6.08.2009

နအဖ ပြောတဲ့အတိုင်း ငြိမ်းအဖွဲ့တွေ လက်ခံကြမလား


၅ ဇွန် ၂၀၀၉

တရုတ်-မြန်မာနယ်စပ်တလျှောက်က အပစ်ခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းအဖွဲ့တွေကို နယ်ခြားစောင့် တပ် အဖြစ် အသွင်ပြောင်းပြီး ကက(ကြည်း) အောက်မှာ ဖွဲ့စည်းဖို့၊ အသက်အရွယ် (၅၀) အထက် ခေါင်းဆောင် ပိုင်းတွေ အနေနဲ့ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဧပြီ (၂၈) ရက်နေ့မှာ နအဖဘက်က ကမ်းလှမ်း ထားခဲ့ပါတယ်။ အဲဒီအပေါ် ငြိမ်းအဖွဲ့တွေရဲ့ ပြန်လည်တုံ့ပြန်မှုက ဒီကနေ့အထိ တရားဝင် ထွက်မလာသေးပေမယ့် သူတို့ရဲ့တုံ့ပြန်မှု ကတော့ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနဲ့ အပြောင်းအလဲကို တစုံတရာ သက်ရောက်စေမှာ ဖြစ်ပါတယ်။

အထူးသဖြင့် အင်အား (၃၀,၀၀၀) ၀န်းကျင်ရှိတဲ့ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ အင် အား (၅,၀၀၀) ၀န်းကျင်ရှိတဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ရဲ့ သဘောထားအပေါ် စောင့်ကြည့်ကြ ရမှာပါ။ ‘၀’ တပ်ဖွဲ့အတွင်း ခေါင်းဆောင်ပေါက်ယိုချန်းတို့ တရုတ်နွယ်ဖွား ညီအကိုနဲ့ ရှမ်းပြည်တောင်ပိုင်းက ဝေဆူကန်း ဦးဆောင်တဲ့ (၁၇၁) တပ်မဟာတို့အကြား ခေါင်းဆောင်ချင်း မသင့်မမြတ်ဖြစ်နေသလို နအဖ ဘက်ကလည်း ဝေဆူကန်းတို့ ‘၀’ တပ်မဟာကို သွေးခွဲစည်းရုံးနေတဲ့ သတင်းထွက်ပေါ်နေတဲ့အပေါ် မဟုတ်မှန် ကြောင်းနဲ့ ပန်ဆန်းဗဟိုဌာနချုပ် တခုတည်းအောက်မှာ ‘၀’ တပ်ဖွဲ့တွေ စည်းလုံးညီညွတ်နေတယ်ဆိုတာ ပြီးခဲ့တဲ့ အနှစ် (၂၀) မြောက် ငြိမ်းချမ်းရေး ပွဲတော်အတွင်း (၁၇၁) တပ်မဟာက လူအင်အား (၅၀၀) ကျော် ပန်ဆန်းကို လာရောက်ပြီး စစ်ရေးပြနဲ့ ကိုယ်ခံပညာသရုပ်ပြပွဲကို ပြုလုပ်ကာ သက်သေပြထားပါတယ်။

၂၀၀၃ ခုနှစ်ဝန်းကျင်က နအဖရဲ့သွေးခွဲမှုကြောင့် သဲကြီးမဲကြီး အသေအကျေ တိုက်ခဲ့ကြတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့နဲ့ ‘၀’ တပ်ဖွဲ့အကြား ပြန်လည်သင့်မြတ်လာသလို ‘၀’ ငြိမ်းချမ်းရေးပွဲတော်ကို ရှမ်း ကိုယ်စားလှယ်တွေ ဖိတ်ကြားတက်ရောက်စေခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကလည်း ‘၀’ ဒေသကို ရှမ်းပြည် မြောက်ပိုင်း အထူးဒေသ (၂) လို့ နအဖဘက်က အမည်ပေးသတ်မှတ်ထားတာကို မြန်မာနိုင်ငံ၊ အထူးဒေသ(၂)၊ ‘၀’ ပြည်နယ်အစိုးရ ဆိုပြီး ကိုယ့်ဘာသာကို နာမည်ပြောင်းခဲ့တဲ့ ‘၀’ တပ်ဖွဲ့အပေါ် အစာမကြေ ဖြစ်နေကြတဲ့ နအဖဗိုလ်ချုပ်တွေနဲ့ နယ်မြေခံ စစ်တိုင်းမှူးတွေကို ထပ်ပြီး မျက်လုံးထဲ သဲပက်လိုက်သလို ဖြစ်သွားစေပါတယ်။ ဒါကြောင့်လည်း အဲဒီပွဲကို နယ်မြေခံစစ်ဗျူဟာမှူး အဆင့်လောက်သာ စေလွှတ်ခဲ့တာလို့ သုံးသပ်ရပါတယ်။

နအဖဘက်က ကမ်းလှမ်းချက်ကို လုံးဝလက်ခံမှာမဟုတ်ကြောင်း ခရိုင်၊ မြို့နယ်အဆင့် အစည်းအဝေးတွေကနေ ဆုံးဖြတ်ထားပြီး ဗဟိုဌာနချုပ်ကလည်း လက်ခံမှာမဟုတ်ဘူးလို့ ‘၀’ တပ်မှူးတဦးက ထုတ်ဖော်ပြောဆို ထားပါ တယ်။ ‘၀’ ဗဟိုဌာနချုပ်က ဇွန်လ (၃၀) ရက်နေ့မှာ နအဖရဲ့ ကမ်းလှမ်းမှုအပေါ် တရားဝင် အကြောင်းပြန်ကြား ရမှာဖြစ်လို့ မကြာခင်ကာလမှာ ‘၀’ တပ်ဖွဲ့ရဲ့တုံ့ပြန်မှုကို တွေ့မြင့်ရတော့မှာပါ။

‘၀’ တပ်ဖွဲ့ပြီးရင် ဒုတိယအင်အားအတောင့်တင်းဆုံးဖြစ်တဲ့ ကေအိုင်အိုကတော့ သူ့တပ်ဖွဲ့အတွင်းနဲ့ ကချင်ပြည် နယ်သူ၊ ပြည်နယ်သား၊ ပြည်ပရောက် ကချင်လူထုထံကနေ အကြံဉာဏ်ရယူသွားမယ့်အကြောင်း မေလ (၁၄) ရက် နေ့စွဲနဲ့ ကေအိုင်အိုက ကြေညာချက်တစောင် ထုတ်ပြန်ထားပြီး ဒေသခံလူထုတွေ၊ ရပ်မိရပ်ဖတွေ၊ ဘာသာ ရေးခေါင်းဆောင် တွေနဲ့ တွေ့ဆုံနေပါတယ်။ ဘယ်အချိန်မှာမှ တုံ့ပြန်မယ်ဆိုတာ မသိရသေးပါဘူး။ အဲဒီလို အချိန် ယူ ဆွေးနွေးစဉ်းစားနေမှု အပေါ် မေလ (၂၀) ရက်နေ့က ဗိုလ်ချုပ်ရဲမြင့်နဲ့ မြစ်ကြီးနားမှာ တွေ့ဆုံစဉ်မှာ အသွင်ပြောင်းရေးကိစ္စ အမြန်အကြောင်း ပြန်ဖို့ ဖိအားပေးခဲ့တယ်လို့ ကေအိုင်အို သတင်းရပ်ကွက်က သိရပါ တယ်။

ကေအိုင်အိုအဖွဲ့အနေနဲ့ နောက်တက်လာမယ့် အစိုးရအဖွဲ့သစ်နဲ့မှသာ ဆွေးနွေးမယ်ဆိုပြီး အစောပိုင်းကာလများ ကတည်းက မူချမှတ်ထားတာဖြစ်လို့ ယခုလို အဖွဲ့ရဲ့ သေရေးရှင်ရေး ကိစ္စရပ်အပေါ် အချိန်တိုအတွင်း ဆုံးဖြတ် ချက်ချဖို့ အဆင်သင့်မဖြစ်သေးတာတော့ သေချာပါတယ်။ ကျန်တဲ့ အခြားကချင်ငြိမ်းအဖွဲ့က ကိုယ်စားလှယ်တွေ၊ အရပ်သားတွေ ပါဝင်တဲ့ ကြားကာလလုပ်ငန်းကော်မတီမှာ ကေအိုင်အို ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ တူးဂျာက ပါဝင်နေပြီး ပါတီနိုင်ငံရေးမဆန်တဲ့ လှုပ်ရှားမှုအချို့ လုပ်ကိုင်နေသော်လည်း အခြားတဘက်မှာတော့ ကေအိုင်အေတပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်နေပါတယ်။

ပြီးခဲ့တဲ့ဧပြီလ (၆) ရက်နေ့က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားတဲ့ ကေအိုင်အေ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဇော်နန် နေရာကို ဗိုလ်မှူးကြီးဂွန်မော်နဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။ ကေအိုင်အိုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ကေအိုင်အို သုတေသနနဲ့ မှတ်တမ်းဌာနတာဝန်ခံ ဗိုလ်မှူးကြီး ဂွန်မော်ဟာ တိုက်ခိုက်ရေးဘက်မှာ ထူးချွန်တဲ့ တပ်မှူးတယောက် ဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ကေအိုင်အိုဗဟိုဌာနချုပ်အနီးက ဘရန်ကောင် အမည်ရှိ နအဖ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့လို့ ကေအိုင်အိုအဖွဲ့က ပေးအပ်တဲ့ အမြင့်ဆုံး သူရဲကောင်းဆုကို ရရှိထားသူဖြစ်ပါတယ်။

ကေအိုင်အေတပ်မတော်ကို ဖျက်သိမ်းကာ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ နအဖဘက်က ဖိအားပေး နေချိန်မှာ ကေအိုင်အေတပ်မတော်အဖွဲ့ရဲ့ တပ်ဖွဲ့စည်းပုံဖြည့်လိုက်တာကလည်း ထူးခြားမှုတခုပါ။ အမျိုးသားရေး အတွက် အသက်သွေး၊ ချွေး မြောက်မြားစွာ ရင်းနှီးပြီး ဆယ်စုနှစ်များစွာ ကြာမြင့်လာသည့် ယနေ့အထိတိုင် ဖွဲ့စည်း ရပ်တည် ထားခဲ့တဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကို နအဖထံ လွယ်လင့်တကူ ထိုးအပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာတော့ ‘၀’ နဲ့ ကေအိုင်အိုတပ်မှူးတွေ တသဘောတည်း ရှိကြပါတယ်။

နအဖရဲ့ ငြိမ်းအဖွဲ့တွေအပေါ် ယခုကမ်းလှမ်းချက်ဟာ လက်နက်ချတာထက် ဆိုးတယ်လို့ တရုတ်-မြန်မာ စစ်ရေး အကဲ ခတ် ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

“အခုက လူရော၊ လက်နက်ရော ရန်သူ့ဆီအပ်ရမှာ။ တပ်မနှစ်ခုစာလောက် အင်အား သူ့ဆီကို ရောက်သွားမယ်။ ပြီးတော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို ခိုင်မာအောင်လုပ်ပေးသလို ဖြစ်သွားမယ်”ဟု ၎င်းက ပြောပါတယ်။

နအဖအနေနဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်အချို့အား မက်လုံးပေး၊ စည်းရုံး သိမ်းသွင်းထားနိုင်ခြေရှိ၍ နအဖရဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကမ်းလှမ်းမှုအပေါ် လက်ခံရေး၊ မလက်ခံရေး အဖွဲ့အတွင်း အချင်းချင်း သွေးကွဲနိုင်ကြောင်းလည်း သူက သုံးသပ်ပါတယ်။

ငြိမ်းချမ်းရေးရယူထားတဲ့ အနှစ် (၂၀) ကာလ ဒေသအတွင်း ဆောက်လုပ်ခဲ့တဲ့ လမ်း၊ တံတား၊ ရေအားလျှပ်စစ်စက်ရုံ၊ တိုက်တာအဆောက်အဦနှင့်အပြိုင် တော်လှန်ရေးသမားတို့ရဲ့ ကိုယ်ပိုင်ဓနဥစ္စာများ ကလည်း အပြိုင်းအရိုင်း ဖြစ်ထွန်းလာ ခဲ့တာမို့ ယခုအခါ ငြိမ်းချမ်းရေးဖျက်ပြီး စစ်ပြန်တိုက်မယ်ဆိုရင်တောင် ယခင် လက်နက်ကိုင်တိုက်ပွဲကာလတွေတုန်းက ရှိခဲ့တဲ့ သတ္တိမျိုး၊ စိတ်ဓာတ်မျိုး၊ စွန့်လွှတ်မှုမျိုးထက် ပိုပြီး ပြင်ဆင်ထားရမှာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment