အရေးများပင် ဆုံးရှုံးခဲ့ရသည်။ သို့သော် ဤလှုပ်ရှားမှုကြီးက ဆယ်ကျော်သက်အရွယ် ကျောင်းသားတဦးဖြစ်သော ကျနော့်အား မြန်မာပြည်လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် ခိုင်မာသည့် စိတ်ဓာတ်ကို ဖြစ်ပေါ်စေခဲ့ပါသည်။ စစ်အစိုးရကို ဆန့်ကျင်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ကျနော် ဆက်လုပ်သည်။

စစ်အစိုးရက ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အပြစ်မဲ့ပြည်သူများနှင့် ကျောင်းသား ၃ ထောင်ကျော်ကို ပစ်ခတ်၊ ဖမ်းဆီး ခဲ့သည်။

စစ်အစိုးရကို ဆန့်ကျင်သည့်နိုင်ငံရေးလှုပ်ရှားမှုများ ဖော်ဆောင်ရန် ကျောင်းသားသမဂ္ဂတခုကို လျှို့ဝှက် ဖွဲ့စည်းခဲ့ရာတွင် တခြားကျောင်းသားများနှင့်အတူ ကျနော်လည်းပါဝင်ခဲ့သည်။ ကျနော်၏ လုပ်ဖော်ကိုင်ဖက် ကျောင်းသားများ တယောက်ပြီး တယောက် အဖမ်းခံခဲ့ကြရသည်။

သို့ရာတွင် ကျနော်ကတော့ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလအထိ ကံကောင်းစွာ လွတ်မြောက်နေခဲ့သည်။ ထိုလတွင် အထိန်း သိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်ခဲ့သည်။

ရာပေါင်းများစွာသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများစုဝေးပြီး နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွဲပြောင်းရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။

ထိုလှုပ်ရှားမှုတွင် ဆန္ဒပြကျောင်းသား ၆၀၀ ခန့် အဖမ်းခံခဲ့ကြရသည်။ ကျနော်ကိုယ်တိုင်လည်း စစ်ထောက်လှမ်းရေး အမှတ် (၆) နှင့် (၇)တို့တွင် စစ်ဆေးမေးမြန်း၍ ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံခဲ့ရပါသည်။ ကျနော့်ကို စစ်ဆေးမေးမြန်းခဲ့သည် မှာ ၁၀ ရက်တိတိ ကြာခဲ့သော်လည်း ဆယ်နှစ်တာကြာသည်ဟု ထင်ခဲ့ ရသည်။

ထိုနောက် ကျနော့်ကို အင်းစိန်ထောင်ကိုပို့ကာ `အိုးဝေ´ သမဂ္ဂစာစောင် ထုတ်ဝေမှု အပါအ၀င် တခြားသော နိုင်ငံရေး လှုပ်ရှားမှုများအတွက် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခြင်း ခံခဲ့ရပါသည်။

ထောင်ထဲတွင် နေထိုင်ခဲ့ရသော ရှည်လျားလှသည့် ကာလအတွင်း စဉ်းစားသုံးသပ်ချိန် များစွာရခဲ့သည်။ ၁၉၈၈ ခုနှစ် ကတည်းက စခဲ့သည့် ကျနော့် လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်ဘာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခွန်း ပြန်ထုတ်ခဲ့သည်။

ဘာကြောင့် အဲဒီအလုပ်တွေကို လုပ်ခဲ့တာလဲ၊ နိုင်ငံရေး ရည်မှန်းချက်ကြောင့်လား၊ ဘာကြောင့် အဲဒီလို အန္ကရာယ်များတဲ့ အလုပ်ကို လုပ်ခဲ့ပြီး ဘ၀တခုလုံးပေးဆပ် ခဲ့ရတာလဲ၊ အခြေခံအကြောင်းရင်းက ဘာလဲ .. စသည် .. စသည်ဖြင့် .. ။

ဤတကြိမ်တွင် ရရှိသည့်အဖြေကလည်း အသစ်မဟုတ်ပြန်ပါ။ အမှန်တရားကို ရှာဖွေခြင်းဆိုသည့် အဖြေ ပင်ဖြစ်သည်။ သို့သော် ယခုတကြိမ်တွင်တော့ ကျနော့်အတွက် အဓိပ္ပာယ်ပိုရှိပြီး ပိုမိုနက်နဲ ကျယ်ပြန့်လာပြီ ဖြစ်သည်။ ယခုတကြိမ် ကျနော့်အတွက် `အမှန်တရား´ ဆိုသည်မှာ တရားမျှတခြင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ယုံကြည်ခွင့်၊ တရားဥပဒေရှေ့တွင်တန်းတူညီမျှခံစားခွင့် စသည့် ဒီမိုကရေစီ၏ အခြေခံ အချက်များ ဖြစ်လာသည်။

သို့ပေမယ့် အခြေခံကျကျပြောရလျင် ထိုအချက်များသည်လည်း အမှန်တရားနှင့် ဆက်နွယ်လျက်ပင် ရှိနေပါ သေးသည်။

ထောင်ထဲမှာ ၈ နှစ် နေခဲ့ရပြီးနောက် ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကျနော် ထောင်က လွတ်မြောက်လာ ခဲ့ပါသည်။ တနှစ်ကြာပြီးနောက် မြန်မာနိုင်ငံက ထွက်ခွာလာခဲ့ကာ ဧရာဝတီမဂ္ဂဇင်းတွင် သတင်းထောက်တဦး အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပါသည်။ ကျနော့်အတွက်တော့ သတင်းလောကဆိုသည်မှာ နယ်ပယ်သစ် တခုသာ ဖြစ်သည်။

ထိုအချိန်တွင် သတင်းထောက်တဦး၏ ပထမဦးဆုံးတာဝန်မှာ အမှန်တရားကို ထုတ်ဖော်ရန်ဖြစ်သည် ဟု သိလိုက်ရ သည်။ ဤအချက်သည် လမ်းမပေါ်တွင် ဆန္ဒပြခဲ့သည့် ကျောင်းသားဘ၀နှင့် နိုင်ငံရေး အကျဉ်းသား ဘ၀ ကတည်းက ကျနော် ကိုင်စွဲသည့်တရားပင် ဖြစ်ပါသည်။

ဂျာနယ်လစ် တဦး လိုက်နာသင့်သော တခြားစည်းကမ်းများဖြစ်သည့် ပြည်သူများကို သတင်းမှန် ပေးနိုင်ရေး၊ နိုင်ငံသားများ အပေါ် သစ္စာရှိရေး၊ သတင်းမှန်ကန်မှုအတွက် အကဲဖြတ်နိုင်သည့် အခြေအနေရှိမှု၊ အာဏာရှိသူ .. သို့မဟုတ် နိုင်ငံရေး သမား၊ စီးပွားရေးလုပ်ငန်းရှင် စသူတို့၏ သြဇာမခံရေး၊ လွတ်လပ်သည့် သတင်းသမားဖြစ်ရေး၊ လွတ်လပ်ပြီး တရားမျှတ ဘက်မလိုက်သည့် သတင်းမီဒီယာအနေနှင့် လူ့အဖွဲ့အစည်း တခုလုံး၏ ချွတ်ယွင်းမှုများကို စောင့်ကြည့် ဖော်ထုတ်ပေးရေး စသည်တို့ကို လိုက်လျှောက်နိုင်ရန်လည်း အမှန်တရားက တွန်းအားတရပ်အဖြစ် ထိပ်ဆုံးတွင် ရှိနေသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီး နောက်ပိုင်းတွင် ထိုင်း၊ အိန္ဒိယ အပါအဝင် ပြည်ပနိုင်ငံများတွင် မြန်မာ သတင်း မီဒီယာများ ပေါ်ပေါက်ခဲ့သည်။ မြန်မာ သတင်းသမားများလည်း များပြားစွာ ပေါ်ထွက်ခဲ့ကြသည်။ ယခုအချိန်တွင် မြန်မာ မီဒီယာအဖွဲ့အစည်း ၂၀ ကျော်နှင့် အသံလွှင့်မီဒီယာ ၄ ခု၊ ရုပ်သံလွှင့်မီဒီယာ ၂ ခု ရှိနေပေပြီ။ ထိုအချက်က အားရစရာပင်ဖြစ်၏။

သို့သော် အရေးကြီးသည့် မေးခွန်းက ထိုသူတို့သည် သတင်းစာပညာ၏အခြေခံ ကျင့်ဝတ်များကို အမှန်တကယ် လိုက်နာကျင့်သုံး ကြရဲ့လား၊ အမှန်တကယ် လေ့လာကြရဲ့လား၊ နားကောလည်ကြရဲ့လား ဆိုသည်ပင် ဖြစ်ပါသည်။

ထိုမေးခွန်းများကို မီဒီယာကွန်ဖရင့်သို့ တက်ရောက်နေသည့် သတင်းသမား ၁၀၀ ကျော်ကို မေးခွန်းထုတ် ဖြစ်ခဲ့သည်။

ယခုမေးခွန်းများက တက်ရောက်လာကြသည့် သတင်းသမားများသည် ၎င်းတို့၏ နယ်ပယ်အတွင်း မည်သည့် ပုံသဏ္ဍန်ဖြင့် ရပ်တည်နေကြသည်ကို ပြန်လည်ဆန်းစစ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဇန်န၀ါရီလက အသတ်ခံလိုက်ရသော သီရိလင်္ကာနိုင်ငံသား၊ ဆန်းဒေးလီဒါ(Sunday Leader)သတင်းစာ အယ်ဒီတာ လဆန်သာ ၀က်ခ်ရ မတ်တွန်ဂါ အကြောင်းကိုလည်း ကျနော် ထည့်သွင်း ပြောပြခဲ့သေးသည်။ ၀က်ခ်ရမတ်တွန်ဂါသည် သူအသတ် ခံရနိုင် သည်ကို သိခဲ့သော်လည်း ကြောက်ရွံ့ပြီး ပုန်းအောင်းမနေဘဲ သူအသတ်ခံရပါက ထုတ်ဝေရန် အက်ဆေး တပုဒ်ပင် ရေးထားခဲ့သည်။ သတင်းစာသမားတဦးအဖြစ် သူ၏ ယုံကြည်ချက်၊ တန်ဖိုးများနှင့် ခိုင်မာသည့် စိတ်ဓာတ်တို့ ပေါင်းစပ်ရာမှ ထိုသတ္တိကို ရရှိခဲ့သည်ဟု ကျနော် ယုံကြည်ပါသည်။

ကျနော်တို့ မြန်မာ သတင်းသမားများ ပြောလေ့ရှိသည်က မီဒီယာနှင့် သတင်းလွတ်လပ်ခွင့်၏ အဓိက ရန်သူမှာ စစ်အစိုးရဖြစ်သည်ဟူ၏။ သို့သော် အမှန်က သတင်းစာသမားများကိုယ်တိုင်ပင် ရန်သူ ဖြစ်သွားနိုင်ပေသည်။

ဤသည်မှာ ကျနော်တို့ အလုပ်၏ အထူး အရေးကြီးသော အချက် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ယုံကြည်အားထုတ်မှုမရှိ၊ လေ့လာမှုမရှိ၊ ကျင့်ဝတ်များကို လိုက်နာခြင်း မရှိသည့် သတင်းသမားတဦးမှာ သူ့အလုပ်၏ ရန်သူပင် ဖြစ်သည်။ မိမိ နယ်ပယ် အတွက် မိမိကိုယ်တိုင်ကပဲ အတားအဆီးတရပ် ဖြစ်သွားနိုင် ပါသည်။

အသံလွှင့်ဌာနများ အပါအ၀င် ပြည်ပတွင် အခြေစိုက်နေသည့် မြန်မာသတင်းမီဒီယာဌာနပေါင်း ၂၀ ကျော်မှ သတင်းသမား များမှာ အများအားဖြင့် နိုင်ငံရေးနယ်ပယ်မှ လာကြသူများ ဖြစ်ကြသည်။ နိုင်ငံရေးအဖွဲ့အစည်းမှ ထွက်ကာ သတင်းသမား ဘဝသို့ အသွင်ကူးပြောင်းလာကြသူများဖြစ်သည်။ သို့အတွက်ကြောင့် အတိုက်အခံနိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှား သူများကို ဝေဖန်သည့်အခါ မိမိကိုယ်တိုင် ကျင့်သုံးကြ သော်လည်း စစ်အစိုးရကို ဝေဖန် သည့် အခါတွင် ဘယ်သောအခါမှ ဒုတိယအကြိမ် ပြန်လည်တည်းဖြတ်ခြင်း၊ ပြန်စဉ်းစားခြင်းများ ပြုလုပ်လေ့ မရှိပါ။

ထိုအချက်က သတင်းသမားများအနေနှင့် အခြေခံအကျဆုံးသော စည်းကမ်းချက်ကို လိုက်နာခြင်းမရှိကြောင်း ပြသ နေသလိုပင်။ အခြေခံစည်းမျဉ်းကို ချိုးဖောက်ပြီးသား ဖြစ်နေသည်။

အမှန်ဆိုရလျှင် ကျနော်တို့ သတင်းသမားများတွင်လည်း နိုင်ငံရေးသမားများကဲ့သို့ပင် တူညီသော ရည်မှန်းချက်ရှိ ကြပါ သည်။ ယင်းမှာ ဒီမိုကရေစီပင်ဖြစ်ပါသည်။ ထိုထက်ပို၍ပြောရလျင် ကျနော်တို့၏ ယုံကြည်ချက်မှာ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေးနှင့် လွတ်လပ်ပွင့်လင်းမှုရှိသော မြန်မာ့လူ့ဘောင်သစ် တခုကို ဖန်တီးတည်ဆောက်ရန်ဖြစ်ပါသည်။

ထိုယုံကြည်ချက်အတွက် ပေးဆပ်ရမှုကလည်း နိုင်ငံရေးသမားများထက် လျော့ကျခြင်း မရှိပါ။ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူများသည် စစ်အစိုးရကိုဆန့်ကျင် ဆန္ဒပြခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ထဲဝင်ကြရ သကဲ့သို့ သတင်းစာ သမားများသည်လည်း ပြည်သူများခံစားနေရသောဒုက္ခများကို မီးမောင်းထိုးပြပေးခြင်း၊ သတင်းမှန်များ ရေးသားခြင်းတို့ကြောင့် နိုင်ငံရေးသမားများနည်းတူ ထောင်နန်းစံကြရပါသည်။

ထို့ကြောင့် သတင်းစာ ဆရာများသည်လည်း မြန်မာနိုင်ငံ၏ အနာဂါတ်ကိုပုံဖော်ရာတွင် ပါဝင်နေသူများ၊ တိုင်းပြည်အတွင်း တွင် အပြောင်းအလဲဖြစ်စေရန် ဖန်တီးသော သူများပင်ဖြစ်သည်ကို သူတို့ ကိုယ်တိုင် နားလည်သင့်သည်။

သို့သော်လည်း ထိုပန်းတိုင်သို့ အမှန်တကယ် ရောက်ရှိစေရေးအတွက် ကျနော်အပါအ၀င် သတင်းစာသမား တိုင်းက မိမိနယ်ပယ် တွင် ပိုမို၍ ကျွမ်းကျင်မှုရှိရန် စဉ်ဆက်မပြတ် လေ့လာသင်ယူ နေရမည်ဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်း၏ ရည်ရွယ်ချက်သည်လည်း တနေ့နေ့တချိန်ချိန်တွင် မြန်မာပြည်တွင်းသို့ပြန်ကာ ကျနော်တို့၏ ယုံကြည် ချက်များကို သယ်ဆောင် အကောင်အထည်ဖော်ရေးပင် ဖြစ်သည်။ ဧရာဝတီနှင့်အတူ ကျွမ်းကျင်မှု များနှင့် ပြည့်စုံနေသော၊ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသော လုပ်ဖော် ကိုင်ဖက်များလည်း အတူတွဲလျှက် ရှိနေမည်ကို မြင်ယောင်မိသည်။

ရှေ့လာမည့်ခရီးလမ်းတွင် အန္တရာယ် ကြီးမားသည့် အခက်အခဲများ၊ အတားအဆီးများ မလွဲမသွေ ရှိနိုင်သော် ငြားလည်း ကျနော်တို့၏ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်မည့် နေ့ကို မြင်တွေ့လိုလှပါသည်။

No comments:

Post a Comment