“မီးသတ်သမားတို့ရေ .. ခင်ဗျားတို့ ဘွတ်ဖိနပ် ကြမ်းကြမ်းကြီးနဲ့ ငါ့နှလုံးသားပေါ် တက်မနင်းကြပါနဲ့ .. မီးလောင်ခံထားရတဲ့ နှလုံးသားမှာ အနမ်းနဲ့ တက်မှရတာကွဲ့”
ချင်းမိုင်မြို့ ဝါဝီကော်ဖီဆိုင်တွင် ထိုင်ရင်း ရုတ်တရက် ထအော်လိုက်သော ဖိုးရှုပ် အသံကြောင့် အင်တာနက် သတင်း ဖတ်နေသည့် ကြွက်စုတ်နှင့် ငိုက်နေသော ဦးရုက္ခစိုးတို့ လန့်သွားသည်။

ကြွက်စုတ်။ ။ ဟေ့ကောင် ဖိုးရှုပ် မင်းရူးသွားပြီလား။
ရုက္ခစိုး။ ။ ဟုတ်ပါ့ကွာ .. အိပ်မက်ထဲမှာ နတ်သမီးလေးတွေ တဘက်လေး ငါးရာနဲ့ ဇိမ်ကျနေတာ တောင် ဘယ်ရောက်သွားလဲမသိဘူး။ ဘာတွေလည်းကွာ။
ဖိုးရှုပ်။ ။ ဟာ ညံ့လိုက်ကြတာ .. ဒါ မာယာကော့စကီးရဲ့ ဘောင်းဘီဝတ် မိုးတိမ်လေ။ ကျုပ်က ဘောင်းဘီဝတ် ချင်းမိုင်ကို ခံစားနေတာဗျ။
ဖိုးရှုပ်က ပြောရင်း မျက်စိပေကလပ် ပေကလပ်ဖြင့် ဝင်လာသမျှ ထိုင်းမလေးများကို အလွတ်မပေးဘဲ ငမ်းနေသည်။
ကြွက်စုတ်။ ။ ဟေ့ကောင် မင်းက သတင်းသမားနော်။ ဘာ မာယာကော့စကီးလဲ။ ဘယ်တုန်းက မင်း ကဗျာဆရာတွေအကြောင်း ပြောဖူးလို့လဲ။ ထူးထူးဆန်းဆန်း။
ဖိုးရှုပ်။ ။ သတင်းသမားလည်း ခံစားတတ်တဲ့ နှလုံးသားနဲ့ပဲကွ။ …… …… …… မေမေ .. မေမေ .. သားတော့ လှလှပပ ဖျားပေါ့ ..။
ကြွက်စုတ်။ ။ ဟေ့ကောင် ဖျားမှတော့ လှလှပပ မဖျားဘူး။ ဝက်တုပ်ကွေး ဖြစ်ပြီး နှာရည်တရွှဲရွှဲဖြစ်မှာ၊ နားလည်လား။ ဦးရုက္ခစိုးကလည်း ငိုက်မနေစမ်းပါနဲ့ဗျာ။ ဒီမှာ မြောက်အလှည့် တောင်အဝင် ဖြစ်နေပြီဗျ။
ဖိုးရှုပ်။ ။ ဘာလဲကွာ မြောက်အလှည့် တောင်အဝင် ပြောလိုက်ရင် အသစ်တွေချည်းပဲ။ ဘယ်မျောက်က ဘယ်ကိုလှည့်ပြီး ဘယ်တောင်က ဘယ်ထဲဝင်တာလဲ။ ဒီမှာ ခံစားနေတာ အာရုံပျက်တယ်။
ကြွက်စုတ်။ ။ မြောက်ကိုရီးယားသင်္ဘောကြီးက ပြန်လှည့်နေပြီ။ ဒီအချိန်မှာ ဘန်ကီမွန်းဆိုတဲ့ တောင်ကိုရီးယားသားကြီးက မြန်မာပြည်ဝင်မယ်။ အဲဒါကို ပြောတာ။
ဖိုးရှုပ်၏ စကားကြောင့် ဦးရုက္ခစိုး ငိုက်နေရာမှ ပျင်းကျောဆန့်ရင်း သန်းလိုက်သည်။
ရုက္ခစိုး။ ။ ဝှားလားလားလားလား … ဘန်ကီမွန်းသူ့ဟာသူ သွားတော့ ဘာဖြစ်လဲကွ ..၊ မင်းဟာကလည်း ဒီမှာ ငိုက်တာ ကောင်းကောင်းမငိုက်ရဘူး။
ကြွက်စုတ်။ ။ ခက်ပါလား ဦးရုက္ခစိုးရယ်။ ဒီတကြိမ်မှာ ရလဒ်ကောင်းတွေ ဆောင်ကျဉ်းလာနိုင် မလား ဆိုတာ လူတိုင်းစိတ်ဝင်စားရမယ့် ကိစ္စလေဗျာ။
ရုက္ခစိုး။ ။ ရလဒ်ကောင်း မကောင်းတော့မသိဘူး ဓာတ်ပုံတွေကတော့ တော်တော် ကောင်းမှာ။ ဘန်ကီမွန်းက ချိုကုပ်ဒူးကြီးနဲ့ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်ဖြစ် ဓာတ်ပုံတွေ တွဲရိုက်လာမှာတော့ အသေအချာပဲဟ။
ကြွက်စုတ်။ ။ ဟာ ဦးရုက္ခစိုးကလည်း ကျနော်က စကားအကောင်းပြောနေတာဗျ။ တော်ပါပြီဗျာ ဒီလောက် အရေးကြီးနေတဲ့အချိန်မှာ ဦးရုက္ခစိုးကလည်း မလှုပ်မချောက်၊ ဟိုကောင် ဖိုးရှုပ်ကလည်း သတင်းရေးနေရာက ကဗျာ ပြောင်းရေးတော့မလားမသိဘူး။
ဖိုးရှုပ်။ ။ ခုချိန်မှာ ငါ့ရဲ့ နှလုံးသားက သိပ်ကို နုနေတယ် ကြွက်စုတ်။ .. ကောင်မလေးရယ် .. မင်းရဲ့ နှင်းဆီခင်း ပါးပြင်လေးမှာ .. ငါ့ရဲ့ နှာခေါင်းလိပ်ပြာလေးကို နားခွင့်ပြုမှာလား ..။
ကြွက်စုတ်။ ။ တောက် .. မာယာ ရှုပ်စကီးနဲ့ လာတွေ့နေတယ်ကွာ။ နှာခေါင်းနဲ့ နှင်းဆီခင်းတော့ တွေ့မှာမဟုတ်ဘူး သင်္ဘောသီးထောင်းတဲ့ ကျည်ပွေ့နဲ့ပဲ ထုခံရမှာ…။
ကြွက်စုတ်က ပွစိပွစိ ရေရွတ်ရင်း ဖိုးရှုပ်ကို မျက်စောင်း ထိုးကာ အင်တာနက်ဝက်ဘ်ဆိုက်များကို တခုပြီး တခု ဖွင့်ချည်ပိတ်ချည် လုပ်နေသည်။
ကြွက်စုတ်။ ။ ဟာ .. လူရွှင်တော် မန်းဝင်းကြီးက ပါးရှားဇာတ် ပြောင်းကမယ်ထင်တယ် ကြည့်ပါဦး။
ဒီတချီတော့ ဖိုးရှုပ်လည်းမနေနိုင်တော့ ..။ ဦးရုက္ခစိုးလည်း ဘယ်လိုမှ ဆက်ငိုက်လို့ မရတော့ဘဲ ကြွက်စုတ် ကြည့်နေရာသို့ လိုက်ကြည့်လိုက်ကြရသည်။
ဖိုးရှုပ်။ ။ တော်တော် ပေါက်ကရပြောတဲ့ကောင်ပဲကွာ။ ငါမပါလို့ မရတော့ပါလား။ အဲဒါကြွက်ချုပ်ကြီး သတင်းစာ ရှင်းလင်းပွဲ လုပ်နေတာကွ။ မှန်းစမ်း .. သြော် ကြွက်ချုပ်ကြီးကလည်း ဝက်တုပ်ကွေး ကာကွယ် ရေး သရုပ်ပြသားပဲကွနော်။ မဆိုးဘူး .. အခု ရန်ကုန်မှာ နှာခေါင်းစည်းတွေ ဈေးတက် နေတာနဲ့ အတော်ပဲ။ ဖက်ရှင်တောင် ဖြစ်သေးတယ်။
ရုက္ခစိုး။ ။ ဖိုးရှုပ်ရာ မင်းဘာသာမင်း ကဗျာရွတ်ရင်လည်း ဆက်ရွတ်ပါ။ ဘယ်က ဝက်တုပ်ကွေး ကာကွယ်ရေး သရုပ်ပြရမှာလဲ။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲမှာ ယက်ထောကြီးထားခဲ့တယ် ဆိုတဲ့ ဝတ်စုံကို ဝတ်ပြထားတာကွ။ မင်းတို့လို စိတ်ကူးတည့်ရာ ပေါက်တတ်ကရ ပြောနေပုံနဲ့ မြန်မာပြည်ကြီး ဒီမို ကရေစီရဖို့ အတော်ဝေးသေးတယ်။ အဲဒါတွေ စဉ်းစားပြီး စိတ်ပျက်လို့ ဘာမှ မလုပ်ဘဲ ငိုက်နေတာဟေ့ သိပြီလား။
ဖိုးရှုပ်။ ။ ကျနော်လည်း တူတူပဲလေ ဦးရုက္ခစိုးရဲ့။ ရေးလိုက်ရတဲ့ သတင်းသုံးသပ်ချက်တွေ။ ဘာမှလည်း ဖြစ်မလာဘူး။ ခု ဘန်ကီမွန်းကြီး သွားလည်း ဘာမှ ဖြစ်လာမှာမမြင်ဘူး။ အဲဒါကြောင့် ဘာမှ မဖြစ်မယ့်တူတူ ဖိုးရှုပ်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ရည်းစားနှစ်ယောက် တပြိုင်တည်း ထားကြည့်နေတာဗျ။ ခုနက ကဗျာတွေက ကျနော့်ရဲ့ အချစ်သစ်နဲ့ တွေ့မှ ဖြစ်ပေါ်လာတဲ့ ရင်တွင်း ခံစားချက် စစ်စစ်တွေပေါ့။
ဖိုးရှုပ်စကားကြောင့် ကြွက်စုတ် ဘုကြည့် ကြည့်လိုက်သည်။ ထိုစဉ် သူတို့ထိုင်နေရာ စားပွဲနားကို လူတယောက် ချဉ်းကပ်လာသည်။
လူစိမ်း။ ။ ခင်ဗျားတို့ ပြောနေတာတွေ စိတ်ဝင်စားလို့ဗျာ။ ဒီမှာ ခဏ ထိုင်ပါရစေနော်။
ကြွက်စုတ်။ ။ ခင်ဗျားက ဘယ်သူလဲ။ ကျုပ်တို့ ပြောနေတာတွေက ဘာမှ စိတ်ဝင်စားစရာ မကောင်းပါဘူးဗျာ။ ဘာမှ မဖြစ်လာမှာတွေ ပြောနေတာပါ။
လူစိမ်း။ ။ မဟုတ်ဘူး။ ကျနော်က ဒေဝါလီအွန်လိုင်းကို အမြဲဖတ်တဲ့သူဗျ။ ခင်ဗျားတို့ကိုသိတယ်။ ဒီက ဦးရုက္ခစိုးကြီးကို မိတ်ဆက်ချင်လို့ပါဗျာ။
ရုက္ခစိုး။ ။ ခင်ဗျားက ချင်းမိုင်မှာ နေတာလား။
လူစိမ်း။ ။ ကျနော်က ရန်ကုန်ကပါ။ ချင်းမိုင်ကို ခဏလာလည်တာ။ ပြန်တော့မှာ။ ဦးရုက္ခစိုးကို မြင်တာနဲ့ .. ဟို ..။
ရုက္ခစိုး။ ။ သြော် ပြန်တော့မှာလား။ အေးဗျာ မြန်မာပြည် လူထုအတွက် စိတ်မကောင်းဘူး။ ခုန ကျုပ်တို့ ပြောနေတာတွေ ကြားမှာပေါ့။ ဘန်ကီမွန်းကြီးက မြန်မာပြည် သွားပြန်ဦးမယ်။ သူ့ကို ချိုကုပ်ဒူးကြီး က ဘယ်လို လှည့်ပတ်ဦးမယ်မသိဘူး။ တကယ်ကို စိတ်မချမ်းမြေ့စရာ ..။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်းဗျာ ..။ အချစ်နဲ့ ဝိုင်တခွက်သာရှိရင် ပေါင်မုန့်ထောပတ်သုပ်လည်း မစားချင်တော့ပါဘူး။
ကြွက်စုတ်။ ။ တော်ပါတော့ အရူးရယ်။ ဧည့်သည်ပြောတာလည်း နားထောင်ပါဦး။
လူစိမ်း။ ။ ဒီလိုဗျ .. ဦးရုက္ခစိုးကြီး အနေနဲ့ ကျနော်တို့ မြန်မာပြည်သူတွေအတွက် တခုခု လုပ်ပေး နိုင်တာ ရှိမယ်လို့ ကျနော် ယုံကြည် …။
ရုက္ခစိုး။ ။ ဟာ .. ဟုတ်ပြီ။ ကျုပ်သဘောပေါက်ပြီ ..။ ခင်ဗျားတို့ ပြည်သူလူထုအတွက် ကျုပ်ရဲ့ တန်ခိုးနဲ့ ဖန်ဆင်းပေးမယ်ဗျာ။ ဆု တခုတောင်း။ ဟုတ်ပြီလား။ ဒါက တော်ရုံလူတွေကို လုပ်ပေးတာ မဟုတ်ဘူးနော်။ ဒီမိုကရေစီနဲ့ ဝေးချင်တိုင်း ဝေးနေတဲ့ မြန်မာပြည်သူလူထုကို သနားလွန်းလို့ ..။ ပြော ဘာလုပ်ပေးရမလဲ ..။ ဝက်တုပ်ကွေး မဖြစ်ဖို့လား။
လူစိမ်း။ ။ ဟာဗျာ .. ကျနော်တို့ မြန်မာပြည်သူတွေက ဘာကပ်ရောဂါလာလာ ပြီးပြီးသား။ အဲဒါ မလိုဘူး။
ကြွက်စုတ်။ ။ ခင်ဗျားကလည်း ချိုကုပ်ဒူးကြီးကို ကင်ဆာဖြစ်ခိုင်းလိုက်ဗျာ ..သူသေရင် ပြီးပြီလို့ ပြောကြတယ်။
လူစိမ်း။ ။ နေပါစေဗျာ .. သူက ကင်ဆာမဖြစ်လည်း အိုပြီး သေတော့မှာပဲ။ မလိုဘူး။
ဖိုးရှုပ်။ ။ ကျနော့်နှလုံးသားတွေ သိပ်နူးညံ့နေတယ်ဗျာ .. ။ ငြိမ်းချမ်းဖို့ တောင်း ..။ မြန်မာပြည်သူတွေ ငြိမ်းချမ်းဖို့လေ။
လူစိမ်း။ ။ ဟင့်အင်းဗျာ .. ငြိမ်းချမ်းရေးလည်း မလိုချင်တော့ပါဘူး။ သိပ်ငြိမ်းချမ်းနေရင် ပျင်းစရာကြီး။
ရုက္ခစိုး။ ။ ဒါဆိုရင်တော့ ခင်ဗျားလိုချင်တာ သိပြီ .. ခင်ဗျား ဒီမိုကရေစီ လိုချင်တယ် .. ဟုတ်တယ် မဟုတ်လား။ ခင်ဗျားကိုတော့ လေးစားသွားပြီဗျို့။
လူစိမ်း။ ။ ဒီမိုကရေစီလည်း မလိုချင်ပါဘူးဗျာ .. ခင်ဗျားတို့ ဘာတွေလာပြောနေကြတာလဲ။
ကြွက်စုတ်။ ။ ဒါဆို ဘာလဲဗျ။
လူစိမ်း။ ။ ကျနော်တို့ မြန်မာပြည်သူလူထု ကိုယ်စား တောင်းမယ်။ ကျနော်တို့လိုချင်တာ ဒီမိုကရေစီ လည်း မဟုတ်ဘူး ချိုကုပ်ဒူးကြီး အသက်ထွက်ဖို့လည်းမဟုတ်ဘူး ..၊ ဝက်တုပ်ကွေး ဖြစ်မှာလည်း မကြောက်ဘူး။ ကျနော်တို့အားလုံး နှလုံး ရောဂါ ခံစားနေရတယ်ဗျ အဲဒါကို ကုစားဖို့ တောင်းချင်တာ။
ဖိုးရှုပ်။ ။ ဟာ တိုက်ဆိုင်လိုက်တာ ကျနော်လည်း တူတူပဲ .. ရင်ထဲမှာ မွမ်းကြပ်လွန်းလို့ ခံစားချက်တွေ ပွင့်ထွက်ကုန်တော့မယ်၊ ကျနော်တို့ နှစ်ယောက် ချစ်တဲ့ကြားက ဝေးရတော့မယ်။ နောင်ကြီးရယ် .. အဲဒီရောဂါက ဘာနဲ့မှ မတူဘူးဗျ နော်။ သေလောက်အောင် ခံစားရတယ် .. သြော် .. နှလုံးရောဂါ .. နှလုံးရောဂါ။ ခင်ဗျားအတွက် ဆေးတောင်းရင်း ကျုပ်ကိုပါ နည်းနည်း မျှပါဗျာ။
လူစိမ်း။ ။ ဘာတွေ လာပြောနေတာလဲ။ ကျုပ်လိုချင်တာက ပေါက်ဂဏန်းဗျ ပေါက်ဂဏန်း။ ခုပဲ ပေးတော့ဗျာ။ ။

No comments:
Post a Comment