6.11.2009

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချပြီးနောက်


E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး လျှောက်လဲချက် ပေးခြင်းနှင့် တရားရုံးမှ အမိန့်ချ မှတ်ခြင်းကို နောက်ထပ် ရက်ရွှေ့ဆိုင်း လိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ ထွက်ပေါ်လာမည့် ရလဒ်က ပြောင်းလဲမည် မဟုတ်ပါ။

နိုင်ငံတကာ၏ အမျက်ဒေါသနှင့် သံတမန်ရေးဆိုင်ရာ ဖိအားတို့ကို လျစ်လျူရှု၍ အင်းလျား ကန်ကို ရေကူးပြီး ရောက်ရှိ လာသော အမေရိကန်ခရီးသွားကို လက်ခံခဲ့မှုဖြင့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်အား အင်းစိန်ထောင်တွင်း တရားရုံးက အပြစ်ရှိကြောင်း ဆိုပါလိမ့်မည်။ ထောင် ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ပါသည်။

အင်းစိန်ထောင်ထဲတွင် လူတဦးဦးကို အကျဉ်းချထားခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိဟု ယူဆမည် ဆိုပါက အသက် ၆၃ နှစ်အရွယ် အားအင်ချိနဲ့နေသော အမျိုးသမီးတဦး ထိုငရဲခန်းထဲတွင် မည်မျှ ကြာကြာ အသက်ဆက်ရှင် နိုင်မလဲ ဆိုသည်ကို မစဉ်းစားဘဲ မနေနိုင်ကြပါ။

သိမ်မွေ့နူးညံ့သော အသိုင်းအ၀န်းတွင် ကြီးပြင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ရက်စက်ကြမ်း တမ်းသော အကျဉ်းထောင် အာဏာပိုင်များလက်ထဲ ရောက်ရှိတော့မှာ ဖြစ်ပါသည်။ သူမ၏ နေထိုင်ရေးမှာ အဆင်ပြေ နိုင်သေး သော်လည်း လူ့ဂုဏ်သိက္ခာနှင့် အညီနေရချင်မှ နေရပါလိမ့်မည်။ အစားအသောက်နှင့် ကျန်းမာရေး ဆိုင်ရာပိုင်းတွင်လည်း သိသိသာသာ လျော့ပါးသွားပါလိမ့်မည်။

တခြားသော နိုင်ငံရေးအကျဉ်းသားများကို ဆက်ဆံခြင်းမျိုးဖြင့် နေပြည်တော်ရှိ လူမဆန်သော စစ်ဗိုလ်ချုပ်များက သူမ၏ ကျန်းမာရေးနှင့် စိတ်ဓာတ်ကို ရိုက်ချိုးပစ်ရန် မျှော်လင့်ထားပုံလည်း ရပါသည်။

သွေးအားနည်းခြင်း၊ ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်ခြင်းနှင့် အစာခြေနိုင်မှုအားနည်းခြင်းတို့ကို ခံစားနေရသော ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းထောင်ထဲတွင် ကျန်းမာရေးချို့တဲ့မှုကို ပိုပြီးခံစားရလိမ့်မည်ဟု လူအများ က ယုံကြည်နေကြပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အကြီးအကျယ် စိုးရိမ်နေသည်ဟု ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။ ခြေထောက်ကြွက်တက်သော ဝေဒနာကြောင့် ညဘက်တွင် မအိပ် နိုင် ဖြစ်နေသည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားပါသည်။

“အမျိုးသမီးတယောက်အနေနဲ့ ကျမ သူ့ကိုစိုးရိမ်မိပါတယ်”ဟု ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင် တဦး ဖြစ်သော ဒေါ်ခင်ဥမ္မာက မကြာသေးခင်က ပြုလုပ်သည့် ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်ခန်းတွင် ပြောပါ သည်။

“သူ့အသက် ၆၄ နှစ်ထဲရောက်နေပါပြီ၊ အမျိုးသမီးတယောက်မှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာမျိုး သူဖြစ် နေချိန်မှာ သူလက်ခံရရှိနိုင်တဲ့ ဆေးဝါးကုသမှုမျိုးကို ကျမတွေးကြည့်လို့ရပါတယ်၊ စစ်အစိုးရရဲ့ ရက်စက်တဲ့ အပြုအမူတွေ အောက်မှာ သူရရှိနေတဲ့ အမုန်းတရားကို ကျမ ခံစားကြည့်လို့ရပါတယ်”ဟု လည်း ဒေါ်ခင်ဥမ္မာက ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် အားနည်းခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားနည်းခြင်း ဖြစ်သည် ဆိုသည်ကို သံသယရှိစရာမလိုပါ။ ထိုအခြေအနေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့က လိုချင်နေသည်မှာ အသေအချာ ပင် ဖြစ်ပါသည်။

အသေးအဖွဲ လုံခြုံရေးဆိုင်ရာပုဒ်မတခုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းသည် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲပြီးသည်အထိ သူမကို ဆက်လက် ထိန်းသိမ်းထားရန် အကြောင်းပြချက်တခုကို စစ်အစိုးရ ရှာတွေ့သွားခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောဆိုကြပါသည်။ ထိုအခါ နိုင်ငံရေးအရ ဖြေရှင်းမရဘဲ ပိတ်ဆို့ နေမှုများကို ဖယ်ရှားနိုင်ရေးအတွက် ခပ်ရေးရေး မျှော်လင့်ချက်များသည်လည်း အဆုံးသတ်သွားပါလိမ့်မည်။

မေလအစောပိုင်းက ထုတ်ပြန်ခဲ့သည့် `ရွှေဂုံတိုင်ကြေညာချက်´ ဟုအမည်ပေးထားသော မူဝါဒသဘောထား ကြေညာချက်တွင် စစ်အစိုးရက အခြေခံအချက် (၃) ချက်ကို လိုက်လျောခဲ့လျင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဖော်ပြခဲ့ပါသည်။ ထိုအချက် (၃)ချက်မှာ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီနှင့် မကိုက်ညီသောအချက် များကို ပြင်ဆင်ပေးရေးနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု အောက်တွင် အားလုံးပါဝင်သော လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး တို့ဖြစ်ပါသည်။

ယခုအခါတွင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် မဲအများစုဖြင့် အနိုင်ရခဲ့သောပါတီသည် စစ်အစိုးရက စီစဉ်ထား သော ရွေးကောက်ပွဲကို သပိတ်မှောက်ရုံမှအပ အခြားနည်းလမ်းမရှိတော့ပါ။

“တကယ်လို့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပစ်ရှိတယ်လို့ မမျှမတ စီရင်လိုက်ရင်၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲကို ၀င်ရောက်ဆင်နွှဲမယ့်ပြည်သူတွေနဲ့ နိုင်ငံရေးပါတီများရဲ့ ဖြစ်နိုင်ခြေနည်းလမ်းအားလုံးဟာ ပျက်စီး သွားပါလိမ့်မယ်”ဟု ထင်ရှားသော သတင်းစာဆရာနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အတိုက်အခံ ခေါင်းဆောင် ဦးဝင်းတင်က ဧရာဝတီမဂ္ဂဇင်းကို ပြောပါသည်။

သို့သော်လည်း ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဲ့သို့ နိုင်ငံရေး ပါတီများ အတွက် လွယ်ကူသော ကိစ္စတရပ်မဟုတ်ဘဲ အန္တရာယ်ကြီးပါသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် သုံးဦး စာရင်းမတင်သွင်းနိုင်သော နိုင်ငံရေး ပါတီ သည် ဖျက်သိမ်းခြင်း ခံရပါမည်။ ထိုသို့ဖျက်သိမ်းပြီးပါက စစ်အစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သို့မဟုတ် အခြား နိုင်ငံတကာတုံ့ပြန်မှုတို့ကို ဂရုမစိုက်ဘဲ ပါတီဝင်များကို မတွန့်မဆုတ် နှိမ်နင်းသွားပါလိမ့်မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်အစိုးရက ဖျက်သိမ်းလိုက်လျှင် ပါတီတွင်းရှိ အသက်အရွယ်ကြီးရင့်သော ခေါင်းဆောင်များမှာ အဖမ်းမခံဘဲ ပါတီမှ အနားယူသွားကြပါလိမ့်မည်။ လူငယ်အဖွဲ့ဝင်များသည် ပြည်ပသို့ ထွက်ပြေးသူရှိ သလို အဖမ်းခံရသူများလည်း ရှိပါလိမ့်မည်။

မကြာမီအချိန်အတွင်း ပါတီဌာနချုပ်ကို လုံခြုံရေးတပ်ဖွဲ့များ ၀င်ရောက်စီးနင်းလိမ့်မည်ဟု စိုးရိမ်စိတ်ကြောင့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပါတီရန်ပုံငွေများကို ဆိုင်ကလုန်း နာဂစ်ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်း ကဲ့သို့သော နေရာများတွင် မြန်မြန်သုံးစွဲချင်နေကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးစပ်သော အသိုင်းအ၀န်း က ပြောဆိုပါသည်။

ယခုအချိန်တွင် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီထောက်ခံလိုလားသူများသည် အကူအညီမဲ့၊ မျှော်လင့်ချက်မဲ့ နေ ကြပါသည်။ ပြည်သူများသည် သူတို့အလွန်ချစ်ခင်လေးစားသော အမျိုးသမီးတဦးကို မတရားသဖြင့် လုပ်နေခြင်းကို အာခံပြီး လမ်းမပေါ်ထွက်ခြင်းမျိုး ပြုလုပ်ရန် ကြောက်ရွံ့နေကြပါသည်။

နှိပ်စက်ညှဉ်းပန်းမှုနှင့် အကြမ်းဖက်မှုကို အုပ်ချုပ်သူ အာဏာပိုင်များကိုယ်တိုင် စံနစ်တကျ ကျူးလွန်နေသော နိုင်ငံတခု ၌ ၂၀၀၇ ခုနှစ်က ဗုဒ္ဓဘာသာရဟန်းတော်များဦးဆောင်သည့် လူထုဆန္ဒပြပွဲများကို သွေးထွက်သံယို နှိမ်နှင်းခဲ့သော ဖြစ်ရပ်များကို ပြည်သူအများအပြားသည် မမေ့နိုင်ကြသေးဘဲ အကြောက်တရားအောက်တွင် နေထိုင်နေကြရပါသည်။

ရန်ကုန်မြို့တွင်နေထိုင်သော စီးပွားရေးသမားတဦးက ပြည်သူတွေ စစ်အစိုးရကို ကြောက်ရွံ့ပုံအား ယခုကဲ့သို့ ပြောပြ ပါသည်။

“ရန်ကုန်မြို့ကြီးဟာ ကားဟွန်းသံတွေနဲ့ ဆူညံနေခဲ့တာ အသားကျနေပါပြီ၊ ဒါပေမယ့် ရန်ကုန်မြူနီစီပယ် အာဏာပိုင် တွေက ကားဟွန်းတီးသူကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ကြေညာလိုက်တဲ့ အခါမှာတော့ ရန်ကုန်မြို့ကြီးဟာ ရုတ်တရက် တိတ်ဆိတ်သွားပါတယ်”ဟု သူ၏အတွေ့အကြုံကို ပြောပါသည်။ ။

No comments:

Post a Comment