5.02.2009

'' နာဂစ်ဒေသတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အတွေ့အကြုံများ''

အမည်။ ။ရဲတပ်သား အောင်မျိုးသူ

ကိုယ်ပိုင်အမှတ်။ ။လ/၂၁၁၄၀၅

အသက်။ ။ ၂၃နှစ်

နေရပ်။ ။ဧရာဝတီတိုင်း၊ဇလွန်မြို့ နယ်၊ဟင်္သာတခရိုင်၊ ညောင်ပင်ကျေးရပ်ကွက် သံလွင်ကွင်းကျေးရွာ

လုပ်သက်။ ။၃နှစ်ခွဲ

နာဂစ်ဒေသ။ ။ဖျာပုံ ဒေးဒရဲအပိုင်တွင် ၂လ တိုင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့။

ကျနော် ၂၀၀၅ခုနှစ်မှာဆယ်တန်းအောင်မြင်ပြီး။ပဲခူးတိုင်းပြည်မြို့ နယ်၊၀က်ထီးကန်ရဲလေ့ကျင့်ရေး အမှတ် (၂) သင်တန်း ကျောင်းမှာ သင်တန်းငါးလကျော် ခြောက်လတက်ခဲ့ပြီးတော့ ဇလွန်မြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရဲ(၁)လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ စာရင်းတွေကို လုပ်ရပါတယ်။ ပြီးတော့ ဆက်သွယ်ရေးတာဝန်ကို ယူရပါတယ်။ ၀န်ထမ်းလစာ တစ်လကို ကျပ်ငွေ တစ်သောင်းခွဲပဲ ရပါတယ်။ စားမလောက်တာတွေရယ်၊ ပြီးတော့ သင်တန်း မှာ သင်ရတာနဲ့ အပြင်မှာ လုပ်ရတာနဲ့က တခြားစီးဖြစ်နေတာတွေကြောင့် ကျနော်လုံးဝ အလုပ်လို့ မပျော်တော့တာကြောင့် ၂၀၀၈ ခု စက်တင်ဘာမှာ ထိုင်းနိုင်ငံဘက်ကို ထွက်လာခဲ့ပါတယ်။ ခုကျနော် ပန်းရံအလုပ် ၀င်လုပ် နေပါတယ်။

၂၀၀၈ မေလဆန်းမှာ နာဂစ်မုန်းတိုင်း တိုက်တော့ ကျနော်တို့ကို လုံခြုံရေးအတွက်ဆိုပြီး မေလ(၁၂)ရက်နေ့မှာ ဒေးဒရဲမြို့ ကို စပြီးရောက်ခဲ့ပါတယ်။ ရယကရုံးကို ကျနော်တို့ အဖွဲ့အရာရှိ တွေအပါ အ၀င်ပေါ့ အားလုံးပေါ့ (၂၂)ယောက်။ ၁၅ ပေလောက်ရှိတဲ့ အခန်းတစ်ခန်းမှာတည်းရပါတယ်။ တံတားရဲ့  ခြေရင်းက တိုက်ခန်း ကလေးပါ။ စားသောက်စရာတွေတော့ တိုင်းက ပေးလိုက်ပါတယ်။ တပ်ဖွဲ့ဆိုတော့ ချက်တာပြုတ်တာ၊ စားသောက်တာတွေဟာ ဘုန်းဘောလအောပဲ၊ စည်းမရှိကမ်းမရှိနဲ့၊ ပြုတ်ပြီးအခွံခွါထားတဲ့ ဘဲဥမှာ အပြင်က အဖြူရောင်တွေက ယင်ကောင်တွေ စားလို့ကုန်တဲ့ အထိကို ထားချင်သလိုထားတာပါ။ ကျနော်ဆိုရင် သွေးဝမ်းတွေ သွားလို့ ဆေးရုံတက်ခဲ့ရပါတယ်။ ဆရာဝန်ကြီးက ကျနော်တို့ အရာရှိကိုခေါ်ပြီး၊ သန့်သန့် ရှင်းရှင်း နေထိုင်၊ စားသောက်ဖို့ သတိပေးခဲ့ရပါတယ်။

မုန်တိုင်းတိုက်နယ်မြေကို ကျနော်တို့ ရောက်သွားတဲ့အခါ လူသေအလောင်းတချို့နဲ့ဝက်သေကောင်၊ နွားအသေ ကောင်၊ ကျွဲသေကောင် အပုပ်တွေ ရှိသေးတယ်။ လေကောင်းလေသန့်ကို မရှုရဘူး အပုပ်နံ့တွေ တချက်တချက် လာတာ လူကို အော့ချင်လောက်အောင်ပါပဲ။

ကျနော်တို့က ပျက်နေတဲ့အိမ်တေ၊ွ တဲတွေကို စစ်သားတွေနဲ့ရောပြီး ပြန်ကူဆောက်ပေးရပါတယ်။ အချို့ ဘာမှ မသိတဲ့ ၁၃နှစ်၁၄နှစ် ကလေးစစ်သားတွေတောင် ပါပါတယ်။ မလေးရှားတို့၊ တရုတ်တို့၊ နိုင်ငံခြားက လာအကူအညီ ပေးတဲ့ ရွက်ဖျင်တဲတွေကို ကျနော်တို့ ဆောက်ပေးရပါတယ်။ ဒေးဒရဲ တံတားအနားမှာ အလုံး (၂၀)လောက် ကျနော်တို့ ဆောက်ရပါတယ်။ ဒေးဒရဲ အားကစားရုံကြီး ပြိုသွားတာကို ကျနော်တို့ ကိုယ်တိုင် ရှင်းလင်းပြီးတော့ အဲဒီမှာလည်း တဲတွေဆောက်ရပါတယ်။

ကျနော်ဟာ မုန်တိုင်းဒေသကို သွားရမယ်ဆိုတော့ ဒုက္ခေ၇ာက်တဲ့လူတွေကို ကူညီရတော့မယ် ဆိုပြီး တော်တော်လေး ပျော်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့က သူတို့ခိုင်းတာကိုပဲ လုပ်ခွင့်ရပါတယ်။ကျနော်တို့က လမ်းကြောင်းစောင့်ရပါတယ်။ ဒေးဒရဲ ဖျာပုံလမ်းပေါ့ဗျာ၊ ပြည်ထဲရေးဝန်ကြီးလမ်းကြောင်းတို့၊ ၀န်ကြီးချုပ်လမ်းကြောင်းတို့၊ နိုင်ငံခြားဧည့်သည် လမ်းကြောင်းတို့ ရှိရင်လမ်းကြောင်း ရှင်းပေးရပါတယ်၊

လေဘေးသင့် ဒုက္ခသယ်တွေက တိုင်းနဲ့ပြည်နယ် အသီးသီးက၊ မြို့ အသီးသီးက လာလှူကြတာတွေကို လမ်းပေါ် တက်ပြီး ယူကြတယ်ပေါ့ဗျာ။ သားသမီးများရင် များသလို အလုအယက်ယူကြပါတယ်။ ဒါကို ကျနော်တို့ ကိုယ်ချင်းစာပါတယ်။ အဲဒီလိုယူနေကြတော့ ၀န်ကြီးလမ်းကြောင်း ပိတ်သွားပါတယ်၊ ကျနော်တို့ကို အထက်က အမိန့်ပေးတယ်ခင်ဗျ။ လူတွေကိုရိုက်နှက်၊ ဆဲဆို ကန်ကျောက်ပြီး ရှင်းခိုင်းတယ်ခင်ဗျ၊ ဖယ်ပေး၊ ဖယ်မပေးရင် ပစ်မယ် ခတ်မယ်ပေါ့ဗျာ အော်ငေါက်ရတယ်။ ပြည်သူတွေက လမ်းပေါ်က ဆင်းသွားရတာပေါ့ဗျာ။ သူတို့ခိုင်းတဲ့အတိုင်း ကျနော်တို့လုပ်ခဲ့ရပါတယ်။

ကျနော်တို့ကို အမိန့်ပေးအုပ်ချုပ်တာက ပြည်မြို့ အင်းမက တပ်မ(၆၆)စစ်တပ်က ဗျူဟာမှူးနဲ့ တပ်မမှူးတွေပါ။ သူတို့တွေလာရင်လည်း ကျနော်တို့က လုံခြုံရေးယူရတယ်ခင်ဗျ။ညဖက်ကျတော့ အစည်းအဝေး ခေါ်တယ်ခင်ဗျ။ ဧရာဝတီတိုင်းရုံးက ညွှန်ကြားချက်လို့ ပြောပါတယ်။“သူတောင်းစားနှိမ်နင်းရေးစီမံချက်''ဆိုပြီး အမိန့် ထုတ်လာပါတယ်။ အဲဒီလို“သူတောင်းစားနှိမ်နင်းရေးစီမံချက်''ထွက်လာတယ် ဆိုပြီး သေနတ်တွေ ကျည်တွေ ပေးပါတယ်။ ကျနော်တို့ကို ဘာပြောလဲဆိုတော့ နိုင်ငံခြားသားတွေ လာလို့ရှိရင် ဒီလိုတောင်းရမ်း စားသောက်နေတာ မတွေ့စေချင်ဘူးလို့ ပြောပါတယ်။ သိက္ခာကျတယ်လို့ ပြောပါတယ်။

ကျနော့်အမြင်ကတော့ မရှိလို့ တောင်းစားတာ ရှက်စရာမဟုတ်ပါဘူး၊ ခိုးစားတာမှ မဟုတ်တာ၊ သူတို့တွေလို မဟုတ်တာလုပ်နေတာ လိမ်နေတာကမှ ရှက်စရာလို့မြင်ပါတယ်။“သူတောင်းစားနှိမ်နင်းရေးစီမံချက်'' မှာ ဘာလုပ်ရလဲဆိုတော့ ညဘက်မှာ ဖျာပုံမြို့ ပေါ်ကချောဆွဲထားတဲ့ ဟိုင်းလတ်ကားတွေနဲ့ ကျနော်တို့သွားရတယ်၊ စခန်းမှူး ကိုယ်တိုင်ပါတယ်ခင်ဗျ၊ စစ်တပ်က အမုန်းမခံတော့ဘူး၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကတည်းက အမုန်းမခံတော့ဘူးခင်ဗျ။ ကျနော်တို့ကို အမုန်းခံခိုင်းတယ်လေ။ စစ်တပ်က လူအမုန်း မခံတော့ဘူးဆိုတာ လုံးဝသေချာသွားပြီလေ။

လူတွေဟာ လယ်ကွက်တွေမှာ ရေတွေပုပ်နေလို့ မနေနိုင်ဘူး။ ကန်သင်းရိုး တာရိုးတွေပေါ်က အကွက် ကလေးတွေမှာ ဖျင်စုတ်အစအနတွေ၊ အုန်းလက်တွေနဲ့ တဲလေးတွေ ဆောက်နေကြတယ်။ အချို့တဲတွေမှာ တစ်ယောက်၊ နှစ်ယောက်၊ အချို့ တဲတွေမှာ အသက်ကြီးနေတဲ့ လူတွေ၊ ဗိုက်ကြီးသယ်တွေ၊ အချို့ဆိုရင် ကလေး ငယ်လေးတွေနဲ့ပါ။ အဲဒါတွေက ဖျာပုံနဲ့ ဒေးဒရဲလမ်းမကြီး ပေါ်မှာပါ။

ည၇နာရီ ဂနာရီလောက်မှာပါ။ ကျနော်တို့လည်း အိပ်ချင်တဲ့အချိန်၊ သူတို့တွေလည်း ပင်ပန်းလို့ အိပ်ချင်တဲ့အချိန်ပေါ့ဗျာ။ တဲတွင်းမှာ အိပ်နေတဲ့လူတွေ အပြင်ထွက်။ ညတွင်းချင်း ဖျက်ခိုင်းရတယ်။ မဖျက်ရင် ဓါးတွေနဲ့ ခုတ်ထစ်၊ ခြေထောက်တွေနဲ့ ကန်ဖြို သူတို့တွေငိုကြတယ်၊ မပြောင်းမနေရ ကျနော်တို့တွေ မောင်းထုတ်လိုက် တော့ ညတွင်းချင်း အဲဒီလူတွေဟာ သချိုင်းကုန်းတွေ၊ လယ်တွေကြားက ကုန်းကလေးတွေကို ပြောင်းသွားရ တယ်ဗျာ။

ကျနော် မျက်ရည်ကျမိတယ်ခင်ဗျ။ အဲဒီနေ့က စပြီးကျနော်လုပ်နေတဲ့ ပြည်သူ့ရဲဝန်ထမ်း ဘ၀ကို လုံးဝမုန်းသွားတယ်၊ လုံးဝ စိတ်ဓါတ်ကို အလုံးအရင်းနဲ့ ကျသွားတယ်။ အဲဒီကတည်းက လုံးဝကို ကျနော် မလုပ်ချင်တော့ တာပါ။သူတို့လုပ်တာက နိုင်ငံ့ဝန်ထမ်းကိုသာ ရှင်းပြပြီး ပြည်သူတွေ မသိအောင်လုပ်တာ။ လုံးဝ တရားမျှတမှု မရှိဘူး၊ ကျနော်တို့ကို ရှင်းပြတယ်၊ ဒီလိုတောင်းစား နေရတာတွေက နိုငံခြားသားတွေမြင်ရင် လုံးဝ မသင့်တော်ဘူး။ ဒါကြောင့်လို့ပြောတယ်။ ဒါပေမယ့် ပြည်သူဘက်က ကြည့်မယ် ဆိုရင်ဒါလုံးဝ တရားနည်းလမ်း မကျဘူးလို့ ကျနော်ထင်တယ်။

“သူတောင်းစားနှိမ်နင်းရေးစီမံချက်''ဘာညာ ''သူတောင်းစာ''ဆိုပြီး ကိုယ့်လူမျိုးတွေ အပေါ်မှာ မသုံး သင့်ပါဘူး၊ နိုင်ငံခြားသားတွေ အပေါ်မှာ ဒါတွေမရှိဘူး ဆိုပြီး အထင်ကြီးစေချင်တယ်ပေါ့။ ဒုက္ခရောက် နေတာတောင်မှ ဒါတွေမလုပ်ဘူးပေါ့။ အဲဒီလို သဘောပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းထောက်တွေ လာမယ်၊ ဂျာနယ်သမားတွေ လာမယ်၊ ဓါတ်ပုံတွေ ရိုက်မယ်၊ဒါတွေကို သူတို့မလိုလားဘူးလေ။သူတို့(အစိုးရ) ကိုယ်တိုင်လည်း ထောက်ပံ့နိုင်တာ မဟုတ်ပဲနဲ့ နိုင်ငံခြား အကူအညီတွေပေးတာကိုလည်း လက်မခံရဘူး ဆိုတာတော့ ရက်စက်ရာကျလွန်းပါတယ်။

ကျနော်လမ်းမှာ တာဝန်ကျရင် လူတွေကို တောင်းပန်ပါတယ်၊ လူကြီးတွေလာရင် ခဏလောက်လမ်းပေါ်က ဆင်းပေးပါ၊ ပြီးရင်ပြန်တက်ကြပေါ့နှော်၊ ကျနော့်ကို သူတို့နားလည်ကြပါတယ်၊ ခင်လည်းခင်ကြပါတယ်။ကျနော် အဲဒီဒုက္ခသယ်တွေကို မေးကြည့်ပါတယ်၊ နိုင်ငံခြားက အကူအညီ ပစ္စည်းတွေကို ဘာမှမရဖူးဘူး။ အစိုးရ ပေးတာလည်း ဘာမှမရဖူးဘူး။ ဟိုက ဒီကပြည်သူတွေ အချင်းချင်း လာလှူတာတွေကိုပဲ စားသောက်ရတယ်လို့ ပြောပါတယ်

ကျနော့်အမြင်ကတော့ ရောက်တာတော့ရှိတယ်။ ရွက်ဖျင်ဆယ်ပေလောက် ပေးရမယ့်နေရာမှာ ငါးပေ လောက်သာ ပေးပါတယ်။ နိုင်ငံခြားက လှူတဲ့ပစ္စည်းတွေ ဟူသမျှ ဂိုဒေါင်ထဲမှာ ထည့်ထားတယ် ခင်ဗျ။ အဲဒါ တွေက လူကြီးတွေလာရင် ဒါတွေရှိတယ် ဆိုပြီးပြဖို့ထားတယ်။ ပြီးတော့ ဒီပစ္စည်းတွေက တစ်ခါတည်း ဝေရမယ့် ဟာတွေလေ၊ လူကြီးလာမှ ဝေတယ်ဆိုတော့ လူတွေက မိုးထဲလေထဲမှာ စောင့်နေရတော့တာပေါ့။

ဒေးဒရဲတံတားမှာ လုံခြုံရေး တွဲဘက် လုံခြုံရေးစောင့်ရတယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ဘာလုပ်ရလဲ ဆိုတော့ နိုင်ငံခြား သတင်းထောက်တွေ လာတယ်။ အမေရိကန်ဘယ်နှစ်ယောက် လာတယ်၊ နော်ဝေးက ဘယ်နှစ်ယောက်၊ သြစတီးလျားက ဘယ်နှစ်ယောက်လာတယ်၊ အကုန်မေးရတယ်။ မှတ်ရတယ်။ ပြီးတော့ ခရိုင်ရုံးကို စါရင်းပို့ရတယ်ခင်ဗျ။ ကုန်ကုန်ပြောမယ်ဗျာ၊ ရုပ်ရှင်မင်းသား ကိုကျော်သူတို့ လာလှူရင်တောင် အက်စ်ဘီတို့ ထောက်လှမ်းရေးတို့၊ စရဖတို့ အကုန် လိုက်ရတယ်ခင်ဗျ၊ သူတို့ဘာလုပ်လဲ။ ဘာပြောလဲ အကုန်လုံးကို ကျနော်တို့က တင်ပြရတယ်ခင်ဗျ။ ကင်မရာဆိုရင် လုံးဝ ရိုက်ပိုင်ခွင့်မပြုဘူး၊ ရိုက်တာမြင်လို့ ရှိရင်၊ အော်ရမယ်၊ ဆဲရမယ် ဆိုပြီး ကျနော်တို့ကို အမိန့်ပေးထားတယ်ခင်ဗျ။

ဒေးဒရဲမြို့ ပေါ်မှာ လေဘေးဒုက္ခသည် စခန်း၂ခု ဖွင့်ထားတယ်ခင်ဗျ။ မြို့ပါ် တံတားခြေရင်းမှာ တဲအလုံး(၂ ၀)ခင်ဗျ၊ ကျုံဒါးမှာ အလုံး(၃၀)ခင်ဗျ၊ တကယ့်တကယ်ဖြစ်နေတဲ့ ရွာတွေအများ ကြီးရှိတယ်။ ဒေးဒရဲမြို့ နယ်ထဲက ရွာပျက်သွားတဲ့ လူတွေ၊ ရေလွှမ်းသွားတဲ့လူတွေ စက်လှေတွေနဲ့ မြို့ ကို တက်လာကြတယ်ခင်ဗျ။ ကျနော် လှေဆိပ်မှာ ကွမ်းယာစားရင်း မေးကြည့်တယ်ခင်ဗျ၊ သူတို့ရွာတွေဘက်ကို ဘယ်က အကူအညီမှ မရောက် ဘူးလို့ ပြောတယ်ခင်ဗျ။

နိုင်ငံခြားသားတွေ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းလာတယ်။ အခါမှာကျုံဒါးရယ်၊ ဒေးဒရဲရယ်၊ အဲဒီနှစ်နေရာပဲ လိုက်ပြတယ်ခင်ဗျ။ ကျန်တဲ့ ဖျာပုံတို့ အခြားနေရာ တို့ကို ကျနော်သိသလောက် ဆိုရင်သွားခွင့်မပြုဘူး ခင်ဗျ။ လုပ်ထားတဲ့နေရာကိုပဲ လိုက်ပြ တယ်။ တကယ်ဖြစ်နေတဲ့ နေရာကျတော့ သူတို့လိုက်မပြဘူး။ ကျနော်တို့ အစိုးရဟာ၊ ပြည်သူတွေ အပါ အ၀င် ဘယ်သူ့ကို ဘယ်လိုလိမ်ရမလဲ ဆိုတာကိုပဲ ကြံစည်စဉ်းစားနေတယ် နဲ့တူတယ်ဗျ။

ကျနော် ဒုတိယအကြိမ် (၇)ပိုင်း တာဝန်ပြန်ကျတဲ့အခါ၊ ဒေးဒရဲမြို့ ကိုပဲ တာဝန်ပြန်ကျတယ် ခင်ဗျ။ ဒေးဒရဲနဲ့ ဖျာပုံဆက်ထားတဲ့ လမ်းဘေးမှာ သာသနာ့ဗိမာန်ရှိတယ် ခင်ဗျ။ အဲဒီထဲမှာ နိုင်ငံခြားက လှူတဲ့ဆန်၊ မြန်မာ နိုင်ငံက လူတွေလှူတဲ့ ဆန်တွေရှိပါတယ်။ ကန်ထရိုက်ယူပြီး မိုးထားတဲ့လူတွေဟာ လူကြီးမြင်သာတဲ့ ဖက်ကို မိုးထားပြီး ဖြစ်သလိုလုပ်ထားတော့ မိုးရွာတာနဲ့ မိုးတွေယိုတော့ ဆန်တွေ အစားအစာတွေ အကုန်ပုပ်ပွ ပျက်စီးကုန်တယ် ခင်ဗျ။

အဲဒါတွေကို လူကြီးလာရင် ပြဖို့အတွက် ကျနော်တို့ကို စောင့်ခိုင်းထားတယ်ခင်ဗျ။နောက်တစ်ခုက ဒေးဒရဲ မယကနဲ့ အလက မျက်နှာချင်းဆိုင်မှာ လမ်းကြားလေးရှိတယ်ပြည်ရွှေဆံတော်၊ ဆယ်ထပ်ကြီးဘုရား ပုံစံမျိုး ဘုရားပရ၀ုဏ်ထဲမှာ ဂိုဒေါင်ကြီးရှိတယ်။အဲဒီအထဲမှာ စားသောက်စရာတွေ အစုံ၊ ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်၊ အာလူး၊ အထည်ဘေထုတ်တွေ၊ ကျနော်တို့ မမြင်ဖူးတဲ့ နိုင်ငံခြား ပစ္စည်းတွေ အစုံလှောင်ထားတယ်။ အများကြီးပဲ ခင်ဗျ။

အ၀တ်အထည် အစားအစာ လိုချင်လို့ လာတောင်းတဲ့ လူတွေလာပြီး အလှူခံလို့ရှိရင် ကျေးရွာက ထောက်ခံစာ ယူလာရတယ်။ အဲဒီ ရယကရုံးမှာ တပ်မ(၆၆)ဗျူဟာမှူး ကိုင်တယ်၊တပ်မမှူးတွေ အပြင် ဗိုလ်တွေလည်းရှိတယ်။ ဆောက်လုပ်ရေး ၀န်ကြီးလားမသိ ရုံးလာထိုင်တယ်။ ဒီလူတွေ အပြောအရ ထောက်ခံစာ တစ်စောင်ရဖို့ တန်းစီစောင့်ရတယ်လို့ ပြောပါတယ်။မယကရုံးထဲမှာလည်း လျှပ်စစ်ပစ္စည်း(ခြင်ရိုက်ဘက်တံ)တို့ မုန့်အခြောက်တို့ ရှိတယ်။

ဒါ့အပြင်ကို သင်္ကန်းတွေ၊ သပိတ်တွေလည်း ရှိပါတယ်။အလှူပစ္စည်းတွေကို လိုချင်လို့ ဘုန်းကြီးတွေ၊ သီလရှင် ဆရာလေးတွေ လာရင်လည်း၊ သာသနာ မှတ်ပုံတင်ပြရမယ်။ လူတွေလာရင်လည်း မှတ်ပုံတင်၊ မိသားစု သန်းခေါင်စါရင်းကို ပြရမယ် ဆိုတော့ မုန်တိုင်းတိုက်တဲ့အထဲ ပါသွားတာ၊ အဲဒီအထောက်အထားတွေ ဘယ်မှာရနိုင်တော့မလဲ။ တကယ့် တကယ်ကျတော့…။တ်ာတော်ကြာဗ ဗိုလ်မှူးစားဖို့၊ တော်ကြာ ဗိုလ်ချုပ်စားဖို့ ဆိုင်ကယ်နဲ့ လာလာယူတာ။ ကျနော်က လုံခြုံရေးစောင့်နေခဲ့တာ မျက်မြင် ကိုယ်တွေ့ပဲ။ ကျနော်တို့ ရှေ့မှာ အကောင်းဆုံးတွေကို စားတယ်၊ သောက်တယ်၊ ဗူးခွံတွေ ရှုပ်ပွ နေတာပဲ၊တပ်ရင်းကို ပြန်မယ့် ကားရှိရင် အရာရှိ မိသားစုတွေ အတွက်ဆိုပြီး နိုင်ငံခြား ပစ္စည်းတွေကို ကားနဲ့လာယူတာ မမြင့်ချင်အဆုံးပဲဗျ။

စားကုန်တွေ အကုန်လုံး ဒေးဒရဲမြို့ ထဲမှာ ပြန်သွင်းကြတယ်၊ နောက်ဆုံး ကုန်ကုန်ပြောမယ် ယိုးဒယားက လာတဲ့ ဆားထုတ်တွေ၊ တရုတ်ကလာတဲ့ ဆားထုတ်တွေ၊ အကုန်လုံး ကျနော်တို့နေတဲ့ မြို့  အထိ ပျံ့ နှံ့နေတော့ သူတို့အကျင့်စရိုက်တွေကို ဈေးကွက်ကို ကြည့်ရင်သိနိုင်ပါ တယ်။ ဂိုဒေါင်ထဲမှာ ကြက်ဥတွေ၊ ဘဲဥတွေ၊ ကြက်သွန်တွေပုပ်၊ အာလူးတွေ အပင်ပေါက်၊ ကျနော်မေးချင်တယ်၊ ဒါတွေကို ပြည်သူတွေကို မဝေပဲ၊ လူကြီးတွေလာရင် ပြဖို့ပဲထားတာလား၊ ဒါပေမယ့် ကျနော်က ၀န်ထမ်းတစ်ယောက်ဆိုတော့ မေးပိုင်ခွင့်မရှိဘူး။ ဒီဘက်ကိုရောက်မှ ပြောရတော့တယ်။

မြို့ ပေါ်ရပ်ကွက်တွေမှာ တောင်မှ လူကြီးသွားမယ့် လမ်းကြောင်းမှာပဲ သွပ်တွေ ဝေတယ်၊ဒါတောင် လမ်းက ကြည့်ရင်သွပ်တစ်ခြမ်းပဲမြင်ပြီး နောက်မှာတော့ တာလာပတ်မိုးထားတယ်။ ဘယ်လောက် သေလဲ ဆိုတော့ ဒေသက လူတွေအပြောကို ထောက်ရင်တောင်ပဲတကယ် သိန်းချီသေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသက စီးပွားဖြစ်ထွန်းတဲ့ ဒေသ လူနေထူထပ်တယ် ဆိုတော့ လူတွေအများကြီး လုပ်ကိုင်စားသောက်လို့ ရတယ်၊ ရွာလုံးကျွတ်ပျောက် သွားတာတွေရှိတယ်၊ ကျနော်တို့ကို ရေဒီယို နားထောင်ခွင့် ပေးပါတယ်။ ဘီဘီင်္စီတို့ ဘာတို့ပေါ့နှော်။ ဒါပေမယ့် မင်းတို့မယုံနဲ့နှော် သူတို့ မဟုတ်တာတွေ ပြောနေတာတဲ့။ မြန်မာ့အသံက ထုတ်လွှင့်တာတွေကို ကျနော်တို့ ရယ်ချင်တာပေါ့ဗျာ၊ ပြနေတာကတမျိုး၊ ဒီမှာဖြစ်နေတာနဲ့ တလွဲစီပဲ။ ကျနော်ဆိုရင် နော်ဝေက လွှင့်တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံကို အမြဲ နားထောင်ပါတယ်၊

နာဂစ်ဒေသမှာ ထူးထူးခြားကို ပြောပါဆိုရင်၊ ဂျူလိုင်လမှာပေါ့ဗျာ၊ ဒေးဒရဲမြို့ ထဲက ခလေးတစ်ယောက်ကို စစ်တပ်ထဲကို သွင်းမယ်ဆိုပြီး ပြည် အင်းမ(၆၆)တပ်ကို ခေါ်သွားပါတယ်၊ခလေးက ၁၃နှစ်၁၄နှစ်ပဲရှိသေးတော့ သူ့အမေက လိုက်သွားတယ်၊ ငိုပြီး တောင်းပန်တယ်ပေါ့၊စစ်တပ်က လူကြီးတွေက စစ်သားဖြစ်သွားပြီ၊ ပြန်မပေးနိုင်ဘူး လို့ပြောတော့၊ အဲဒီအဒေါ်ကတိုင်မယ်တောမယ် လုပ်တော့မှ ပြန်ပေးလိုက်တာခင်ဗျ။ အဲဒါ ကျနော့်ကိုယ်တွေ့ပါ၊ နောက်တစ်ခုက လှေတွေ လှူတယ်၊ အိမ်တွေလှူတယ်၊ တီဗွီတွေမှာ လွှင့်တယ်၊ မှတ်မှတ် ရရ ပြောချင်တယ်။

ကျနော် ဒေးဒရဲလမ်းမှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် လာတယ်ခင်ဗျ။ အဲဒီအချိန်မှာ ခရီးသွားပြည်သူတွေ ကားတွေကို ရပ်ပေးရတယ်ခင်ဗျ။ အဲဒီမှာ ကားပေါ်က ပိုက်လှေသူကြီး တစ်ယောက် ပြောပြပါတယ်။ လှေတစ်စီးကို (သုံးသိန်း)နဲ့ ၀ယ်ရမယ်၊ အိမ်ဆိုလည်း (သုံးသိန်းပေးရမယ် ခြောက်သိန်းပေးရမယ်) ဆိုပြီး စစ်ဗိုလ်တွေ လာပြောတယ်လို့ ဆိုပါတယ်။ ကျနော်က ပြောတယ် လှူတာ မဟုတ်ဘူးလား၊ တီင်္ဗွီထဲမှာ လှူနေတာပဲလေ ဆိုတော့။ အလကားပါကွာ မင်းတို့အစိုးရတွေ၊ မင်းတို့လဲ အတူတူပဲတဲ့။ ကျနော် တော်တော် စိတ်မကောင်းဖြစ်သွားပါတယ်။

နောက်တစ်ခုက ဒေးဒရဲမြို့ နယ်က ရွာတစ်ရွာမှာ၊ ချင်းလူမျိုးဘုန်းကြီးတစ်ပါး၊ ဘက (ဘုန်းတော်ကြီး ကျောင်းပညာရေး)ကပါ၊ စာသင်ပြပေးတဲ့ ကျောင်းတွေရော၊ ဘုန်းကြီးကျောင်းရော။ အကုန်ပျက်စီး နေပါတယ်ခင်ဗျ။ အဲဒါ ကျောင်းပြန်ဆောက်ချင်လို့ မြို့ ကိုတက်လာပြီး တိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူး တွေနဲ့ ပြန်ဆောက်ဖို့အတွက် အကူအညီပေးဖို့ စကားပြောပါတယ်။ သူတို့တွေက ဘာပြန်ပြောလဲ ဆိုတော့ အရှင်ဘုရားရှေ့  စီနီယာတွေ အများကြီးရှိပါတယ်။ အဲလိုပြောတယ်လို့ ကျနော်တို့ကို ပြန်ပြောပြပါတယ်၊အဲဒီဘုန်းကြီး နာမည်ဘွဲ့တော်က ဦးပညာသာမိပါ။ စစ်တပ်က ဘာမှ အကူအညီမရတဲ့အဆုံး ရွာကလူတွေနဲ့ သစ်တွေ ၀ါးတွေခုတ်ပြီး ယာယီကျောင်းလေး ဆောက်ပြီး စာသင်နေရပါတယ်။

ကျနော်ကူညီချင်ပေမယ့် ကျနော်လုပ်ရတဲ့အလုပ်က အော်ရတယ်၊ ငေါက်ရတယ်၊ မောင်းထုတ်ရတယ်။ မလာနဲ့၊ မကပ်နဲ့ ၊ ပြည်သူမုန်းအောင် လုပ်ရတဲ့ လူရမ်းကား အလုပ်ပါခင်ဗျ။

နောက် ကျနော်တစ်ခုကြုံခဲ့တာ ရှိပါသေးတယ်။ နာဂစ်ဒေသ အစုံကိုတော့ ကျနော် မရောက်ခဲ့ဘူးပေါ့နှော်၊ ဖျာပုံ ဒေးဒရဲနဲ့ ဒေးဒရဲနဲ့ ဒလလမ်းကြောင်း တစ်လျှောက်မှာ တာဝန်ကျခဲ့တာပါ။ ဒလဟိုဘက်ကမ်း ဒီဘက်ကမ်း တံတားပါ။ အဲဒီတံတား ခြေရင်းမှာ တာဝန်ကျတော့ အမျိုးသမီးကြီး တစ်ယောက်က သားလေး ထမင်း စားပြီးပြီလား လို့မေးပါတယ်။ လာစားဖို့ခေါ်ပါတယ်။ ကျနော်တို့ ရဲသင်တန်းမှာစားခဲ့ရတာထက် ဆိုးတာပေါ့။ ထမင်းဆို ၀ါထိန်နေပါတယ်၊ ကျနော်ကအကြီး ဆန်အလှူတွေ မရဘူးလား ဆိုတော့ မရဘူးတဲ့၊ ရေမြုပ်သွားတဲ့ ဆန်တွေကို နေလှန်းပြီး ဒီလိုပဲ နေ့တိုင်း စားနေရတာပဲတဲ့။ဆီဆိုတာလဲ မဖြစ်စလောက်ပဲတဲ့၊ ဒါလေးနဲ့ မင်းမျှတပြီး စားသွားပေါ့တဲ့။ ကျနော်စားခဲ့ရပါတယ်။

ဒေးဒရဲတံတားပေါ်မှာ ဘာကြုံခဲ့လဲဆိုတော့၊ကျနော်ခွဲခြား ပြောတာတော့မဟုတ်ဘူး၊ ညဘက်ဆိုရင် မကောင်းတာ လုပ်စားတဲ့၊ မိန်းမပျက်တွေ တံတားပေါ်ကို တက်လာတယ်၊ စစ်သားတွေနဲ့၊ အိပ်ကြ တယ်။တံတားအောက်မှာဆိုလဲ ဒီအတိုင်းပဲဗျ။ ဒုက္ခသယ်တွေထဲက အဲလိုပုံစံမျိုး ဖြစ်သွားတယ် လို့တော့။ ကျနော်မကြားမိခဲ့ဘူး။ နဂိုရှိပြီးသားတွေပါ။ ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ စစ်သားပြိုင်ပြီးတော့ လူထုနဲ့ ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ ကျနော်တို့လောက် သူတို့မယဉ်ကျေးဘူး ခင်ဗျ။

ဒေးဒရဲ တံတားရဲ့ ဘေး၊ မယကရုံးရဲ့ အနောက်မှာ အစိုးရက အိမ်တွေ ဆောက်ပေးပါတယ်။ အဲဒီအိမ်တွေမှာ ပိတ်ဆံပေးနိုင်တဲ့ လူတွေပဲနေရပါတယ်။ ငွေမတတ်နိုင်တဲ့ လူတွေကတော့ ကျနော်ပြန်လာတဲ့အထိ တဲအိမ်လေး ဆောက်ပြီး ဖြစ်သလိုနေကြရတယ် ခင်ဗျ၊

ကျနော်တို့ ဒေးဒရဲတံတားမှာ စောင့်ရတဲ့အခါ အလှူပစ္စည်းတွေ လာပို့တဲ့လူတွေ အကုန်လုံးကို ကျနော်တို့က မေးမြန်း စစ်ဆေးရပါတယ်ခင်ဗျ စစ်သားတွေနဲ့အတူပေါ့လေ။ ဘယ်ကိုသွားမလဲ၊ ဘာတွေလှူမလဲ၊ ဘယ်က လာသလဲ၊ မှတ်ရပါတယ်။ အဲနောက်ကျတော့ အဲလိုမဟုတ်တော့ဘူး ခင်ဗျ။

ကိုယ်တိုင် ကိုယ်ကျ သွားလှူခွင့် မပြုတော့ဘူး၊ လှူမယ့်ပစ္စည်းကို မယကရုံးမှာ ထားခဲ့ရတယ် ခင်ဗျ။လူတွေက ကြုံတွေ့ရတာတွေကို မီဒီယာတွေကို ပြောပြမယ်။ လူတွေကို ပြောပြမယ်ဆိုတော့ သူတို့မဟုတ်တာ လုပ်နေတာတွေ ဗူးပေါ်သလို ပေါ်မှာစိုးတယ်လို့ ကျနော်ယူဆတယ်ခင်ဗျ။

အလှူရှင်တွေဟာ အစပိုင်းကာလတွေက ဆိုရင် ကျနော်တို့ကို ပါဝင်ပြီးတော့ ၀င်လှူဖို့ အကူအညီ တောင်းကြပါတယ် ၊မြန်မြန်ပြီးအောင် ပေါ့နှော်၊ ပြီးတော့ မြန်မာတွေဆိုတာ၊ မိမိရဲ့ အလှူ ပစ္စည်းတွေကိုကိုယ်တိုင်ကိုယ်ကျ လှူမှ စိတ်ကြည်နူး တတ်ကြတာလေ။ နောက်ပိုင်းမှာ ကိုယ်တိုင် လှူခွင့်မရတော့ပဲမယကရုံးမှာပဲ၊ ပါသမျှ အလှူပစ္စည်းတွေကို ထားပစ်ခဲ့ရတယ် ဆိုတော့ ဘယ်လှူချင် တော့မလဲ။ဘာသာရေးအရပဲ ကြည့်ကြည့်၊ လူမျိုးရေးအရပဲ ကြည့်ကြည့် အလှူရှင်တွေဟာ လုံးဝ မကျှေနပ် ကြတော့ဘူး ခင်ဗျ။

နောက်ဆုံး အနေနဲ့တော့ဗျာ စစ်သားတွေက ကျနော်တို့ကို ခေါ်ပြီး လူမုန်းခံခိုင်းတာပါပဲ။ ကျနော်တို့ကငိုနေတဲ့ လူတွေကို အငိုတိတ်အောင်၊ ငတ်နေသူကို ၀အောင် သွားကျွေး၊ နေစရာ မရှိသူကို ရှိအောင်ဝိုင်းဝန်း ကူညီပေးရတာ မဟုတ်ပဲ၊ ဟိုလိုမလုပ်နဲ့၊ ဖယ်ပေး၊ ဆင်းပေး၊ ပြန်၊ နင်ပဲ ငဆ အော်၊ ဆဲ၊ ငေါက်တကယ်တော့ လူမိုက် သွားလုပ်ရသလိုပါဗျာ။ နိုင်ငံတကာက ပေးပို့ လှူဒါန်းကြတာတွေကို ရောင်းပြီးစီးပွား ဖြစ်သွားကြတာက တပ်မ(၆၆) အင်းမက အရာရှိတွေနဲ့ ကျနော်တို့မြို့ နယ်က အရာရှိကြီးတွေဇိမ်ခံ ပစ္စည်း ကောင်းကောင်း သုံးလိုက် ကြရတာပဲ။ ပြည်တွင်းမှာ အမှန်အကန် ဖြစ်နေတာတွေကို ပြည်ပက ရေဒီယိုတွေ အကုန်မသိကြဘူးဗျ။ ။

- - - - -- - - - - - - - - - - - - - --

(ရဲတပ်ဖွဲ့ ၏အကျင့်ပျက်လာဘ်စားခြစားမှုများကိုကြုံကြိုက်ပါကရေးသားတင်ပြပါအုံးမည်)

ကျော်သောင်း

No comments:

Post a Comment