ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး ကရင်ဒုက္ခသည် ၃,၀၀၀ ကျော်လည်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးခိုလှုံ လာကြရသည်။
ကျေးရွာ ခေါင်းဆောင်များသည် သူတို့လူထုအတွက် ယခုကဲ့သို့ထွက်ပြေး၍ ခိုလှုံကြရန် ဆုံးဖြတ်ချက်ချရသည့် အနေ အထားမှာ မလွယ်ကူလှပါ။

"ရွာတွေကို ထားရစ်ခဲ့ရတာ ၀မ်းနည်းစရာ သိပ်ကောင်းတယ်၊ ဘယ်လောက်ပဲ ၀မ်းနည်းဝမ်းနည်းပေါ့၊ နောက်ဆုံးတော့ စွန့်ထားခဲ့ဖို့ ဆုံးဖြတ်ရတာပဲ၊ အခု တိုက်ပွဲတွေက ပိုလို့ အန္တရာယ်ကြီးလာတယ်"ဟု ပုံညာကျိုးကျေးရွာ ခေါင်းဆောင်က ပြောသည်။
သူစကားပြောနေစဉ်၌ပင် မော်တာသံ၊ စက်သေနတ်သံများ တောင်ကြောတလျောက် ပဲ့တင်ပြန်နေသံကို ကြားနေရသေး သည်။ ဤဒေသများက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ နှစ် ၆၀ ကျော် တော်လှန်စစ်အတွက် နောက်ဆုံး ခံကတုတ်ဒေသများ ဖြစ်နေသည့်အတွက်ကြောင့်လည်း အပြင်းအထန် ခုခံနေကြသည်။
မြန်မာစစ်တပ်နှင့် သူတို့နှင့် မဟာမိတ်ပြုထားသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့(DKBA) ၏ တပ်များက အလျင်အမြန်ထိုးစစ်ဆင်လာသောကြောင့် ယခုလို သူ၏ကျေးရွာကို စွန့်ခွာထွက်ပြေးရန် ဆုံးဖြတ် ချက်ချ ခဲ့ရခြင်းလည်း ဖြစ်သည်။ ယခင်ကလည်း ကျေးရွာလူထုကို ပေါ်တာခေါ်၍ စစ်ပွဲအတွင်း ပစ္စည်းသယ်ဆောင် ထမ်းပိုးရန် စေခိုင်းခံခဲ့ကြရပြီး ယခုတကြိမ်တွင်တော့ အသက်ကို အရဲကိုး၍ နေထိုင်ရန်၊ အဖမ်းခံရန် မဖြစ်နိုင်ကြ တော့ပါ။ သို့ အတွက်ကြောင့် အဝေးက မော်တာသံကြားသည်နှင့် သူက ရွာကိုပြောင်းရွှေ့စေရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
"ကျနော်တို့ ဆက်နေလို့ မရတော့ဘူး၊ အကယ်၍ ဆက်နေရင်လည်း ဖမ်းပြီး ပေါ်တာထမ်းခိုင်းမှာပဲ"ဟု ရွာသားတဦးက ပြောသည်။ သူက ယခင်ကလည်း မြန်မာစစ်တပ်က ဖမ်း၍ တောတောင်ထဲ ပေါ်တာထမ်းခိုင်းသည်ကို ကြုံခဲ့ရဖူးသူ ဖြစ် သည်။
"မြန်မာစစ်တပ် တပ်မှူးတွေက ဘုရင်လိုနေတာ၊ ကျန်တဲ့ ကျနော်တို့ကိုတော့ တိရစ္ဆာန်တွေလို သဘောထားတာ"ဟု သူ၏ အတွေ့အကြုံကို ပြန်ပြောပြသည်။ စစ်တပ်စခန်းတွင်း သူနေခဲ့ရစဉ်က အစာငတ်၊ ရေငတ်သည်ကို ၃ ရက် ကြုံခဲ့ရဖူးသည်။
ထွက်ပြေးကြရသည့် နောက်အကြောင်းတခုမှာ DKBA အဖွဲ့က စစ်သားအဖြစ် စုဆောင်းခံရမည့် အရေးကို စိုးရိမ်နေသော ကြောင့်လည်း ဖြစ်သည်။ အကယ်၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက ရှေ့တန်းတွင် တိုက်ခိုက်ရန် စစ်သားများ ပိုမို လိုအပ်လာမည်ဖြစ်ပြီး နောက်ဆုံး သူတို့ကိုပါ စစ်ပွဲတွင်း တိုက်ခိုက်ရန် အဓမ္မခိုင်းစေလာဦးမည်ဟု မြင်နေကြသည်။ ကျေးရွာသား အများစုက ဤသို့ မလုပ်ဆောင်လိုကြပါ။
"ကျနော်က ကိုယ့်ကရင်လူမျိုး ညီအစ်ကိုတွေကို သတ်ဖို့ မြန်မာ စစ်တပ်အတွက် စစ်တိုက်ပေးဖို့ဆိုတာ မဖြစ်နိုင်တာဘဲ၊ ဘယ်လိုလုပ်ပြီး ကျနော်တို့က DKBA အတွက် စစ်တိုက်ပေးနိုင်မှာလဲ"ဟု ရွာသားတဦးက ဒေါသဖြင့် မေးခွန်းထုတ်သည်။
မြန်မာစစ်တပ်က ပေါ်တာဖမ်းဆီးခံရသည့် ရွာသားများကိုလည်း လူသားမိုင်းရှင်းကိရိယာများအဖြစ် သုံးသည်ကို ကြုံခဲ့ကြရ ဖူးသည်။ မြန်မာစစ်တပ်က အကယ်၍ မိုင်းများနင်းမိပါက သေကြေအောင် ရှေ့တန်းတင်စေလွှတ်တတ်ကြသည်။
"မြန်မာစစ်သားတယောက်က ကျနော့်ကို ရှေ့ကနေ မိုင်းရှင်းဖို့ သွားခိုင်းဖူးတယ်"ဟု ရွာသား တဦးက ပြောသည်။
"ကျနော်တို့က ကရင်စစ်သားတွေနဲ့ နီးလာတော့ သူက နောက်မှာနေပြီး၊ သေနတ်ကို ကျနော့်ပခုံးပေါ်ကနေ ကျော်ပြီး ချိန်ထားတယ်၊ တကယ်လို့ တယောက်ယောက်က ပစ်ရင်တော့ ကျနော်တော့ သေပြီပဲ"ဟု သူက ဆက်ပြောသည်။
ဤသို့ အန္တရာယ်များ ကြုံရနိုင်သော်လည်း ရွာကိုစွန့်ခွာဖို့ ဆိုသည်မှာ လွယ်ကူသည့် ဆုံးဖြတ်ချက်တော့ မဟုတ်ပါ။ ရွာသား အများက သူတို့လယ်ယာများအတွက် ကြိုးစားပမ်းစား လုပ်ကိုင်ထားခဲ့ကြရပြီး သူတို့လုပ်အား၏ အသီးအပွင့်ကို ခံစားရရန် လည်း စောင့်မျှော်လိုကြသေးသည်။
"ကျနော်တို့က သရက်သီးတွေ မှည့်လာတဲ့အချိန် စားရဖို့အထိ လပေါင်းများစွာ စောင့်နေရတာ၊ အခုတော့ ချန်ထားရစ်ခဲ့ရ တယ်"ဟု ရွာ ခေါင်းဆောင်က ပြောသည်။
ခရစ်ယာန်သာသနာပြုများက ဆယ်စုနှစ်များစွာ သာသနာပြုခဲ့ကြသော်လည်း ကရင် ကျေးရွာသားအများစုက ယခုတိုင် နတ်စားသည့် ဓလေ့ကို ဆက်လက်ယုံကြည် ကိုးကွယ်ဆဲ ဖြစ်ကြသည်။ နတ်စားသည့် ဓလေ့ရှိကြသူများ ဖြစ်သည့်အတွက် ကြောင့်လည်း ကျေးရွာတ၀ိုက်ရှိ တောတောင်များ၊ သစ်ပင်များ၊ မြစ်များ၊ ချောင်းများသည် သူတို့အမည်နာမ ရှိသလို၊ အသက်ဝိညာဉ်ရှိသည်ဟုလည်း ယုံကြည်ထားကြသည်။
"သူတို့တတွေက ဘ၀တလျောက်လုံးမှာ ဒီဝိညာဉ်တွေကို သူတို့ကို လုံခြံမှုပေးဖို့၊ ကာကွယ်ပေးဖို့ ရှိခိုးလာကြတာ"ဟု ကရင် လူငယ်အစည်းအရုံး အဖွဲ့ဝင်တဦးက ပြောပြသည်။
"ဒီရွာတွေကို စွန့်ခွာသွားတာနဲ့ တပြိုင်နက် အသက်ဝိညာဉ် ဆုံးရှုံးကြရသလိုပဲ၊ ၀ိညာဉ်တွေက လူကို သတ်စေ၊ သေစေ နိုင်တယ်လို့လည်း ယုံကြည်ကြတော့ သူတို့အတွက် ပိုလို့ ကြောက်ရွံ့စရာ ဖြစ်နေကြတာပေါ့"ဟု သူက ဆက် ရှင်းပြသည်။
ရွာသားများက တောလမ်းတွင် ၃ ရက်ကြာ လျှောက်ခဲ့ကြရသည်။ စစ်ဖြစ်ပွားရာဒေသအတွင်း နေရာအနှံ့အပြား ရှိနေ ကြ သည့် မြေမြုပ်မိုင်းများကို ရှောင်ကွင်းလျှောက်လာကြရသောကြောင့်လည်း ပို၍ ကြာမြင့်ခဲ့သည်။
"အကယ်၍ မိုင်းမထိဘူးဆိုရင်တောင်မှ ငှက်ဖျားရောဂါ ဖြစ်တာတွေ၊ မြွေကိုက်တဲ့ အန္တရာယ်တွေ ရှိတယ်"ဟု ရွာ ခေါင်း ဆောင်က ပြောသည်။
"မိန်းမတွေ၊ ကလေးငယ်တွေနဲ့ သွားကြရတဲ့အတွက်ကြောင့်လည်း အခုလို ဆုံးဖြတ်ရတာက လွယ်လှတာမဟုတ်ဘူး"ဟု သူက ဆိုသည်။
သူတို့က မြစ်ကမ်းပါးရောက်သည့်အခါ လှေဖြင့် KNLA တပ်များ၏ တပ်မဟာ(၇) ဌာနချုပ်ဘက်မှနေ၍ ထိုင်းတဖက်ကမ်း မဲဆလစ်သို့ ကူးကြသည်။ တဖက်ကမ်းရောက်သည့်အခါ ရွာသားများက လူဖြန့်ခွဲ၍ ယခင်က ရောက်ရှိအခြေချနှင့် ပြီးသား ကျေးရွာများတွင် ခိုလှုံနေကြရသည်။
တဖက်ကမ်း ရွာများသို့ ရောက်သည့်အခါ ခရီးကြမ်း တလျှောက် ဖြတ်သန်းလာရမှုကြောင့် ထွက်ပြေးလာကြသူများ၏ အ၀တ်အစားများက စုတ်ပြတ်ပေရေနေပြီ ဖြစ်သည်။ သူတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ကောက်ယူစုဆောင်းရန် အချိန်မရခဲ့သည့်အတွက်ကြောင့်လည်း ယခုအခါ လဲလှယ်ဝတ်စရာ အ၀တ်အစား မရှိဘဲ ဖြစ်နေကြသည်။
ဤသို့ ဒုက္ခရောက်ကြရသည့် အခြေအနေကို သိရှိကြသည့် ကရင်အမျိုးသမီး အစည်းအရုံး (KWO) အဖွဲ့က ဒေသအတွင်း ရှိ အိမ်များမှ အ၀တ်အထည်များစုဆောင်းကာ၊ ဒုက္ခကြုံလာရသူများကို နီးစပ်ရာ ဘုန်းကြီးကျောင်းတွင် စုစည်းနေရာချ ထားပေးကြသည်။ နိုင်ငံခြားအလှူရှင်များက ပေးကမ်းလာသည့် အ၀တ်အသစ်များ ပေးသည့်အပြင် သူတို့ခံစားခဲ့ကြရ သည့် ဒုက္ခများကိုလည်း ကရင်အဖွဲ့အစည်းအသီးသီးက မေးမြန်းစုံစမ်းကြသည်။
"ကလေးငယ်တွေနဲ့ အမေတွေ အများကြီးပဲ၊ သူတို့ ဒီလိုပုံစံမျိုးတော့ ဒုက္ခမရောက်သင့်ပါဘူး"ဟု ကရင်အမျိုးသမီး အစည်းအရုံး တွဲဖက် အတွင်းရေးမှူး နော် ဘလူမင်း နိုက် က ပြောပြသည်။
ယခု ကျေးရွာမှကလေးများနှင့် အခြားဒေသတွင်း ကျေးရွာများမှ ကလေးများအနေနှင့် ထိုးစစ်သည် သူတို့ဘ၀အတွက်
အမှတ်အတေး စွန်းထင်းကျန်ရစ်စေတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကမှ စတင်ဖွင့်ခဲ့သည့် ကျောင်းများ၊ အလှူရခဲ့သည့် သင်ကြားမှုထောက်ကူပစ္စည်းများ ချန်ရစ်ခဲ့ကြရပြီ ဖြစ်သည်။
"ကလေးတွေက အခုမှ ကျောင်းဖွင့်ခါစ ရှိသေးတယ်၊ အခု စစ်ကြောင့် သူတို့ပညာရေးတွေလည်း ထိခိုက်ရတော့မယ်"ဟု တပ်မဟာ(၇) မှ ပညာရေးတာဝန်ခံက ရှင်းပြသည်။
ဘားအံခရိုင်အတွင်းရှိ စာသင်ကျောင်းတခုကို ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူ ၈၉ ဦးနှင့် ဆရာ/ ဆရာမ ၇ ဦးမှာ တောတောင်များအတွင်း ထွက်ပြေးလာခဲ့ကြရသည်။ အရေးပေါ် ပြေးလာရသည့်အတွက်ကြောင့်လည်း ကလေးများက မိဘများနှင့် ဆက်သွယ်တွေ့ဆုံချိန် မရခဲ့ကြပေ။ တောတောင်များကို ဖြတ်၍ ထွက်ပြေးလာကြရပြီး နောက် ဆုံး လုံခြုံရာနိဗ္ဗာန် (Safe Heaven) ဟု အမည်ရသော မိဘမဲ့ကလေးများ ခိုလှုံရာဌာနတခုသို့ ရောက်လာခဲ့ကြသည်။ ကလေး ၉ ဦးမှာ ငှက်ဖျားရောဂါ ခံစားနေရပြီး ကလေးများက မိဘများနှင့်လည်း အဆက်အသွယ် ပြတ်နေကြသည်။ သူတို့ မိဘများကိုယ်တိုင် သေသည်၊ ရှင်သည် မည်သို့ အခြေအနေရှိနေသည်ကို သတင်းမသိရှိရဘဲ ဖြစ်နေကြသည်။
"သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်၊ ကလေးမိဘတွေက ဖြစ်နိုင်တာက ပေါ်တာဆွဲခံရတဲ့အထဲ ပါသွားဖို့ များတယ်" ဟု မိဘမဲ့ကလေးကျောင်း၏ ညွှန်ကြားရေးမှူး တာ့စနီ (Tasanee) က ပြောပြသည်။
၎င်းမိဘမဲ့ ကလေးများဂေဟာက ၁၉၉၄ ခုနှစ်တွင် တာ့စနီ၏ မိခင်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး စစ်အတွင်းမှ ထွက် ပြေးလာကြရသည့် ကလေးများခိုလှုံနိုင်စေရန် ဖွင့်ထားပေးခြင်း ဖြစ်သည်။ သောင်ရင်းမြစ်ကမ်းနှင့် ကျောက်ဆောင်များ အကြားတွင် ဖွင့်လှစ်ထားသည့် ယင်းမိဘမဲ့ကလေးများ ဂေဟာသည်ပင် တိုက်ပွဲဖြစ်ပွားနေရာ ဒေသများနှင့် မဝေးလှဟု ဆို နိုင်သည်။ လက်နက်ကြီး မော်တာသံများက ကလေးများ အင်္ဂလိပ်စာသင်ခန်းစာ သင်ကြားနေမှုကို တခါတရံ အနှောင့် အယှက်ပေးတတ်သေးသည်။
"မော်တာသံကြားတော့ ကလေးတွေက သီချင်းဆိုနေတာ၊ ပျော်ရွှင်နေတာလည်း ပျောက်သွားတယ်၊ သူတို့က ငေးပြီး ထိုင် ကြည့်နေကြတယ်၊ တိတ်တိတ်လေးနေပေမယ့် ကြောက်ရွံ့နေကြတယ်၊ ဒီအသံတွေက ဘာသံဆိုတာ သူတို့သိသလို၊ ဘယ်လို အဓိပ္ပာယ် ဆောင်တယ်ဆိုတာကိုလည်း သိကြတယ်" ဟု စေတနာ့ဝန်ထမ်း စာသင်ကြားပေးနေသူ အင်္ဂလိပ် ဆရာက ဆိုသည်။
"တခါတလေမှာ သူတို့က ကျနော်တို့ကို လာပြီး ဖက်တတ်တယ်၊ ဒါပေမယ့် သူတို့ကိုယ်သူတို့ လူသူဝေးရာ ရှောင်နေ တတ်တယ်၊ တကယ့်ကို ကြောက်ရွံ့စိုးရိမ်နေတဲ့ပုံ ရပါတယ်"ဟုလည်း သူက ပြောပြသည်။
ဇွန်လ ၇ ရက်နေ့မှစ၍ မော်တာပစ်ခတ်သံများက ပို၍ ဆိုးလာခဲ့သည်။ မြန်မာစစ်တပ်များနှင့် DKBA တပ်များက မြေပြင် ထိုးစစ်များ ရပ်ဆိုင်း၍ KNLA တပ်မဟာ(၇) စခန်းကို အဝေးမှ လက်နက်ကြီးများဖြင့်သာ ပစ်ခတ်နေတော့ သည်။ ဇွန်လ ၁၀ ရက်နေ့တွင် မဲဆလစ်ကျေးရွာတွင်းသို့ မော်တာကျည်ဆံ ၄ လုံး ကျရောက်လာခဲ့သေးသည်။ ဤနေရာ က ယခု ထွက်ပြေးလာသူ ရွာသားများခိုလှုံနေကြသည့် ဘုန်းကြီးကျောင်းနှင့် မဝေးလှပေ။ မော်တာကျည်ဆံတလုံးက မဲဆလစ် ကျေးရွာ၏ ထိုင်းအစိုးရ ကျောင်းအနီးသို့ ကျရောက်ခဲ့သေးသည်။
နယ်စပ်ဖြတ်ကျော်၍ ကူးလာသည့် စစ်မီးကြောင့် မဲဆလစ် ကျေးရွာသားများလည်း ရတက်မအေး ဖြစ်နေကြရသည်။ DKBA တပ်များက နယ်စပ်ကိုဖြတ်ကျော်လာပြီး ရွာတွင်း ၀င်လာမည်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေကြသည်။ DKBA အဖွဲ့က ယခင်ကတည်းက ဒုက္ခသည်များနှင့် အဆက်အသွယ်ရနိုင်ရေး ကြိုးပမ်းနေခဲ့ကြသည်ကိုလည်း သူတို့က သိရှိ ထားပြီး ဖြစ်သည်။ ပထမပိုင်းက DKBA စစ်သားတဦးက ရွာသားတဦးထံ ချဉ်းကပ်၍ ဒုက္ခသည်များ ယခုခိုလှုံနေရာ ကျေးရွာမှ ဓာတ်ဆီဝယ်ယူရန် ကြိုးပမ်းခဲ့သေးသည်။
၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့၊ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ သတင်းထုတ်ပြန်ချက် တခုအရ DKBA တပ် အရာရှိတဦးက လဲပါဟဲကျေးရွာမှ ရွာသားတဦးကို ဆက်သားအဖြစ်စေလွှတ်၍ ဒုက္ခသည်များကို ဆက်သွယ်ရန် စေခိုင်းခဲ့ သည်ဟု ဆိုသည်။ ၎င်းဆက်သားအဆိုအရဆိုလျှင် ထွက်ပြေးကြသူ ရွာသားများက တရွာလျှင် ဘတ် ၃,၀၀၀ စီ DKBA အဖွဲ့သို့ ပေးဆောင်ကြရန် လိုအပ်ကြောင်း၊ ယခု ဖြစ်ပွားနေသည့် စစ်ပွဲအတွက် ပေါ်တာငှားရမ်းစရိတ်သုံးရန် ဖြစ်ကြောင်း ပြောဆိုပါသည်။
ဤဖြစ်ရပ်များကြောင့် ထိုင်းအာဏာပိုင်များက မဲဆလစ်ရွာနှင့် အနီးတ၀ိုက်တွင် ယာယီခိုလှုံနေကြသည့် ဒုက္ခသည်များ၏ လုံခြုံရေးကို စိုးရိမ်လာခဲ့သည်။ သို့အတွက်ကြောင့်လည်း ရဲများနှင့် လုံခြုံရေးများ၊ နယ်စပ်ကင်းတပ်များ တိုး၍ ချထားခဲ့ သည်။ မဲဆလစ်သို့ သွားရာလမ်းတွင် စစ်ဆေးရေးဂိတ်များတိုး၍ ချထားခဲ့ပြီး တပ်များ ထူထပ်စွာ ချထားသည်။ သေနတ် တင်ထားသည့် အမိုးဖွင့် စစ်ဂျစ်ကားများလည်း လမ်းမတလျှောက် ဥဒဟိုမောင်း၍ ကင်းလှည့်နေခဲ့သည်။
ယခု တိုက်ပွဲများက ဆက်လက်ကြာရှည်နေဦးမည်ဟု ယူဆရပါသည်။ DKBA တပ်ဖွဲ့များက နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် သူတို့အခန်းကဏ္ဍကို ရယူနိုင်ရန် လုပ်ဆောင်နေစဉ် နယ်စပ်လုံခြုံရေးအတွက် ဆက်လက်ကြိုးပမ်းကြမည် ဖြစ်သည်။ သတင်းများအရ DKBA အဖွဲ့က KNLA တပ်ဖွဲ့ စခန်းများကို သိမ်းပိုက်ချေမှုန်းပေးရေးအတွက် မြန်မာစစ်တပ်နှင့် သဘောတူ ညီလက်မှတ်ရေးထိုးထားပြီး အပြန်အလှန်အားဖြင့် သူတို့ကို နယ်စပ်တွင် အပိုင်စားရစေမည် ဖြစ်သည်။
KHRG မှ သုတေသနပြု လေ့လာနေသူများအဆိုအရ ယခုအခါ DKBA ခေါင်းဆောင်များက နယ်စပ်လုံခြုံ ရေးတပ်ဖွဲ့ အတိုကောက် (BGF) အဖြစ် သူတို့ကိုယ်သူတို့ ညွှန်းဆိုခေါ်ဝေါ်နေကြသည်ဟု ဆိုသည်။
အကယ်၍ DKBA တပ်ဖွဲ့များသာ စစ်ဆင်ရေး အောင်မြင်ခဲ့ပါက ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ခံ KNLA တပ်ဖွဲ့များကို ဆက်လက်ချေမှုန်း သုတ်သင်မည်ဖြစ်ပြီး နယ်စပ်တရိုးကိုလည်း ထိန်းချုပ်ထားလိုက်ကြတော့မည် ဖြစ်သည်။ ရွာသားများအနေနှင့်လည်း မိမိရပ်ရွာ ပြန်ရမည့်အရေး ဝေးကြရတော့မည် ဖြစ်သည်။
အကယ်၍ ယခုယာယီခိုလှုံလာသူများကို ဒုက္ခသည်စခန်းများအတွင်း ထည့်သွင်းနေရာချထားပေးခဲ့ပါကလည်း သူတို့ လွတ်လပ်စွာ သွားလာခွင့် ဆုံးရှုံးရချေတော့မည်။ မွေးဖွားလာကြသည့် ကလေးငယ်များသည်လည်း သူတို့မိဘများ ရှင်သန်ခဲ့ရာ တောတောင်ရေမြေကို လုံးဝမသိရှိကြရဘဲ ကြီးပြင်းလာကြရတော့မည် ဖြစ်သည်။ သူတို့ မိရိုးဖလာ ကိုးကွယ်ယုံကြည်လာကြသည့် ရေမြေတောတောင်တို့၏ ၀ိညာဉ်များနှင့်လည်း အဆက်ပြတ် ဆုံးရှုံးကြရတော့မည် ဖြစ်ပါသည်။
လက်ရှိ အခြေအနေနှင့် ကြုံတွေ့ရင်ဆိုင်နေရသည့် အန္တတရာယ် အခက်အခဲများကို သိထားသော်လည်း ဘုန်းကြီးကျောင်း ပုရ၀ုဏ်အတွင်း စုဖွဲ့ထိုင်နေစဉ်ကာလတွင် ဒုက္ခသည်များက ကြံဖန်၍ ပြုံးပျော်နေနိုင်ကြသေးသည်။
"ကျနော်တို့ ရွာသားတွေက ဆုံးရှုံးခဲ့ပြီဆိုတာကိုတော့ သိတာပေါ့၊ စိတ်ပျက်အားငယ်တာလည်း ရှိတာပဲ၊ ဒါပေမယ့်လည်း မြန်မာစစ်တပ်နဲ့ ဝေးရပြီဆိုတဲ့ အသိတခုနဲ့ပဲ ပျော်နေကြရတယ်၊ သူတို့ အုပ်ချုပ်မှုအောက်မှာ နေရတာလောက် စိတ်ဆင်းရဲ ဒုက္ခရောက်ရတာ မရှိပါဘူး"ဟု ရွာ ခေါင်းဆောင်က ရှင်းပြသည်။
"အကယ်၍ ကျနော့်ညီ၊ ညီမတွေ ရွာသားတွေအတွက် မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ခဲ့ရင်၊ ကျနော်တို့လည်း ရွာမှာ သေ ကြေဒုက္ခတွေ့နေရလောက်ပြီ"ဟုလည်း သူက နောက်ဆုံး မှတ်ချက်ချခဲ့လေသည်။
Calling the Shots By Alex Ellgee ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments:
Post a Comment