ဇူလိုင်လ (၁၉) ရက်နေ့သည် ကျဆုံးသွားသူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ၏ အတွေးအခေါ် အယူအဆနှင့် မျှော်မှန်းချက်ကို ပြန်လည်သတိရကြရမည့် အချိန်အခါဖြစ်သည်။ ၁၉၆၂ မှစ၍ မြန်မာပြည်တွင် လွတ်လပ်မှု ဆိတ်သုဉ်းနေသည်။ ထို့ကြောင့် ဒီမိုကရေစီလှုပ်ရှားမှုကို ဒုတိယအကြိမ် လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က အမည်ပေးခြင်းဖြစ်၏။
၁၉၆၂ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဗမာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်မှန်းချက်များကို ယနေ့အထိ ကျောခိုင်းနေပါသည်။ န၀တ/နအဖခေတ်၏ ထူးခြားချက်မှာ အခြေခံအားဖြင့် အင်္ဂလိပ်ကိုလိုနီစနစ်ဖြစ်သည်။ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သည် မြန်မာပြည်ကို စစ်အင်အားဖြင့်အုပ်ချုပ်ပြီး မြန်မာပြည်သားများကို ဖိနှိပ်ထား၏။ တဖက်တွင် ပြည်သူပြည်သားကို ဖိနှိပ်ပြီး တဖက်က နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်ကာ သယံဇာတပစ္စည်းများကို ရောင်းစားခဲ့ပါသည်။ တိုင်းသူပြည်သားများ ငတ်ပြတ်နေသည်ကို ကိုလိုနီနယ်ချဲ့ ဂရုမစိုက်ပါ။ ကိုလိုနီအစိုးရ အားကောင်းဖို့သာ အဓိကဖြစ်ပါသည်။ ပြည်သူပြည်သားများ ငြိမ်ဝပ်ပိပြားစေဖို့ ကိုလိုနီအစိုးရက လက်နက်ကိုင်ဆောင်ခြင်းပင်ဖြစ်၏။
ထို့ကြောင့် အမှန်အတိုင်း ပြောရဲသူ လုပ်ရဲသူ အနစ်နာခံရဲသူများကိုသာ အားမကိုးဘဲ လူတိုင်းသတ္တိရှိရှိနှင့် စွန့်စားလုပ်ကိုင်မှ သာလျှင် လွတ်လပ်ရေးအရသာကို ခံစားခွင့်ရကြမည်ဟု ဗိုလ်ချုပ်အောင်ဆန်း ပြောသွားပါသည်။ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်ကလည်း ဒီမိုကရေစီနှလုံးရည်တိုက်ပွဲ၌ လူတိုင်းတတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြဖို့ မကြာခဏပြောဆိုပါသည်။ မြန်မာနိုင်ငံ၌ အနှစ် (၅၀) နီးပါး စစ်အာဏာရှင်စနစ် ကြီးစိုးနေပြီး ဖိနှိပ်နေသည့်အတွက် နိုင်ငံရေးကို ကြောက်စရာအဖြစ်၊ အန္တရာယ်အဖြစ် ထင်မြင်လာကြပါသည်။ နိုင်ငံရေးနှင့်ပတ်သက်၍ ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ (၂၀) ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းက ယခုလို ရှင်းပြပါသည်။
(နိုင်ငံရေးဆိုတာဟာ မိမိပတ်ဝန်းကျင်မှာ ပေါ်ပေါက်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရမယ့် အရေးကိစ္စ ဖြစ်တယ်။ တနည်းအားဖြင့်ဆိုရရင် နိုင်ငံရေးဆိုတာ လူ့ကိစ္စဖြစ်တယ်။ မိမိရဲ့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုဟာ နိုင်ငံရေးပဲဖြစ်တယ်။ နိုင်ငံရေးကို ရှောင်ရှားလိုပေမယ့် နိုင်ငံရေးဟာ အိမ်၊ ရုံး၊ အလုပ်ရုံ စတာတွေမှာ အမြဲတမ်းရှိနေ တယ်။ ဒါပေမယ့် မိမိနေ့စဉ် ကြုံတွေ့နေရတဲ့ နေထိုင်စားသောက်မှု ပြောင်းလဲနေသလို နိုင်ငံရေးဟာလည်း ပြောင်းလဲနေတယ်။ မိမိတို့အားလုံး သက်သာချောင်ချိစွာ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်ဖို့ လွတ်လပ်ရေးကို တောင့်တကြတယ်။ လွတ်လပ်ရေးဆိုတာဟာ နေရေးထိုင်ရေးလွတ်လပ်မှု၊ လူတဦးချင်ရော တမျိုးသားလုံးပါ ကာယဉာဏ၊ စိတ္တအဆင့်အတန်း တိုးမြှင့်အောင် လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်တယ်။ ဒီလွတ်လပ်မှုကို ရယူတာဟာ နိုင်ငံရေးဖြစ်တယ်။ နိုင်ငံရေးဆိုတာ လူပုဂ္ဂိုလ်အသီးသီးရဲ့ အခွင့်အရေးကို စောင့်ရှောက်တာဖြစ်တယ်။ နိုင်ငံရေးဆိုတာဟာ တခါတရံမှာ အစည်းအဝေးလုပ်ပြီး စင်မြင့်ပေါ်က ပြောတဲ့လူကပြော၊ အောက်ကနားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ တပြည်လုံးက ပြည်သူလူထုဟာ မိမိတို့နဲ့ ဆိုင်တဲ့ကိစ္စတွေ၊ ပြဿနာတွေကို မိမိတို့ဘာသာ အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီး ဖြေရှင်းဖို့ အမြဲတမ်းကြိုးပမ်းနေတဲ့ကိစ္စဖြစ်တယ်။ တပြည်လုံးမှာနိုင်ငံရေးကို စိတ်ဝင်စားပြီး ပြည်သူပြည်သားတိုင်း နိုင်ငံရေးသမားတွေဖြစ်လာအောင် နိုင်ငံရေးကို စိတ်ဝင်စားလာအောင် နိုင်ငံရေးအဖွဲ့အစည်းတွေ ရှိရမယ်)
ယနေ့ကျင့်သုံးသော စစ်အာဏာရှင်စနစ်မျိုးကို ဗိုလ်ချုပ်အောင်ဆန်းက ဆန့်ကျင်၏။
(တိုင်းပြည်မှာ ဖက်ဆစ်ဝါဒလုံးဝမရှိအောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်အာဏာရှင်စနစ် အထက်ကသာ ဆုံးဖြတ်ပြီး တိုင်းသူပြည်သားဆန္ဒအတိုင်းမဟုတ်တဲ့ မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့စနစ်ဆိုးမျိုး ရှိနေရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျုပ်တို့ ဒီမိုကရေစီဝါဒကိုသာ ထောက်ခံရမယ်၊ ဒီဝါဒကို ကျင့်သုံးပြီး လွတ်လပ်တဲ့နိုင်ငံကို ထူထောင်နိုင်အောင် ကြိုးစားရမယ်၊ ဒီမိုကရေစီဝါဒကသာ ငြိမ်းချမ်းရေးကို အားပေးတယ်)
၁၉၄၅ ခုနှစ် သြဂုတ်လ၌ကျင်းပသော စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောသွားခြင်းဖြစ်ပါသည်။
တပ်မတော် တည်ထောင်သည်မှာ စစ်ဗိုလ်တစု ကောင်းစားရန်မဟုတ်ပါ။ ကိုယ်ကျိုးအတွက် မဟုတ်ကြောင်း အစကတည်းက ကြေညာထားပါသည်။ ဂျပန်လက်နက်ချပြီးစအချိန်၌ တပ်မတော်ခေါင်းဆောင်များ အစည်းအဝေး ရန်ကုန်၌ကျင်းပပြီး ကြေညာချက်တရပ် ထုတ်ပြန်ပါသည်။
(ကျုပ်တို့ တပ်မတော်သားတွေနဲ့ လွတ်လပ်ရေးအတွက် စွန့်စားဆောင်ရွက်ခဲ့သူတွေဟာ အပင်ပန်းခံ၊ အဆင်းရဲခံ၊ အနစ်နာခံ၊ အသေအကျေခံကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်။ ဒီလို ကြိုးပမ်းခဲ့တာဟာ လက်တဆုပ်စာလူတစု ကောင်းစားရေးနဲ့ ကိုယ်ကျိုးအတွက် လုပ်ခဲ့ကြတာမဟုတ်ဘဲ ပြည်သူလူထု လွတ်လပ်ရအောင်၊ တိုင်းသူပြည်သားတွေ ကောင်းစားအောင် လုပ်ခဲ့ကြတာဖြစ်တယ်)
နိုင်ငံရေး၌ စစ်တပ်ဝင်ရောက်စွက်ဖက် ခြယ်လှယ်တာမျိုးကို ဗိုလ်ချုပ်အောင်ဆန်းက မလိုလားပါ။ ၁၉၄၇ ခုနှစ် မေလ (၁၉) ရက်နေ့၌ ကျင်းပသည့် ဖဆပလညီလာခံကြီးတွင် စစ်သဘောဆောင်သည့် နိုင်ငံရေးပါတီမျိုးနှင့် စစ်အုပ်ချုပ်ရေးမှ ဖက်ဆစ်ဝါဒီ ပေါ်ထွက်လာမှာကို ကောင်းစွာ သတိပြုဖို့ မှာကြားသွားခဲ့ပါသည်။ ယနေ့ကြီးစိုးနေသော ကြံ့ဖွံ့အသင်းကို ရည်ရွယ်၍ ပြောသကဲ့သို့ ဖြစ်နေပါသည်။
(ဂျပန်ပြည်က စစ်အုပ်ချုပ်ရေးမျိုး၊ ဂျာမဏီက အကြမ်းဖက်နာဇီပါတီလိုဟာမျိုးတွေက ဖက်ဆစ်တွေကို မွေးထုတ်လိုက်တာပဲ။ မြန်မာပြည်မှာ စစ်သဘောဆောင်တဲ့ နိုင်ငံရေးပါတီ မရှိဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သဘောဆောင်တဲ့ နိုင်ငံရေးပါတီ တွေကပဲ ဖက်ဆစ်ဝါဒကို မွေးထုတ်ပေးကြတာဖြစ်တယ်။ အထူးသဖြင့် ဖက်ဆစ်ဝါဒ မြန်မာပြည်မှာမပေါ်နိုင်အောင် နိုင်ငံရေး၊ စီးပွားရေးအရ အဘက်ဘက်က တားရလိမ့်မယ်။ ဖက်ဆစ်ဝါဒဆိုတာဘာလဲ၊ ငွေရှင်ကြေးရှင်ကြီးတွေနဲ့ ပူးပေါင်းပြီး တပည့် တပန်းတွေနဲ့ တိုင်းသူပြည်သားလူအများကို အကြမ်းပတမ်းဖိနှိပ်ပြီး အင်မတန်ကျဉ်းမြောင်းမှားယွင်းတဲ့ လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ၀ါဒဟာ ဖက်ဆစ်ဝါဒပဲ။ အဲဒီတော့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမျိုးရေးကိစ္စတွေမှာ အရင်းရှင်အားကိုးနဲ့ အကြမ်းဖက်တဲ့ ဖက်ဆစ်တရားတွေ ပေါ်မလာအောင် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေလုပ်ကတည်းက စီမံထားရလိမ့်မယ်)
ဗိုလ်ချုပ်အောင်ဆန်းအမြင်ဖြင့် ကြည့်မည်ဆိုပါက ပြည်တွင်းပြည်ပအရင်းရှင်တစုနှင့်ပေါင်းပြီး မြန်မာပြည်သား တိုင်းရင်းသား များကို အဘက်ဘက်မှဖိနှိပ်နေသော ဗမာစစ်အုပ်စုသည် ဖက်ဆစ်ဖြစ်၏။
တိုင်းပြည်စည်းလုံးညီညွတ်ရေးကို ရယူရာတွင်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အခြေခံသော ညီညွတ်ရေးမျိုးကို ဗိုလ်ချုပ်အောင်ဆန်းက လိုလားပါသည်။ ရာထူးဝေစားသော ညီညွတ်ရေးမျိုးကို ဆန့်ကျင်ပါသည်။
(ငါတို့ချည်း တာဝန်ထမ်းဆောင်ရတယ်၊ ငါတို့ချည်း အလုပ်လုပ်ရတယ်၊ ဒါ့ကြောင့် ငါတို့ချည်း ရာထူးတွေယူမယ်၊ ဘယ်အစိုးရ တက်တက် ငါတို့ကို အာဏာခွဲပေးရမယ်ဆိုတဲ့ စိတ်ဓာတ်တွေကို ဖယ်ရှားပစ်ရမယ်။ လူထုကြီးကကျုပ်ကိုပေးတဲ့ လူထုခေါင်း ဆောင်ဆိုတဲ့ဂုဏ်ကို ၀န်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ်။ ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုံလောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်)
အတင်းအဓမ္မအာဏာယူထားသည့်ကိစ္စကို ဗိုလ်ချုပ်အောင်ဆန်း အင်မတန်စက်ဆုပ်ရွံရှာပါသည်။ လူထုက မကြည်ညိုသည့် တနေ့တွင် ရာထူးက ထွက်ပေးမည်ဟု မကြာခဏ ပြောကြားပါသည်။
(ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မ လုပ်ယူတာမဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ထောက်ခံမှုနဲ့ ကျုပ်တို့ အစိုးရဖြစ်နေတာ။ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့တနေ့မှာ ကျုပ်တို့လည်း မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါပဲ။ ကျုပ်တို့ဟာ ရာဇ၀င်မှာ အရေးခံရမယ့် လူစားမျိုးတွေလား၊ အဆဲခံရမယ့် လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမျရှိသမျှ ကာလပတ်လုံး ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရကလုပ်လုပ် ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ကျုပ်ပြောချင်တယ်)
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ ရန်ကုန်မြို့တော်ခန်းမ၌ ပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းပင် ဖြစ်ပါသည်။ ဤမိန့်ခွန်းပြောပြီး (၆) ရက်ကြာသောအခါ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များ အကြမ်းဖက်သမားလက်ချက်ဖြင့် ကျဆုံးရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းသည် ယခုခေတ်ကို ကြိုတင်ဟောလိုက်သည့် မိန့်ခွန်းကဲ့သို့ ဖြစ်နေပါသည်။ ပြည်သူလူထုထောက်ခံမှုမရဘဲ အစိုးရလုပ်နေသော ဗမာစစ်အုပ်စုသည် နိုင်ငံခြားကုမ္ပဏီနှင့်အစိုးရများကို အချိန်ရှိသရွေ့ မျက်နှာချိုသွေးနေရပါသည်။
စစ်တပ်ကို မိမိကိုယ်ကျိုးအတွက်၊ မိမိအာဏာတည်မြဲရေးအတွက် ထင်သလိုအသုံးချနေသည်မှာ ဗိုလ်နေ၀င်း၏ အကျင့်ပင်ဖြစ် သည်။ ကတိမတည်မှု၊ သစ္စာမရှိမှု၊ အနိုင်ကျင့်မှု၊ အကောက်ကြံမှု၊ တာဝန်မယူမှု၊ အလွဲသုံးစားလုပ်မှု၊ ဓားပြတိုက်လုယက်မှု၊ မဒိန်းကျင့်မှု စသည်တို့သည် ယနေ့တပ်မတော်၏ အသွင်လက္ခဏာများပင် ဖြစ်ပေတော့သည်။
No comments:
Post a Comment