6.02.2009

ဦးဥာဏ်ဝင်းနှင့် ခေတ်ပြိုင် တွေ့ဆုံမေးမြန်းချက်


NEJ / ၂ ဇွန် ၂၀၀၉

မြန်မာစစ်အစိုးရ ကာကွယ်ရေးဒု-၀န်ကြီး ဗိုလ်ချုပ်အေးမြင့်က မေ (၃၁) ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်သော အာရှပစိဖိတ်ဒေသ၏ လုံခြုံရေးဆိုင်ရာအစည်းအဝေး တွင် မြန်မာနိုင်ငံ၏ လတ်တလောနိုင်ငံရေးဖြစ်စဉ်များကို ရှင်းလင်းတင်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေနှင့်အညီ အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။ ယင်းသို့ ဗိုလ်ချုပ်အေးမြင့်၏ ပြောကြားချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက်ရှေ့နေတဦးလည်းဖြစ် အန်အယ်လ်ဒီ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဦးဉာဏ်ဝင်းနှင့် ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းထား ပါသည်။

မေး။ ။ ဗိုလ်ချုပ်အေးမြင့်က ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်း မစ္စယက်တော ၀င်ရောက်မှုကို လျှို့ဝှက် ၀င်ရောက်တယ်လို့ပြောပြီး မေ (၆) ရက် မနက် ပြန်အထွက်ကျမှ အင်လျားကန်အတွင်း မစ္စတာယက်တော ရေကူးနေတာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွေ့တယ်လို့ ပြောပါတယ်။ အ၀င်တုန်းက မတွေ့ဘဲ အထွက်ကျမှ လုံခြုံရေးတွေက တွေ့တယ်ဆိုတဲ့ ဗိုလ်ချုပ်အေးမြင့်ရဲ့ ပြောဆိုချက်အပေါ် ဘယ်လို တုံ့ပြန်ပြောကြားလိုပါသလဲ။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အခုအဖြစ်အပျက်ဟာ လုံခြုံရေးချို့ယွင်းလို့။ ဘယ်ပုံဘယ်နည်း ချို့ယွင်းလဲတော့ သူမသိဘူး။ သို့သော်လည်းပဲ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ တစုံတရာအရေးမယူဘဲနဲ့ သူ့အပေါ်မှာ အရေးယူတာဟာ ဘက်လိုက်ဆောင်ရွက်မှုလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီအတိုင်းတင်ပြထားပါတယ်။

မေး။ ။ နောက်တခု ဗိုလ်ချုပ်အေးမြင့်က ပြောပါတယ်။ ပြစ်မှုကျူးလွန်သူအား အရေးမယူလျှင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ချိုးဖောက်မှုများ ရှိလာမယ်လို့လည်း ဆိုထားပါတယ်။ အဲဒီအပေါ်မှာ အန်ကယ်ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ အဲဒါကတော့ သူက ခြုံပြီးပြောတာ။ လုံခြုံရေးနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကို ဒီနေ့ထိတော့ အရေးယူတာ ကျနော်တို့မတွေ့သေးဘူး။

မေး။ ။ တရားရုံးက အမိန့်တစုံတရာမချမှတ်သေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို ပြစ်မှုကျူးလွန်သူလို့ ပြောဆိုသုံးနှုန်းလို့ရပါသလား။

ဖြေ။ ။ တကယ်တော့ ဒီလိုပြောခွင့်မရှိပါဘူး။ တရားရုံးကို မထီမဲ့မြင်ပြုမှုတောင် မြောက်ပါတယ်။ တရားရုံးက ဘာမှမဆုံးဖြတ်သေးခင် အာဏာရှိတဲ့လူတွေက ဒီလိုပြောတာကတော့ တရားရုံးရဲ့လွတ်လပ်မှုဟာ တကယ်ရှိရဲ့လားဆိုတာကို ဒီဟာက မီးမောင်းထိုးပြတာပဲ။

မေး။ ။ အခုလို မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည်အိမ်ခြံအတွင်း ရေကူးဝင်ရောက်ခဲ့တာကို အကြောင်း မကြားလို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့်တရားစွဲဆိုခဲ့တာဟာ တကယ်ပဲ ပြစ်မှုမြောက်ပါသလား။

ဖြေ။ ။ အခုလို တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာပြစ်မှုမှ မမြောက်ဘူး။ သူတို့ဘက်က ထွက်ချက်တွေအရကိုပဲ ကျနော်တို့အမြင်က ပြစ်မှုမမြောက်ဘူး။ အဲတော့ ပြစ်မှုမြောက်တယ်လို့ တာဝန်ရှိတဲ့သူက ပြောရင် သူက တရားရုံးကို လွှမ်းမိုးပြီးတော့ ပြောနေတာဖြစ်တယ်။ တရားရုံးရဲ့လွတ်လပ်မှု ထိခိုက်စေတယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ ဥပေဒေရဲ့အထက်မှာ မည်သူမျှမရှိရဆိုတဲ့ တရားဥပဒေဆိုင်ရာ အခြေခံမူကို ထိန်းသိမ်းပြီး ကျင့်သုံးနိုင်မှ သာလျှင် တရားဥပဒေစိုးမိုးမှုရှိမယ်လို့လည်း ဗိုလ်ချုပ်အေးမြင့်က ပြောပါတယ်။ တကယ်ပဲ မြန်မာနိုင်ငံမှာ တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာ ဟုတ်ပါသလား။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရော တကယ်ရှိပါသလား။

ဖြေ။ ။ ကျနော်တို့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေကို ပြန်ကြည့်လိုက်ရင် ခွန်ထွန်းဦးတို့၊ မင်းကိုနိုင်တို့ကအစ အခုဒေါ်အောင်ဆန်းစုကြည်အထိ ဘယ်မှာ တရားမျှတမှုရှိမလဲ။ တရားရုံးတရုံးက ဥပမာတခု ကျနော်ပြောမယ်၊ ထောင်ဒဏ် (၁) ရက်ကနေ (၁၀) နှစ်ဆိုရင် (၁) ရက်ကနေ (၁၀) နှစ်ကြားထဲမှာ တရားရုံးက အမှုတခုချင်းအလိုက် သူရဲ့ဆင်ခြင်တုံနဲ့ ဆုံးဖြတ်ရတာ။ အခုနိုင်ငံရေးပြစ်မှုတွေအားလုံးက အမြင့်ဆုံးကြီးပဲပေးတယ်။ အဲတော့ တရားရုံး ဆင်ခြင်တုံဆိုတာ ဒီမှာအသုံးကို မပြုဘူး။ အဲဒါကိုက တရားမျှတမှု မရှိဘူးလို့ ကျနော်တို့ နမူနာတခုအနေနဲ့ ပြောချင်တယ်။ တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်လို့ကတော့ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။ မမျှမတ လုပ်တာတွေလည်း အများကြီးရှိပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ ရှေ့နေတွေ တွေ့ပြီး ဆွေးနွေးခွင့်ရတယ်လို့သိရပါတယ်။ အဲလိုတွေ့ဆုံမှုဟာ လုံလောက်တဲ့အချိန်ရော ရရှိပါလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့စနေ မေ (၃၀) က တွေ့ခွင့်ရတယ်။ စနေနေ့တုန်းကတော့ တွေ့ခွင့်အချိန် လုံလုံလောက်လောက်ရပါတယ်။ တကယ်တော့ ဒီလိုတွေ့ဆုံခွင့်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ခုခံခွင့်ကို မစခင်မှာရဖို့ ကျနော်တို့တောင်းလာတာ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကို စစ်ပြီးတော့မှပဲ ကျနော်တို့ တွေ့ခွင့်ရတယ်။ ဒါကလည်း မမှန်ကန်ဘူးပေါ့။ မိမိခုခံရေးလမ်းကြောင်းကို ရှေ့နေနဲ့ လုံလုံလောက်လောက် တိုင်ပင်ခွင့် မရခဲ့ဘူးလို့ ပြောချင်တယ်။

မေး။ ။ အခုအမှုမှာ တရားလို့ဘက်က သက်သေ (၁၅) ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကကျ သက်သေ (၁) ဦး သာ ထွက်ဆိုချက်ရတဲ့အပေါ်မှာပဲ အမှုကိုကြားနာပြီး အမိန့်ချမှတ်ခဲ့မယ်ဆိုရင် ဒီတရားစီရင်မှုအပေါ်မှာ အန်ကယ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီဆောင်ရွက်မှုတွေဟာ တရားမျှတမှုမရှိဘူးလို့ အမြင်အရကို ပေါ်လွင်ပါတယ်။ နောက် ဥပဒေအရလည်း မှန်ကန်တယ်လို့ ကျနော်တို့ မယူဆဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က အန်ကယ်တို့နဲ့တွေ့တဲ့အခါမှာ အမှုနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိပါသလား အန်ကယ်။

ဖြေ။ ။ အများကြီးရှိတယ်။ သူကိုယ်တိုင် ကျနော်တို့ကို သူ့လက်ရေးနဲ့ ရေးပေးလိုက်တဲ့ အချက်အလက်တွေနဲ့၊ ဥပဒေနဲ့ ပေါင်းစပ်ပြီးရေးနေပါတယ်။ ရုံးမှာတင်ဖို့ဖြစ်ပါတယ်။

မေး။ ။ အခုလာမယ့် ဇွန် (၅) ရက် ရုံးချိန်းမှာ နှစ်ဦးနှစ်ဘက် လျှောက်လွှဲချက်ကို အပြီးသတ်မယ်လို့ သိရပါတယ်။ အဲဒီနေ့မှာပဲ တရားရုံးက အမိန့်ချမှတ်လို့ရပါသလား။

ဖြေ။ ။ လုပ်ခွင့်တော့ရှိတယ်၊ တရားရုံးပေါ်မှာပဲ တည်ပါတယ်။

မေး။ ။ အမှုအပေါ်မှာ အလားအလာနဲ့ အနေအထားကို ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ အမှုအပေါ်မှာ အလားအလားက သူတို့အပေါ်မှာပဲတည်ပါတယ်။ ကျနော်တို့ဥပဒေအမြင်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြစ်မရှိပါဘူး။ ကျနော်တို့သုံးသပ်တာက ဒီအမှုဟာ စကတည်းကိုက မစွဲသင့်တဲ့အမှု။ အစိုးရဘက်ကပြောသလို ဥပဒေဖောက်ဖျက်တယ်ဆိုတဲ့ အချက်တွေဟာ ကျနော်တို့ဥပဒေပြဋ္ဌာန်းချက်နဲ့လည်း မကိုက်ညီပါဘူး။ စကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာပြစ်မှုမှ ကျူးလွန်ခြင်းမရှိဘူးလို့ ကျနော်တို့မြင်ပါတယ်။

မေး။ ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အမှုကို တရားခွင်မှာ ပြစ်ဒဏ်ချမှတ်ခဲ့မယ်ဆိုရင် အန်အယ်လ်ဒီအနေနဲ့ ရှေ့ဘာဆက်လုပ်ဖို့ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ ဥပဒေလမ်းကြောင်းအတိုင်းပဲ လုပ်မှာပါ။ ဒီထက်အဆင့်မြင့်တဲ့ရုံးကို တင်ပြတာမျိုးတွေ ဆက်လုပ်မှာဖြစ်ပါတယ်။

No comments:

Post a Comment