5.14.2009

ငြိမ်းချမ်းရေးနောက်ကွယ်ကမူးယစ်ဆေး

၁၉၈၉ ခုနှစ် ဗကပမှ ခွဲထွက်ခဲ့ပြီး ``၀´´ ဒေသငြိမ်းချမ်းရေး တည်ဆောက်မှု နှစ်(၂၀)ပြည့် အခမ်းအနားကို ၁၇-၄-၂၀၀၉ ရက်နေ့ တွင် ရှမ်းပြည်နယ်၊ ပန်ဆန်မြို့ရှိ UWSA ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် UWSA ``၀´´တပ်ဖွဲ့ဝင်များက စစ်ရေးပြခဲ့ပြီး ဥက္ကဋ္ဌ ဦးပေါက်ယူချမ်းမှ မိန့်ခွန်း ပြောကြားရာတွင် ``၀´´ တပ်ဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ``၀´´ဒေသမှာ ၂၀၀၅ ခုနှစ်မှစတင်ပြီး ဘိန်းကင်းစင်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း၏ ပြောကြားချက်ကို ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ယုံကြည်မှုမရှိကြောင်း၊ ``၀´´ဒေသ တရုတ်နယ်စပ်တွင် ``၀´´ခေါင်းဆောင်များသည် တရုတ်နယ်စပ်ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်မှု အကြီးအကျယ်ပြုလုပ်နေကြောင်း၊ နယ်စပ်ရှိတရုတ် အာဏာပိုင်များသည် မူးယစ်ဆေးဝါးကို ၎င်းင်းတို့နိုင်ငံအတွင်း အ၀င်မခံဘဲ အခြားနိုင်ငံများသို့ သယ်ပို့မှုများတွင် ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူလုပ်ဆောင်နေကြောင်း တရုတ်နယ်စပ်တွင် သတင်းများ ပြန့်နှံ့လျက်ရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၀၉ ခုနှစ် မူးယစ်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စိတ်ကြွ ဆေးပြားအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မူးယစ်ဆေးထုတ်လုပ်၊ ရောင်းချမှုလုပ်ငန်းကို UWSA ခေါ် ``၀´´ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့မှ လုပ်ကိုင်နေသည်ဟု ဖော်ပြပါရှိသည်။

၂၀၀၉ ခုနှစ်ဆန်း၊ မကြာသေးခင်က ကုလသမဂ္ဂထုတ် အစီရင်ခံစာ တစ်စောင်တွင် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု ၃% ပြန်တက်လာသည်ဟု ဖော်ပြပါရှိခဲ့ပြီး UWSA အဖွဲ့သည် ၎င်းင်းတို့ထိန်းချုပ်ရာ သံလွင်မြစ် အရှေ့တကြောမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လုံးဝကင်းစင်သွားကြောင်း ၂၀၀၆ ခုနှစ်မှာ ကြေညာထားသည်။

သို့ရာတွင် မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာသော မူးယစ်ဆေး ၉၀ % သည် မြန်မာအစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သတ်မှတ်ပေးမည့် ``၀´´နယ်မြေမှဖြစ်ကြောင်း UNODC ကုလ မူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။ မြန်မာအစိုးရမှ ``၀´´နယ်မြေရှိ မူးယစ်ရာဇာ တရားခံပြေးများကို ဖမ်းဆီးခြင်းမပြုကြောင်း၊ ``၀´´ခေါင်းဆောင်များအနေဖြင့် United Wa State Army ကို ``၀´´ပြည်ဖွံ့ဖြိုးရေးတည်ဆောက်မှုထက် ကိုယ်ကျိုးစီးပွားရေးအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချရေး ၌သာ အသုံးချနေသည့်အထောက်အထားများ ခိုင်ခိုင်မာမာတွေ့ရှိ နေရသည်။

အမေရိကန်တရားရေးဌာနမှ သတင်းထုတ်ပြန်ချက်အရ DEA မှ UWSA ၏ အဆင့်မြင့်ခေါင်းဆောင်များ သည် ဘိန်းဖြူကူးသန်းရောင်းဝယ်ဖောက်ကားမှု၌ ပါဝင်ပတ်သက်နေကြောင်း UWSA သည် တိုင်းရင်းသား လက်နက်ကိုင်တပ်မဟုတ်ကြောင်း၊ အင်အားကြီးမားသည့် မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်းတစ်ခုဖြစ်ကြောင်းUWSA ထိပ်ပိုင်းခေါင်းဆောင် ၈ ဦးသည် ဘိန်းမဲဝယ်ယူစုဆောင်း/ ဘိန်းဖြူချက်လုပ်၊ သယ်ပို့ပြီး နယ်မြေအတွင်း ဘိန်းဖြူချက်၊ အခွန်ကောက်၊ ဘိန်းဖြူဖြန့်ချိနေကြောင်း၊ ရရှိငွေများအား ငွေဖြူဖြစ်အောင် တရားဝင်စီးပွားရေး လုပ်ငန်းများဖြင့် ဆောင်ရွက်နေကြောင်း ဖော်ပြထား ပါသည်။

အီးမေးမှ ပေးပို့လာသော သတင်းဆောင်းပါးဖြစ်ပါသည်။

No comments:

Post a Comment