“အနယားဆယော .. အညာက စကော .. ”
“စာတန်းငေး ..၊ စာလုံးရေး”
“.. အိုပါး .. အိုပါး .. ဒီညနေ ဘာချက်ရင်ကောင်းမလဲဟင်”
“သြော် စာတန်းငေးရယ် .. တညင်းသီးနဲ့ ငါးပိရည်လေးပါရင် ရပါပြီ”
“စာတန်းငေး ..၊ စာလုံးရေး”
“.. အိုပါး .. အိုပါး .. ဒီညနေ ဘာချက်ရင်ကောင်းမလဲဟင်”
“သြော် စာတန်းငေးရယ် .. တညင်းသီးနဲ့ ငါးပိရည်လေးပါရင် ရပါပြီ”
“အိုပါးကို အဲဒါကြောင့် ချစ်နေရတာသိလား။ ဟင်းကောင်းကောင်း ချက်မကျွေးနိုင်တဲ့အတွက် ပီယားနေးပါ အိုပါးရယ်”
ရန်ကုန်မြို့လယ် ဘတ်စ်ကားမှတ်တိုင်တွင်ဖြစ်သည်။ ကြိတ်ကြိတ်တိုး စည်ကားနေသည့် ကားစောင့်သူ ပရိသတ် အလယ်၌ ဦးရုက္ခစိုး၊ ဖိုးရှုပ်၊ ကြွက်စုတ်တို့ သုံးဦးသား ရောက်ရှိနေကာ မျက်စိသူငယ် နားသူငယ်ဖြစ်နေကြသည်။
ဦးရုက္ခစိုး။ ။ ဟေ့ ဖိုးရှုပ် .. ငါတို့ ရောက်နေတာ ရန်ကုန်မှ ဟုတ်ရဲ့လားကွ။
ဖိုးရှုပ်။ ။ ဟုတ်ပါတယ် ဦးရုက္ခစိုးရဲ့။ တညင်းသီးစားတာ မြန်မာ တနိုင်ငံတည်း ရှိတာပဲဟာ။ ခုနက တညင်းသီးဆိုတဲ့ အသံတောင်ကြားလိုက်သေးတယ်။
ဦးရုက္ခစိုး။ ။ မဟုတ်ဘူးလေ .. သူတို့ ဘာတွေပြောနေကြတာလဲ .. ငါ တလုံးမှ နားမလည်ဘူး။ အိုပါးတဲ့ .. အညာက စကောတဲ့ .. ဘာတွေလဲဟ။
ကြွက်စုတ်။ ။ ဟာ ဦးရုက္ခစိုးကြီးကလည်း ညံ့ရန်ကော .. အဲဒါ ကိုရီးယားစကားတွေဗျ။ ကိုရီးယား ဇာတ်လမ်းတွဲတွေ မှန်မှန်ကြည့်တဲ့သူဆိုသိတယ်။ အိုပါး ဆိုတာ အစ်ကိုလို့ ခေါ်တာ။ စာတန်းငေး ဆိုတာ ညီမ၊ အနယားဆယောဆိုတာ ကိုရီးယားလို မင်္ဂလာပါလို့ပြောတာ။ ပီယားနေး ဆိုတာက တောင်းပန်ပါတယ်တဲ့။
ဖိုးရှုပ်။ ။ ကြွက်စုတ်တောင် တော်တော်လေး ကျွမ်းနေပြီပဲ .. လေ့လာထား ဦးရုက္ခစိုးရဲ့ .. မကြာခင် ကိုရီးယားစကားကို နိုင်ငံတော်ဘာသာစကား လုပ်တော့မယ်လို့ကြားတယ်။
ထိုစဉ် သူတို့နားက ကြွက်တအုပ် ဖြတ်ပြေးသွားရာ .. ဦးရုက္ခစိုး လန့်ပြီး ထခုန်လိုက်သည်။
ဦးရုက္ခစိုး။ ။ ကြွက်တွေကလည်း ပေါလိုက်တာကွာ ..။ ဘယ်လိုရန်ကုန်လည်း မသိပါဘူး။ ကလူ ကလူ။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်းဗျာ .. မြောက်ကိုရီးယား သင်္ဘောကပ်မှာမို့လို့ ဒီလောက်များတဲ့ ကြွက်တွေ ချထားတာဖြစ်မှာပေါ့။
ဖိုးရှုပ်။ ။ တလွဲကတော့ ပြောပြပါလိမ့်မယ်။ ဦးရုက္ခစိုးက အမြီးနဲ့ ကြွက်အစစ်ကို ပြောတာကွ။ မင်းက ဘာကြွက်အကြောင်း ပြောနေတာလဲ။
ကြွက်စုတ်။ ။ မသိဘူးလေကွာ .. ငါက ဟိုလုံခြုံရေး ရဲတွေကိုပြောနေတာမှတ်လို့ ..။
ဦးရုက္ခစိုး။ ။ တော်တော့ တော်တော့ စကားမများကြနဲ့ .. ရဲတွေကို ကြွက်နဲ့ မနှိုင်းနဲ့ကွ ကြွက်သိက္ခာ ကျတယ်။
သူတို့ သုံးယောက် ကြွက်ပြဿနာ အငြင်းပွားနေစဉ် လူတယောက် အနားသို့ရောက်လာပြီး “အနယားဆယော” ဟု လာနှုတ်ဆက်သည်။
ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီး ..။ ရန်ကုန်ရောက်နေတာလားဗျ။ နေပြည်တော်မှာ ဂူအောင်း သိုင်း ကျင့်မလို့ဆို .. ဘယ်လိုဖြစ်တာလဲ။
ချိုကုပ်။ ။ ဟုတ်တယ် ဦးရုက္ခစိုးရေ .. ။ ဂူအောင်းမယ့် ကိစ္စကို မောင်ကွေးတို့နဲ့ ခဏလွှဲထားခဲ့တယ်။ ကျုပ်က ခု ကျုပ်တို့ရဲ့ မြောက်အူပါးကို လာစောင့်တာ။ မိန်းမနဲ့ ကလေး တပြုံကြီးလည်း ပါလာတယ်။ အိုပါးကို ကြိုရမယ်လေ။ ခုတော့ သူတို့တွေကို ရန်ကုန်ရောက်တုန်းရောက်ခိုက် အင်းလျားလိပ်ဟိုတယ်မှာ သွားစားခိုင်း ထားတယ်။
ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးလည်း တော်တော်လေး ကိုရီးယားစကား ပြောတတ်နေပြီနော်။
ချိုကုပ်။ ။ ပြောတတ်ဆို ကျုပ်က တောင်အူပါးနဲ့ မြောက်အိုပါးကြားမှာ လယ်သလိုလုပ်စားလာတာ ကြာလှပြီပဲဟာ။ တောင်အိုပါးကို ကမ်းလွန်ဓာတ်ငွေ့တူးဖို့ လာရင်းခိုင်း ..၊ ရတဲ့ပိုက်ဆံနဲ့ မြောက်အိုပါးဆီက လက်နက်တွေ ဝယ်။
ရုက္ခစိုး။ ။ အဲဒီတော့ မြောက်အူပါး .. အဲယောင်လို့ .. မြောက်ကိုရီးယားက လက်နက်ရောင်းလို့ရတဲ့ ပိုက်ဆံတွေနဲ့ နျူကလီးယားလက်နက်တွေ တပ်ဆင်ပြီး တောင်ကိုရီးယားကို ပြန်ခြိမ်းခြောက်မှာပေါ့။
ချိုကုပ်။ ။ ခြိမ်းခြောက်တယ်လို့ မပြောနဲ့ .. စ တယ်လို့ ယဉ်ယဉ်ကျေးကျေးသုံးစမ်းပါ။
ကြွက်စုတ်။ ။ ဒါနဲ့ ခု လာနေတဲ့ သင်္ဘောပေါ်မှာ ဘာတွေ ပါလာတာလဲဗျ။
ချိုကုပ်။ ။ ဒါက လျှို့ဝှက်ချက် ..။ သိချင်ရင် ဒီနားကိုတိုး .. ကျုပ်ပြောပြမယ်။ ပေါက်ကြားလို့ မဖြစ်ဘူးဗျ။
ချိုကုပ်ကြီးအပြောကြောင့် သူတို့အားလုံး စိတ်ဝင်စားစွာ အနားကပ်လိုက်ကြသည်။
ချိုကုပ်။ ။ တကယ်က အဲဒီသင်္ဘောမှာ ဘာမှ ပါမလာဘူး ..။ ဒီတိုင်းအလွတ်ကြီးပဲ။
ဦးရုက္ခစိုးတို့ သုံးယောက်လုံး အံ့အားသင့်သွားကြသည်။
ဖိုးရှုပ်။ ။ ဟာ တကမ္ဘာလုံးက ဒီလောက်အာရုံစိုက်နေကြတာကို .. ဘာမှ မပါဘူးဆိုတာ မဖြစ်နိုင်ဘူးဗျာ။
ချိုကုပ်။ ။ တကယ် မပါတာဗျ .. တကယ်တော့ တကမ္ဘာလုံးကို ကျုပ်တို့က အာရုံလွှဲလိုက်တာ။ မြောက် အိုပါးနဲ့ပေါင်းပြီး အာရုံလွှဲတာပေါ့ဗျာ။ ကဲ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ ဘယ်သူပြောသေးလဲ ငှဲငှဲ။
ရုက္ခစိုး။ ။ ဒါဆို ခင်ဗျားတို့က ပိုက်ဆံတွေ အလဟဿဖြုန်းနေကြတာပေါ့။
ချိုကုပ်။ ။ အလဟဿ ဘယ်ဟုတ်မလဲဗျ။ ကျုပ်တို့လက်ထဲမှာ နျူလက်နက်ရောက်နေပြီဆိုပြီး ပေါက်ဖော်ကြီးလည်း ငြိမ် ..၊ ကုလားကြီးလည်း မလှုပ်ရဲ ..၊ ဟို ယပလက် လေးတွေဆို အမြီးကို ကုပ်နေမှာ။ ဟီဟိ။ အသံထွက်ရဲထွက်ကြည့် .. လှမ်းချိန်လိုက်မယ်ဆိုတာနဲ့ ပါးစပ်ပိတ်၊ တိတ်။ လျှောက်မဖွနဲ့ဦးနော်၊ ကျုပ်လက်ထဲမှာ နျူကလီးယားရှိတယ်လို့ပဲ အားလုံးကထင်ပစေ။ ခုမရှိသေးပေမယ့် မကြာခင် ရှိအောင် တကယ်လုပ်မှာ။ ခုက နိုင်ငံတကာက ကြောက်အောင် ဖြဲချောက်ရုံလေးပဲ။
ကြွက်စုတ်။ ။ ဒီအကြံတွေ ခင်ဗျားကို ဘယ်သူပေးတာလဲ ချိုကုပ်ဒူးကြီး။
ချိုကုပ်။ ။ ဘယ်သူ ရှိမလဲ .. အိုပါးပေါ့ .. ကျုပ်တို့ရဲ့ မြောက်အိုပါး ကိုကိုအီးပေါ့။ သူလည်း ဒီလိုပဲ လုပ်စား နေတာကြာလှပြီပဲဟာ။ ကျုပ်တို့မှာလည်း ဒီတနည်းပဲ ရှိတော့လို့ပါဗျာ။ အဲဒီလိုမှ မဟုတ်ရင် နိုင်ငံတကာက ဝိုင်းဖိ တော့မှာ .. ကျုပ်တို့ခမျာ ဘယ်လောက် သနားစရာကောင်းလဲ။
ပြောရင်းက ချိုကုပ်ဒူးကြီး မျက်ရည်များဝိုင်းလာကာ .. နှပ်ချေးများ ထွက်လာသည်။
ချိုကုပ်။ ။ တကယ်တော့ မြောက်အိုပါးက ကျုပ်ကို သိပ်ကူညီတာဗျ။ သူ့ကိုကျုပ်က သိပ်အားကိုးတာ။ အဲဒါကြောင့် ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်တဲ့အခါကျရင် ကိုရီးယားစကားသည် တို့ စကား၊ ကိုရီးယားစာသည် တို့စာ၊ ကင်မ်ချီချဉ်ပတ်နဲ့ ဆန်ပြုတ်ကို တနိုင်ငံလုံး စားရမည်၊ ၂၀၂၅ တွင် နျူကလီးယား နိုင်ငံတော်ကြီးကို ထူထောင်ကြစို့ ဆိုတဲ့ ဆောင်ပုဒ်တွေအတိုင်း လျှောက်လှမ်းဖို့ စဉ်းစား ထားတယ်။
ဖိုးရှုပ်။ ။ အင်း ဆန်ပြုတ်သောက်ရမှာတော့ မြင်ယောင်နေပါတယ်။ ခုတောင် လူတွေ ထမင်းမှနပ်မမှန်တာ။
ချိုကုပ်။ ။ အဲဒါက အရေးမကြီးပါဘူး။ အဲဒါကြီးနဲ့သာ ကစားရရင်သေပျော်ပြီ။
ရုက္ခစိုး။ ။ ရန်ကုန်လည်း မြို့ပျက်ကြီးနဲ့တူနေပြီ .. မီးလည်းမလာ၊ ရေလည်းမရှိ၊ ကြွက်တွေကပေါ။
ချိုကုပ်။ ။ အဲဒါလည်း အရေးမကြီးပါဘူး။ နျူကလီးယားရှိရင် ပြီးပြီ။
ကြွက်စုတ်။ ။ နာဂစ်ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးက ဘာမှလည်း မလုပ်ရသေးဘူး။
ချိုကုပ်။ ။ သူ့ဟာသူ အဆင်ပြေသွားလိမ့်မယ်။ နျူကလီးယားရှိတယ်။ အိုပါးလည်းရှိတယ်။
ဖိုးရှုပ်။ ။ ခင်ဗျား မိန်းမနဲ့ ကလေးတွေကော ဆန်ပြုတ်ပဲတိုက်မှာလား။
ချိုကုပ်။ ။ အိုပါးကို မေးလိုက်ဦးမယ်။ ဟာ ယောင်လို့ .. ဘယ်ဟုတ်မလဲ .. ရန်ကုန်ရောက်တုန်းတောင် အင်းလျားလိပ်မှာ သွားစားခိုင်းထားပါတယ်ဆို။
ထိုစဉ် ချိုကုပ်ဒူးကြီးထံ ဖုန်းဝင်လာသည်။
ချိုကုပ်။ ။ ဘာ .. ကွိုင်ကွိုင်တို့အဖွဲ့ အင်းလျားလိပ်မှာ ပိုက်ဆံမပေးဘဲ စားကြတယ် ဟုတ်လား။ သြော် တဖြဲ နှစ်ဖြဲတုပ်တာတောင် ဘာမှ မပေးသွားဘူးလား။ အေးအေး သိပြီသိပြီ .. ပြောလိုက်ကွာ .. ပီယားနေးလို့ နော် ..။ သြော်တဆက်တည်း မှာရဦးမယ် .. စက်တင်ဘာတုန်းက ရိုက်ခဲ့တဲ့ ဘုန်းဘုန်းတွေကိုလည်း ပီယားနေး လို့ ပြောလိုက် ..။ ငါဖမ်းထားတဲ့ ဟိုကောင်မလေးကိုလည်း ပီယားနေးလို့ .. နော် .. ပြည်သူလူထုကြီးလည်း ပီယားနေး .. ဒါပဲ .. ကဲ ဖုန်းချတော့မယ်ဟေ့။ အဲလိုပဲ ဦးရုက္ခစိုးရေ .. အလုပ်ကအရမ်းရှုပ်တယ် .. ပီယားနေးဗျာ။ ။
ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။
No comments:
Post a Comment