ရဲဘော်ဖိုးသံချောင်း ၆ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တပ်ခေါက်သွားပြီ။ တပ်လန်ပြီး ဆုတ် သွားရတယ်ဆိုရင် ပိုမှန်မလားပဲ။
သူတပ်လန်သွားတယ်ဆိုတဲ့အတွက် နအဖဗိုလ်ချုပ်တွေ နိုင်လိုက်တယ်လို့ဆိုနိုင်မလား။ စစ်ဆိုတာ တဖက်ကလန်ထွက် သွားတာနဲ့ ကိုယ်က နိုင်လိုက်ရောလို့ မပြောနိုင်ပါဘူး။ ကိုယ့်ဘက်မှာ သေကျေကျန်ရစ်တာ၊ နောက်တပွဲတိုက်စရာ အင်အား မကျန်တာ စတဲ့ အချက်တွေဟာ နိုင်တဲ့လက္ခဏာမဟုတ်ပါဘူး။ အလွန်ဆုံးအားဖြင့် တကွေ့တော့ ကျော် သွား ပါပကောလို့သာ ပြောနိုင်ပါတယ်။

အခုလည်း မစ္စတာဘန်ကီမွန်းပြောသွားတဲ့ နောက်ဆုံးမှတ်ချက်စကားကို နားထောင်ကြည့်ပါ။ “သိပ်စိတ်ပျက်ရတယ်” တဲ့။ နောက်ပြီး “သူတို့ (နအဖအစိုးရ) နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ရဖို့အတွက် အခွင့်အရေးကောင်းတခု လွတ်သွားပြီ” တဲ့။ ငယ်တုန်းကသမိုင်းစာအုပ်ထဲမှာပါတဲ့ ကျန်စစ်သားက စောလူးမင်းကိုပြောတဲ့ “ခွေးသေ ဝက်သေ သေရစ်” ဆိုတဲ့စကားကို သတိရစရာပါပဲ။ ဒီတပွဲမှာ နအဖလည်း မနိုင်လိုက်တာ သေချာပါတယ်။ ဒါဟာ နအဖအဖို့ နောက်ဆုံးရထားကို လွတ်သွားတာလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မစ္စတာဘန်ကီးမွန်း ရောက်လာတာ၊ နအဖဗိုလ်ချုပ်တွေနဲ့ စကားပြောတာ၊ ပြန်သွားတာ စတဲ့ကမ္ဘာကအာရုံစိုက်တဲ့ ဖြစ်စဉ်ကြီး ဖြစ်ပေါ်နေတာနဲ့ တချိန်တည်းမှာပဲ ဗမာပြည်မှာ လူအများအာရုံစိုက်ရတဲ့ အဖြစ်အပျက်တခုဟာလည်း တရွေ့ရွေ့လှုပ်ရှားပြီး ပုံပီပြင် လာနေပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းချုပ်ပြီး ရုံးတင် တရားစွဲနေတဲ့အမှုပါပဲ။ စကာစတုန်းက ဖုတ်ပူမီးတိုက် နောက်ကကျားလိုက်နေသလို စစ်ဆေးခဲ့တဲ့အမှုဟာ အခုတလောမှာ ရုံးချိန်တွေ ရွှေ့ပြီးရင်းရွှေ့ နေတာကို သတိပြု မိကြမယ်ထင်ပါတယ်။ သေချာနေတာကတော့ နအဖစစ်ဗိုလ်တွေဟာ အကြံပုပ် ဉာဏ် ယုတ်တွေ ထုတ်နေကြပြန်ပါပြီ။ သူတို့အချိန်ဆွဲတဲ့ နည်းပရိယာယ်ကို ပြန်သုံးနေပါတယ်။ ဒီအမှုကို အချိန်ဆွဲချင်နေကြပါတယ်။ ဒါ ဘာကြောင့်ဖြစ်နိုင်ပါသလဲ။

သေချာနေတဲ့ အချက်နှစ်ချက်ရှိပါတယ်။ တချက်က နအဖစစ်အစိုးရ ဖန်တီး လိုက်တဲ့ ဒီအမှုဟာ ဆင်ကွက်မှန်း၊ လိမ်ဆင်မှန်း အထင်းသားပေါ်လွင်သွားတာပါပဲ။ ဒေါ်အောင် ဆန်းစုကြည်ကို အကျယ်ချုပ်ထားတဲ့ရက် အချိန်စေ့တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတဲ့ အမှုမို့ အမှုစကတည်းက ပြည်တွင်းပြည်ပ လူတိုင်းက သံသယရှိကြပါတယ်။ အဲဒီနောက် ဂျွန်ယက်တောက ရုံးမှာထွက်ဆိုလိုက်တဲ့အခါကျတော့ ကိစ္စအားလုံးဟာ ဗူးပေါ်သလို ပေါ်ကုန်ပါတယ်။ ဒါ့အပြင် ကြာလေပိုပေါ်လာလေလိုလည်း ဖြစ်လာနေပါတယ်။ ဒါကြောင့် လက်ရှိရုံးပေါ်က ထွက်ချက်တွေအတိုင်းသာ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဒဏ် ချရ ရင် သူတို့မတရားတာဟာ သိပ်ကို ပေါ်လွင်နေတော့မှာ ဖြစ်နေပါတယ်။

နောက်အကြောင်းတချက်က ဒီအမှုနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပရဲ့ တုံ့ပြန်မှုပါ။ တုံ့ပြန်ကြတာဟာ နအဖမျှော်လင့်မထားတဲ့ အတိုင်းအတာ ဖြစ်ပါ တယ်။ ဒါကို ခေတ်စကားနဲ့ ရှင်းအောင် ပြောရရင် နအဖဗိုလ်ချုပ်တွေ အရမ်းဖျားသွား ပါတယ်။ လုံးဝ မကျေနပ်နိုင်တဲ့ လူတွေဟာ အင်းစိန်ထောင် ဘူးဝ မှာ သာမကပဲ မြို့ပေါင်းများစွာမှာ လမ်းပေါင်း များစွာမှာ သူတို့ရဲ့ဆန္ဒတွေကို နည်းလမ်းပေါင်း များစွာနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဆက်ချမယ်လို့ တာစူနေတာတွေလည်း အမြောက် အမြား ပေါ် လာခဲ့ပါတယ်။ ဒီအခါမှာ နအဖစစ်ဗိုလ်တွေအဖို့ သူတို့ဘက်က နောက်တဆင့်လှမ်းလိုက်ရင် ဘာ ဖြစ်မယ်ဆိုတာကို တွက်ဆလို့ မရနိုင်အောင် ဖြစ်သွားပါတယ်။ တဖန်တပ်တွင်းမှာလည်း ဒီကိစ္စအပေါ် မကျေနပ်သံတွေဟာ မကြားချင် အဆုံး ကြားလာရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဥပဒေတောင် မထုတ်ပြန် နိုင်သေးဘဲ ခေါင်းခြောက်နေရတဲ့အချိန်၊ ငြိမ်းအဖွဲ့တွေကလည်း သူတို့နဲ့ ကီးမကိုက် ဖြစ်နေလို့ စိတ်ညစ်နေရတဲ့အချိန်မှာ နအဖစစ်ဗိုလ်တွေ မြို့ပေါ်၊ လမ်းမပေါ်က ပြဿနာ တွေ မပေါ်စေချင်ပါဘူး။ ဒါကပြည်တွင်းမှာပါ။

ပြည်ပမှာ နိုင်ငံတကာအဝန်းအဝိုင်းက တုံ့ပြန်မှုတွေဟာလည်း နအဖဗိုလ်ချုပ်တွေကို ဗမာပြည်သမိုင်းမှာ ဘယ်အစိုးရမှ မကြုံတွေ့ဖူးသေးတဲ့ ဆန့်ကျင်သဘောထားတွေနဲ့ ရင် ဆိုင်ရပါတယ်။ ဒါသာမက သူတို့က နအဖရဲ့ခြေလှမ်းကို စောင့်ကြည့်နေ ဦးမယ်၊ ဆက် အရေးယူတန်တာ ယူဦးမယ်ဆိုတာကို အသံပြုလို့တမျိုး၊ အသံမပြုဘဲတနည်း အမျိုးမျိုး ဖော်ပြခဲ့ကြပါတယ်။ တင်းတင်းမာမာ သတိပေးခဲ့တဲ့ အစိုးရတွေရှိသလို ဘာကြိတ် ပြောလိုက်မှန်းမသိရတဲ့ တရုတ်လိုအစိုးရတွေလည်း ရှိနေပါတယ်။

ကုလသမဂ္ဂခန်းမထဲမှာ ဗမာပြည်ရဲ့အရေး ရောက်သွားတယ်ဆိုတာဟာ သမိုင်းမှာ အရင် က တခါတည်းရှိခဲ့ဖူးပါတယ်။ အဲဒါက ၅ဝ စုနှစ်များ အစောပိုင်းတုန်းက ဗမာပြည်ကို တရုတ်ဖြူ (ကေအမ်တီ) တွေ ကျူးကျော်တဲ့ကိစ္စတုန်းကပါ။ သတိထားသင့်တာက အဲဒီ တုန်းက ဗမာပြည်အစိုးရဟာ တရားလိုပါ။ အခုတော့ နအဖ ဗိုလ်သန်းရွှေတို့ လက်ချက်ကြောင့် ဗမာပြည်ဟာ တရားခံ အဖြစ်နဲ့ ဝက်ခြံထဲမှာ ရောက်နေရပါတယ်။ နောက်ပြီး သူတကာလက်ညှိုးငေါက်ငေါက်ထိုးတာလည်း ခံနေရပါတယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ဘယ်တုန်းကမှ အခုကာလလောက် မကျဆင်းခဲ့ဖူးပါဘူး။

နောက် ထောက်ပြသင့်တဲ့တချက်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို ဗိုလ်သန်းရွှေတယောက် လက်ခံ တွေ့ဆုံတယ်ဆိုတာဟာ တခြားတနိုင်ငံက နားချ လို့ဖြစ်တယ်ဆိုတဲ့ကိစ္စပါ။ ဒီအချက်ကိုထောက်ရင် ပြည်တွင်းမှာမောက်မာလှတဲ့ စစ်ဗိုလ် ချုပ်တွေဟာ ပြည်ပမှာကျတော့ အမြီးကုပ်ခေါင်းငုံ့နေရတာကို ဖော်ပြနေပါတယ်။ ဗမာ ပြည်ကို နိုင်ငံတကာအသိုင်း အဝိုင်းက ပုံမှန်ချဉ်းကပ်လို့၊ ဆက်ဆံလို့မရတဲ့ နိုင်ငံတခု အဖြစ် သဘောထားခံရတာကို ဒင်းတို့တတွေ ဂုဏ်ယူစရာလို့ အောက်မေ့နေသလား လည်း မပြောတတ်ပါ။

အခု နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်လိုက်တဲ့အတွက် ဒီလို ပြည်တွင်းပြည်ပက ဆန့်ကျင်မှုတွေ အုံကြွ ပေါ်ပေါက်လာတာကို အာရုံလွှဲဖို့၊ အေးသွား၊ ငြိမ်သွားအောင်လုပ်ဖို့ နည်းနာပေါင်းစုံရှာနေပါတယ်။ ဘော့လုံးပွဲတွေထဲ၊ ချဲထီတွေ၊ နှစ်လုံးထီ၊ သုံးလုံးထီတွေထဲ အာရုံပြောင်းသွားအောင် လုပ်နေပါတယ်။ အဲဒီလို တနပ်စား နည်းပရိယာယ်တွေထဲမှာ အမှုကို အချိန်ဆွဲပြီး အကြာကြီးစစ်ဆေးတာလည်း ပါတယ်လို့ ပြောလို့ရပါပြီ။ ဒီအချက်ကိုကြည့်လိုက်ရင်ပဲ ဒီအမှုဟာ အစကနေ အဆုံး ရာဇဝတ်မှု မဟုတ်ဘဲ နိုင်ငံရေး လုပ်ကြံမှုတရပ် ဖြစ်တယ်ဆိုတာ ထင်ရှားသထက်၊ ထင်ရှားလာနေ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးတာကို ပြည်တွင်းပြည်ပက အပြင်းအထန် တုံ့ပြန်လာမှာစိုးလို့ အချိန်ဆွဲနေတာဆိုရင် သူတို့က ဘယ်လိုပြစ်ဒဏ်ချမှာမို့လဲလို့ မေးစရာဖြစ်လာပါတယ်။ ပြစ်ဒဏ်အကြီးကြီးပေးဖို့ ကြံစည်ထားတာမို့ ဒီလိုအကြီးအကျယ် စိုးရိမ်ကြောင့်ကြနေတာလား၊ လွှတ်ပေးမှာဆိုရင် ဘာမှကြောက်နေစရာ မလိုဘူး မဟုတ်လားလို့ စောဒက တက်စရာရှိပါတယ်။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဒီအမှုဟာ နိုင်ငံရေးအမှုဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ နိုင်ငံရေးဖြစ်ပေါ်မှုတွေနဲ့ ဆက်နေမယ်လို့ ဆိုရပါမယ်။ သူတို့ဟာ ပြစ်ဒဏ်မချခင် ပြည်တွင်းပြည်ပ အနေအထားတွေကို ထည့်သွင်း သုံးသပ်တာ မလုပ်ဘဲနေလို့မရပါဘူး။

ဒီလိုဆိုတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဒီအမှုကိုနအဖက အမြန်စစ်ပါ၊ တရားစီရင်ပါလို့ တောင်းဆိုလို့မဖြစ်ပါဘူး။ ဒီအမှုဟာ မတရားဆင်ထားတဲ့ အမှုဖြစ်တဲ့အတွက် “ရုံးတင် စစ်ဆေးနေတာတွေကို ချက်ချင်းရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချက်ချင်းလွှတ်ပေးရမယ်” ဆိုတာကနေ တပြားမှလျှော့လို့ မဖြစ်ပါဘူး။ ဒီအတိုင်းပဲ အစ အဆုံးရပ်တည်ရမှာပါ။ ဒီအတောအတွင်းမှာ နအဖက အချိန်ဆွဲနေတာဟာ ကိုယ့်ဘက်က ပြင်ဆင်ရမှာတွေကို ပြင်ဆင်ဖို့အတွက် အချိန်ရတာပဲလို့ သဘောထားပြီး ပြင်ဆင်မှုတွေ လုပ်ကြရပါမယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဘီလူးစည်း လူစည်း ကွဲတော့မှာဖြစ်တဲ့အတွက် အဲဒီအတွက် ပြင်ဆင်တာလည်း တပါတည်း ဖြစ်သွားနိုင်ပါတယ်။