မြန်မာသံအမတ်ကြီး တဦးက ချင်းမိုင်ရုက္ခစိုးကြီးကို ရန်ကုန်ရှိ သစ်ပင် တပင်သို့ ပြောင်းရွှေ့ နေထိုင်ရန် ချဉ်းကပ် ပြောဆိုသည်။ သတင်းထောက် ဖိုးရှုပ်ကိုလည်း ဒေဝါလီ သတင်းဌာနမှ ထွက်ပြီး ရန်ကုန် စာနယ်ဇင်း လောကတွင် ဝင်ရောက် လုပ်ကိုင် သင့်ကြောင်း နားချ ပြောဆိုသည်။ ယခင်နှင့်မတူ ပြောင်းလဲလာသော မြန်မာပြည်ကြီးကို သွားရောက် လေ့လာကြပါ၊ ပြီးမှ သူ့ ကမ်းလှမ်းချက်များနှင့် ပတ်သက်ပြီး ဆုံးဖြတ်ပါဟု သံအမတ်ကြီးက ပြောလေသည်။ ဤသို့ဖြင့် ချင်းမိုင်အခြေစိုက် ရုက္ခစိုး နှင့် ဖိုးရှုပ်သည် သံအမတ်ကြီးနှင့်အတူ ရန်ကုန်မြို့သို့ ရောက်သွားလေသည်။
သူတို့သုံးဦး ရန်ကုန်မြို့လယ်တွင် လမ်းလျှောက်ပြီး လေ့လာနေကြသည်။ မီးပျက်နေသောကြောင့် တိုက်ခန်းများတွင် ဖယောင်းတိုင် ထွန်းထားကြသည်။ မြေညီထပ်တွင်ရှိသော ဆိုင်များ၊ အလုပ်ခန်းများကလည်း မီးစက် ကိုယ်စီ ဖွင့်ထားကြသည်။
ရုက္ခစိုး။ ။ သံအမတ်ကြီးရေ ရန်ကုန်မြို့ကြီးက မီးစက် ခုတ်သံတွေနဲ့ ဆူညံနေပါလားဗျ။
သံအမတ်ကြီး။ ။ ဟုတ်ပါတယ်။ ဒါတွေက နိုင်ငံတော် အစိုးရလက်ထက် စက်မှုစွမ်းအား ခေတ်ကျော်လွှားတဲ့ ကာလမှာ ပြည်သူတွေက မီးစက်တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ် ဆိုတဲ့ သဘောကို ပြပါတယ်။
ဖိုးရှုပ်။ ။ ဆိုင်းဘုတ်တွေလည်း အများသားပဲဗျို့။ ရန်ကုန်မှာ သတင်းမရေးဘဲ ဆိုင်းဘုတ်ရေးစားရင် ပိုအလုပ်ဖြစ်မယ် ထင်တယ်။ ဟော … ဟိုဆိုင်းဘုတ်မှာ ရေးထားတာ “ဟွန်းသံ ကင်းမဲ့ဇုန်” ဆိုပါလားဗျာ။
သံအမတ်ကြီး။ ။ ဟုတ်ပါတယ်။ မီးစက်ခုတ်သံတွေကြားထဲမှာ ကားဟွန်းသံတွေ ထပ်ဆင့်လိုက်ရင် ကမ္ဘာပျက်သလို ဖြစ်သွားမယ်လေ။ ဒါကြောင့် ရန်ကုန်မြို့ အေးချမ်းသာယာရေး အတွက် ဟွန်းသံ တားမြစ်ထားတာပါ။
အပြောင်းအလဲများကို လေ့လာရန် ရန်ကုန်မြို့တွင်း လိုက်လံ ပို့ဆောင်ခါမှ မီးပျက်သည့်အချိန်နှင့် တည့်တည့်တိုးနေသဖြင့် သံအမတ်ကြီး မျက်နှာ ပျက်နေသည်။
ထိုအခိုက် လျှပ်စစ်မီး ရုတ်တရက် ပြန်လာလေသည်။ လူနေအိမ်ခန်းမှ မီးများ တဖျတ်ဖျတ်နှင့် လင်းလာကာ လူအများ ပြိုင်တူ အော်လိုက်သည့် အသံကြီးတခု ပေါ်ထွက်လာသည်။
“ဟေး … …”
ထိုအသံကြီးကြောင့် ရုက္ခစိုး အလန့်တကြား ထခုန်လိုက်မိသည်။ ဒီသံအမတ် ငါတို့ကို ရန်ကုန်ခေါ်ခဲ့ပြီး ထောင်ချောက် ဆင်တာထင်တယ် ဟု လည်း တွေးလိုက်မိသည်။
ဖိုးရှုပ်။ ။ မကြောက်ပါနဲ့ ဦးရုက္ခစိုးရယ်၊ မီးပြန်လာလို့ လူတွေ ဝမ်းသာအားရ အော်တဲ့ အသံတွေပါဗျ။
ရုက္ခစိုး။ ။ မကြောက်ပါဘူး ကွ။ ရုတ်တရက်မို့ လန့်သွားတာပါ။
အိမ်များတွင် မီးပြန်လာသဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ငါးမိနစ်ခန့် အကြာတွင် မီးများ ရုတ်တရက် ပျက်ပြီး ပြန်လည် အမှောင်ကျသွားကာ စိတ်ပျက်လက်ပျက် ပြိုင်တူ ညည်းတွား အော်ဟစ်သံကြီး ပေါ်ထွက်လာသည်။
“ဟာ … … … … …”
ရုက္ခစိုး။ ။ သံအမတ်ကြီးရေ ဒါကတော့ မီးပျက်သွားတဲ့အသံ ဖြစ်မယ်ဗျ။
သံအမတ်ကြီး။ ။ မီးပျက်သွားရတာဟာ ပြည်သူတွေက စည်းကမ်းပိုင်းဆိုင်ရာ အားနည်းနေလို့ပါ။ အခုလို မီးပြန်ပေးတဲ့ အချိန်မှာ ရေစုပ်စက်၊ မီးပူ၊ ရုပ်မြင်သံကြား၊ ထမင်းအိုး စသဖြင့် လျှပ်စစ်ပစ္စည်းတွေကို အိမ်တိုင်း အိမ်တိုင်းက တပြိုင်နက် အသုံးပြုကြတဲ့အတွက် လျှပ်စစ် ဓာတ်အားပေးတဲ့ ဝန်ဆောင်မှုကို ထိခိုက်စေပါတယ်။ မီးလာတဲ့အချိန်မှာ တပြိုင်နက် မသုံးဘဲ စည်းကမ်းရှိရှိ တဖြည်းဖြည်း သုံးမယ်ဆိုရင် ဒီလို အခက်အခဲတွေကို ကျော်နိုင်မှာ ဖြစ်ပါတယ်။
သံအမတ်ကြီး ရှင်းပြနေစဉ် မီးပြန်လင်းလာပြီး “ဟေး … …” ဆိုသည့် အသံကြီး ထွက်ပေါ်လာပြန်သည်။ မိနစ်ပိုင်း အကြာမှာပင် မီးပြန်ပျက်သွားပြီး “ဟာ… …” ဆိုသည့် အသံကြီး ထွက်ပေါ်လာသည်။ ဤသို့ဖြင့် ဟေး နှင့် ဟား အသံများကို သုံးလေးကြိမ် ကြားပြီးချိန်တွင် မီးပြန်ပျက်ခြင်း မရှိတော့ပေ။
ဖိုးရှုပ်။ ။ ရန်ကုန်မှာ ဟေးခနဲ ဟားခနဲ အသံတွေ ကြားရတော့ ရွာကိုတောင် သတိရမိတယ်။ ရွာက နွားဝှေ့ပွဲမှာ ဒီအသံတွေ ကြားရတယ်ဗျ။
သံအမတ်ကြီး။ ။ ဟုတ်တာပေါ့ သတင်းထောက်ကြီးရယ်၊ ဒီအသံတွေဟာ ကျေးလက် ဒေသကို အမှတ်ရ စရာတွေ ပေါ့ဗျာ။ ဒါတွေဟာ ဆုတ်ယုတ်မှုမဟုတ်ဘူး၊ ကမ္ဘာကြီးဟာ ရွာကြီးဖြစ်နေပြီ ဆိုတဲ့ အတွေးအခေါ်မျိုး သတင်းထောက်ကြီး ဆီမှာ ရှိနေတာ နိုင်ငံတော်အတွက် အားရှိစရာပေါ့ ခင်ဗျာ။
သံအမတ်ကြီး၏ သံတမန်ဆန်သလိုလို ဂမ္ဘီရဆန်သလိုလို စကားကြောင့် ဖိုးရှုပ် အူကြောင်ကြောင် ဖြစ်သွားသည်။
ရုက္ခစိုး။ ။ ကမ္ဘာ့ရွာတွေ ရပ်ကွက်တွေ ထားလိုက်ပါဦး၊ ကျုပ်ကြားဖူးတာ ပြောရရင် ရန်ကုန်မြို့ကို ပေးဖို့ လျှပ်စစ်စွမ်းအင် အလုံ အလောက် ရှိနေတယ်။ ဒါပေမယ့် ပြည်သူတွေကို စေတနာ မရှိလို့ မီးမပေးဘဲ ဖြတ်ထားတာ တဲ့။
ဖိုးရှုပ်။ ။ ကျနော်လည်း အဲဒီလို ကြားဖူးတယ်၊ လူတွေ မီးစက်၊ ဖယောင်းတိုင်တွေနဲ့ နှစ်ပါးသွားပြီး နေရေး ထိုင်ရေး ခက်ခဲ အလုပ် ရှုပ်နေမှ နိုင်ငံရေးကို စိတ်ဝင်စားမှု နည်းမယ်၊ ဒါကြောင့် မီးဖြတ်ထားတာ တဲ့။
သံအမတ်ကြီး။ ။ ဟဲဟဲ … ဒေဝါလီတို့လို သတင်းဌာနတွေ ပြောသမျှ လူကြီးမင်းတို့ ယုံနေတာမျိုးက မဖြစ်သင့်တော့ဘူး။ နိုင်ငံတော်က စီစဉ်တဲ့ စာနယ်ဇင်းတွေကိုပဲ အားကိုးရင် လုံလောက်ပါတယ်။ ဒီလိုဗျ … ရန်ကုန်မှာ လျှပ်စစ်မီးကို အချိန်ပိုင်းပဲ ပေးတယ် ဆိုတာက ရန်ကုန်ဟာ မြို့တော် မဟုတ်တော့လို့ပဲ။
ရုက္ခစိုး နှင့် ဖိုးရှုပ် မျက်လုံးပြူးသွားကြသည်ကို ဂရုမစိုက်ဘဲ သံအမတ်ကြီးက ရုပ်တည်ဖြင့် ဆက်ပြောလေသည်။
သံအမတ်ကြီး။ ။ မြို့တော်က နေပြည်တော် ဖြစ်သွားပြီ ခင်ဗျ။ ဒါကြောင့် လျှပ်စစ်စွမ်းအင် အများစုက နေပြည်တော်ကို ရောက်သွားတာ ဖြစ်ပါတယ်။ နေပြည်တော်က ကားလမ်းတွေမှာ လူတွေ ကားတွေ မရှိလည်း မီးတွေလင်းထိန်နေတာပဲ လို့ တချို့က ဝေဖန်ကြပါတယ်။ ကျနော်တို့ အဖြေကတော့ ရှင်းပါတယ်၊ မြို့တော်အင်္ဂါရပ်နဲ့ အညီ လျှပ်စစ်မီး ၂၄ နာရီ ပေးထားရတယ်ပေါ့ ခင်ဗျာ။
ဖိုးရှုပ်။ ။ ရန်ကုန်မှာ ရှိတဲ့ လူဦးရေ ၆ သန်း ဝန်းကျင် အတွက်ရော ထည့်မစဉ်းစားတော့ဘူးလား။
သံအမတ်ကြီး။ ။ နိုင်ငံတော်က ပြည်သူတွေကို ပစ်မထားပါဘူး။ မီးမလာတော့လည်း ဓာတ်လိုက်ပြီး မသာပေါ်နိုင်ချေ နည်းတာပေါ့ လို့ အကောင်းဘက်က တွေးနိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာပြီ စွမ်းအင် လျှော့သုံးကြ လို့ နိုင်ငံတကာ မှာလည်း လှုံ့ဆော်နေတယ် မဟုတ်လား။
ရုက္ခစိုး။ ။ ဒါကတော့ ဒါပေါ့ကွာ၊ နို့ပေမယ့် လူအများ နေထိုင်ရေး အဆင်ပြေဖို့က လျှပ်စစ်မီး လိုတာပေါ့။ အဆင်မပြေရင် လူတွေက အစိုးရကို မုန်းမှာပေါ့။
သံအမတ်ကြီး။ ။ အစိုးရကိုတော့ မုန်းပြီးသား … အဲ … နိုင်ငံတော်က လျှပ်စစ်မီး အတွက် ဝန်ကြီးဌာနတွေ ဖွဲ့ပေးထားပါတယ်။ အမှတ် ၁ နဲ့ အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဆိုပြီး လုပ်ထားပါတယ်။ နောက်ပိုင်း အမှတ် ၃၊ ၄၊ ၅ ဆိုတာတွေ လာနိုင်ချေ ရှိပါတယ်။
ရုက္ခစိုး။ ။ လျှပ်စစ်ဝန်ကြီးဌာန ၃၊ ၄၊ ၅ ပေါ်လာရင် ရန်ကုန်မှာ မီးလာပြီ ဆိုတဲ့ သဘောလားကွ။
သံအမတ်ကြီး။ ။ ဒါက ဒီလိုရှိပါတယ်ခင်ဗျ။ လျှပ်စစ် စွမ်းအင်ကို အိမ်နီးချင်းနိုင်ငံတွေက ဝယ်တဲ့အတွက် သူတို့ကိုလည်း ရောင်းပေးရပါတယ်။ နိုင်ငံခြားငွေ ရတော့ နိုင်ငံတော်အတွက် အကျိုးရှိတာပေါ့ခင်ဗျာ။
သံအမတ်ကြီး၏ စကားကြောင့် ဖိုးရှုပ် ဒေါသ ထွက်သွားသည်။
ဖိုးရှုပ်။ ။ အဲဒီငွေတွေ အိတ်ထဲထည့်လို့ နိုင်ငံတော် အကျိုးရှိတာတော့ ဟုတ်ပါပြီ၊ အရပ်သားတွေ အတွက် အကျိုးရှိတယ်လို့ ဘယ်ပြောနိုင်ပါ့မလဲ။
သံအမတ်ကြီး။ ။ အရပ်သားတွေ အတွက်လည်း အင်မတန် ကောင်းတဲ့ အခြေအနေတွေ ရှိပါတယ်။ မီးကို အချိန်ပိုင်းပဲ ပေးတဲ့အတွက် မီတာခ သက်သာမယ်၊ ဖယောင်းတိုင်၊ မီးစက် လုပ်ငန်းရှင်တွေ အဆင်ပြေမယ်။ ဒီလုပ်ငန်းမျိုးတွေ အတွက် အလုပ်အကိုင်တွေ ပေါမယ်။
ဖိုးရှုပ်။ ။ ဟုတ်ပါပြီ သံအမတ်ကြီးရယ်၊ ကဲ … ကျုပ်ကတော့ ဗိုက်ဆာပြီဗျို့၊ ဟော … ဟို လက်ဖက်ရည်ဆိုင်မှာ တခုခု စားကြတာပေါ့။
လက်ဖက်ရည်ဆိုင်တွင် လူပြည့်နေသည်။ ကံအားလျော်စွာ စားပွဲတလုံး လွတ်နေသဖြင့် ဝင်ထိုင်ပြီး မှာယူ စားသောက်ကြလေသည်။
ဖိုးရှုပ်။ ။ ဒီဆိုင်က အစားအသောက်တွေ သိပ်မစွံပါဘူးဗျာ။ ဒါနဲ့များ ဆိုင်က လူပြည့်နေတာ အံ့သြစရာပဲ။
ရုက္ခစိုး။ ။ သတင်းထောက်ဖြစ်ပြီး ညံ့လိုက်တာ၊ ဒီည ဘောလုံးပွဲ ရှိတယ်လေကွာ မင်းမသိဘူးလား၊ မီးပျက်ရင် ဆိုင်က မီးစက်ခုတ်ပြီး တီဗီဆက်ပြမှာဆိုတော့ ဘောလုံးပွဲကြည့်မယ့်ပရိသတ်တွေ ဒီမှာ လာစုနေတာပေါ့ကွ။
ထိုအခိုက် မီးပြတ်သွားသဖြင့် “ဟာ … … ” ဆိုသည့် အသံကြီး ထွက်ပေါ်လာသည်။ ဘေးမှ လူငယ်တဦးက “အယ်ဒီဆင်ကို ဂုဏ်ပြုပြန်ပြီဟေ့” ဟု အော်ပြောလိုက်သည်။
ဖိုးရှုပ်။ ။ အဟုတ်ပဲဗျို့၊ အယ်ဒီဆင်ကို ဂုဏ်ပြုပြန်ပြီ … ဟဲဟဲဟဲ … ။
သံအမတ်ကြီး။ ။ (လက်ဖက်ရည်ကြမ်း တငုံ သောက်လိုက်ပြီး) ဘာလဲဗျ၊ ဘာရယ်တာလဲ၊ အယ်ဒီဆင် ဆိုတဲ့လူက ဘာလဲ။
ရုက္ခစိုး။ ။ အယ်ဒီဆင် ဆိုတာ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တဲ့ အမေရိကန်ကြီးကို ပြောတာပေါ့။ သူ သေတော့ အသုဘချတဲ့နေ့မှာ အမေရိကန် ပြည်သူတွေက မီးလုံးတွေ တမိနစ် ပိတ်ပြီး သူ့ကို ဂုဏ်ပြုကြတယ် တဲ့။
ဖိုးရှုပ်။ ။ အဟုတ်ပဲဗျို့၊ အမေရိကန်တွေက အယ်ဒီဆင်ကို မေ့ကုန်ကြပါပြီ။ မြန်မာပြည်မှာတော့ သူ့ကျေးဇူးကို မမေ့သေးဘူး။ နေ့တိုင်း ဂုဏ်ပြုကြတယ်။ မဟုတ်ဘူးလား သံအမတ်ကြီး။
ရုက္ခစိုး နှင့် ဖိုးရှုပ်၏ ရှင်းလင်းချက်များကို နားထောင်ပြီး သံအမတ်ကြီး လက်ဖက်ရည် သီးသွားလေသည်။ ခွက်ထဲမှ လက်ဖက်ရည်ပူများလည်း ပေါင်ပေါ်သို့ ဖိတ်ကျသဖြင့် အလန့်တကြား ထခုန်လိုက်လေသည်။ ။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။
No comments:
Post a Comment