8.03.2009

အမှုကို အစွမ်းကုန်အမြတ်ထုတ်နေတဲ့ နအဖဗိုလ်ချုပ်များ

ရဲဘော်ဖိုးသံချောင်း

၃ သြဂုတ် ၂၀၀၉

နအဖစစ်အစိုးရဟာ ကြောင်ကဖမ်းမိထားတဲ့ကြွက်ကို မစားခင် ကစားသလို ဒေါ်အောင်ဆန်းစုကြည် အမှု အပေါ်မှာ အမြတ် ထုတ်နေပါတယ်။ နောက်ပြီး ဒီလိုနှိပ်စက်ရတာကို သူတို့က သာယာနေကြပါတယ်။ ဒါဟာ Sadism ဆိုတဲ့ သူများကို နှိပ်စက်ခြင်းနဲ့ သာယာကြတဲ့ စိတ်ရောဂါဝေဒနာသည် ဖက်ဆစ်တွေ အရသာခံနည်းမျိုး ခံနေကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့ နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ မတတ်သာလို့ သေဒဏ်အပြစ်ပေးရရင်တောင် အတတ်နိုင်ဆုံး အနာအကျင် ကင်းမဲ့တဲ့ နည်းနဲ့ အမြန်ဆုံးပြီးမြောက်အောင် လုပ်ရပါတယ်။ ဒါပေမယ့် နအဖစစ်ဗိုလ်ချုပ်တွေကတော့ ဒါနဲ့ပြောင်းပြန် လူကိုပိတ်လှောင်ခြင်းနဲ့ နှိပ်စက်ရုံမက အချိန်ဆွဲတဲ့နည်းနဲ့ပါ နှိပ်စက်နေပါတယ်။ တချို့ သူတို့အင်မတန်အငြိုးထားတဲ့ ဦးဝင်းတင်တို့၊ ဗိုလ်ကြီးဝင်းထိန်တို့ကိုဆိုရင် ထောင်ဘူးဝရောက်မှ ထောင်ထဲပြန် ခေါ်သွားတာ၊ အပြင်ကိုလွှတ်ပေးပြီး နောက်တနေ့ကျမှ ပြန်ဖမ်းဆီးတာ စတဲ့ ရိုင်းပြ ရက်စက်တဲ့ နှိပ်စက်နည်း တွေနဲ့ အာဏာပြခဲ့ကြတာကို တိုင်းပြည်ကမမေ့ပါဘူး။

ဒီအချိန်မှာ သတိထားမိတဲ့ နောက်တချက်ကတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို နိုင်ငံရေးသတင်းတကာရဲ့ ထိပ်ဆုံးမှာ ရောက်နေအောင်လုပ်ထား၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အားလုံးကို မှန်းဆနေအောင် လုပ်ထားတာ တွေနဲ့ တချိန်တည်းမှာ ပြည်တွင်းပြည်ပကို သတင်းတုတွေအမျိုးမျိုး လွှင့်တဲ့နည်း နဲ့ “နိုင်ငံရေးကစား” နေကြပါတယ်။ ဒါဟာ စစ်တပ်မှာ တဖက်ရဲ့ တပ်တည် နေရာနဲ့ ပစ်အားအခြေအနေကို သိရအောင် "searching fire" ပစ်ကြည့်တယ် ဆိုတာမျိုး လုပ်နေတာပါ။ ပြည်တွင်းပြည်ပက အာဘော်တွေ၊ သဘောထားတွေ ကို ဒီနည်းနဲ့သိအောင် လုပ်နိုင်တယ်ဆိုပြီး သူတို့ကိုယ်သူတို့ လည်လှပြီလို့ ထင်နေကြဟန်တူပါတယ်။ ဒီကိစ္စမှာ မစ္စစ်ကလင်တန်ထွက်ပြောလာတာမျိုးကို သူတို့က အမြတ်လို့ တွက်နေကြဟန်တူပါတယ်။ တကယ်ကျတော့ ဒီဗိုလ်ချုပ်တွေရဲ့လုပ်နည်းတွေဟာ တည်ကြည်တဲ့ နိုင်ငံရေးလက္ခဏာ လုံးဝမဆောင်ဘဲ သူခိုးဓားပြ ဂိုဏ်းတွေ၊ မာဖီးယားဂိုဏ်းတွေ လက်နက် အားကိုးနဲ့ နှိပ်စက်ကလူ လုပ်ချင်တိုင်းလုပ်နေကြတာ ဖြစ်ပါတယ်။

သူတို့ ဘယ်လိုပဲအကြောင်းပြပြ၊ သူတို့ရဲ့ဒီလိုလုပ်ရပ်ဟာ ဒီအမှုအပေါ်စိတ်ဝင်စားတဲ့၊ စိုးရိမ်တကြီး စောင့်ကြည့် နေကြတဲ့ ပြည်တွင်းပြည်ပကလူတွေ၊ အသင်းအပင်းအဖွဲ့အစည်းတွေ၊ အစိုးရတွေကို စော်ကားတာပဲဖြစ်ပါတယ်။ တရားရုံးမှာ လာနားထောင်နိုင်ပါတယ်ဆိုလို့၊ ဖိတ်လို့၊ ဘန်ကောက်ကတောင်လာတဲ့လူတွေအပါ နိုင်ငံတကာ သံတမန် နယ်ပယ်ကိုလည်း မထီလေးစား၊ စော်ကားတာဖြစ်ပါတယ်။ တကယ်ကျတော့ သူတို့ဘာရည်ရွယ်ချက် တွေနဲ့ ဘာလို့ အခုလိုလုပ်တယ်ဆိုတာဟာ အင်မတန်မှစင်းနေ၊ ရှင်းနေတာဖြစ်ပါတယ်။

သူတို့အနေနဲ့ အမှုကိုအချိန်ဆွဲတဲ့နည်းနဲ့ ဒီအမှုအပေါ် အာရုံစိုက်စောင့်ကြည့်နေကြတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်သူလူထုကို ကသိကအောက်ဖြစ်အောင်လုပ်တာ၊ အာရုံပျက်အောင်၊ အာရုံလွင့်အောင် လုပ်နေ တာဖြစ်တယ်ဆိုတာ မြင်သာလှပါတယ်။ တပါတည်းမှာပဲ ဒီနေ့ စီရင်ချက်ကိုစောင့်ပြီး ဆန္ဒပြဖို့၊ ဒါမှမဟုတ် တနည်းနည်းတုံ့ပြန်ဖို့ ပြင်ဆင်ထားသူတွေကိုလည်း ကမောက်ကမဖြစ်စေဖို့ တချက်ခုတ်နှစ်ချက်ပြတ် ရည်ရွယ်တာဖြစ်ပါတယ်။ သေချာတာကတော့ ဒီတခါ ရုံးချိန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အင်းစိန်ထောင်ထဲမှာရှိတဲ့ ဒီတရားရုံးကို တကယ်တမ်းအဆုံးအဖြတ်ပေးနေတာဟာ ကြပ်ပြေးက ဖြစ်တယ် ဆိုတာကို ပြသလိုက်ပါတယ်။

ဗိုလ်သန်းရွှေတို့ အခုလို ကုလားဖန်ထိုးတာနဲ့ ပတ်သက်လို့ ပြောကြတာတွေထဲမှာ စဉ်းစားစရာ ကောင်းတယ်လို့ထင်တဲ့ စကား တခွန်းကတော့ နအဖဗိုလ်တွေဟာ ရှစ်လေးလုံးနှစ်ပတ်လည်ကိုလည်း ရှောင်ချင် လို့ဖြစ်တယ်ဆိုတာပါပဲ။ ဗမာပြည် ပြည်သူတွေ အနေနဲ့ ရှစ်လေးလုံးအရေးအခင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ကြောင်း၊ တိုင်းပြည်မှာ အရေးကိစ္စကြုံတိုင်း ပြန်သတိရလေ့ ရှိကြောင်း ပြသတဲ့အချက်ပါ။ နောက်ပြီး ဒီရှစ်လေးလုံးအရေးတော်ပုံကြီးဟာ စစ်အုပ်စုဝင်တွေကို သေတဲ့အထိ ခြောက်လှန့်နေ တယ်ဆိုတဲ့ အဓိပ္ပာယ် လည်းဖြစ်ပါတယ်။

တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ကို နအဖဗိုလ်ချုပ်တွေက မျက်စိကန်းတစ္ဆေမကြောက် ထောင်ဒဏ် အပြစ်ပေး လိုက်တယ်ဆိုရင် ဒီအဖြစ်အပျက်ဟာ ဒီပဲယင်းအရေးအခင်း၊ စက်တင်ဘာသံဃာ့လှုပ်ရှားမှုတို့လိုပဲ နအဖရဲ့သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ဒီမိုကရေစီကို အဆုံးစွန် ချိုးဖောက်မှုတခု တိုးလာမှာဖြစ်ပါတယ်။ ဒါ့အ ပြင် နအဖရဲ့သမိုင်းရှိ နိုင်ငံတကာအသိုင်းအဝိုင်းကို အာခံမှုတွေထဲမှာလည်း တံခွန်ထူမယ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုပဲပြောပြော နအဖစစ်ဗိုလ်တွေအကြောင်း နောကျေနေတဲ့ ဗမာနိုင်ငံသားတွေကတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့အမှုကို သူတို့ရဲ့လက်ထဲမှာ မြှောက်ကာမြှောက်ကာလုပ်ပြပြီး ပြည်ပအစိုးရတွေကို ဈေးဆစ်နေတဲ့ ပုံကိုပဲ မျက်စိထဲမှာမြင်ယောင်နေပါတယ်။ နအဖသက်တမ်းတလျှောက်မှာ သူတို့ဟာ နိုင်ငံရေး အကျဉ်းသမား တွေကို ပြန်ပေးဆွဲသလိုဖမ်းထားပြီး အနောက်နိုင်ငံတွေဆီက သူတို့လိုချင်တာတွေတောင်းနေခဲ့တာ လူတိုင်း အသိပါ။ အခုလည်းပဲ ဒီအမှုနဲ့ ပတ်သက်တဲ့ မစ္စစ်ကလင်တန်ရဲ့ ပြောစကားကိုကြားပြီးနောက် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ဟာ လေလံဈေးခေါ်သလိုများ လုပ်ချင်စိတ်တွေ ပိုပေါ်လာတာလားလို့တောင် တွေးမိပါတယ်။

အသေအချာပြောလို့ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချတာဟာ ပြည်သူလူထုထောက်ခံမှု အများဆုံးရနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် စီရင်ချက်ချတာ၊ အမျိုးသားရင်ကြားစေ့ရေး လမ်းစဉ် အပေါ် စီရင်ချက်ချတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ကျန်ကောင်းလို့ ကျန်တဲ့မျှော်လင့်ချက်လေးအပေါ် စီရင်ချက် ချတာလည်းဖြစ်ပါတယ်။

ဒါက တဆက်တည်းဖော်ပြနေတာဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ အဲဒီရွေးကောက်ပွဲလွန်ကာလ ဗမာပြည် နိုင်ငံရေး ဇာတ်ခုံဟာလည်း အလားတူပဲ စစ်အုပ်စုကနေ နောက်ကနေ ခြယ်လှယ်ပြီး လုပ်ချင်တိုင်းလုပ်တဲ့ ကောက်ကျစ်မှုတွေ၊ မာဖီးယား လုပ်ဟန်တွေနဲ့ ပြွမ်းတီးနေမယ်ဆိုတာပါပဲ။ မှန်းဆလို့ရတာကတော့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲလုပ်ပြီးလို့ (ဘယ်သူတွေပဲ အမတ်တွေ ဝန်ကြီးတွေဖြစ်ဖြစ်) ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်အသက်ဝင်ပြီဆိုတာနဲ့ တပြိုင်နက်တည်း ဗမာပြည်မှာ အမျိုးသားရင်ကြားစေ့ရေးတံခါးဟာ ပိတ်သလောက် ဖြစ်သွားတော့မယ်ဆိုတာပါပဲ။ အဲဒီအခါကျရင် နအဖမှာ အလိုတော်ရိအသစ်တွေ၊ လက်ကိုင် တုတ် အသစ်တွေရလာပြီး ပြည်တွင်းပြည်ပကို ရင်ဆိုင်တော့မှာဖြစ်တယ်ဆိုတာလည်း ကြိုစဉ်းစားထား၊ ပြင်ဆင် ထားတာတွေ လုပ်ကြရပါတော့မယ်။

နအဖနဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာဟာ ဖန်တို့တမ်းကစားသလို လုပ်လို့မရဘူးဆိုတာ ထင်ရှားသထက် ထင်ရှား လာ နေပါပြီ။ နအဖဗိုလ်ချုပ်တွေကို ဘွာခေါ်ခွင့်မပေးတမ်း စာရင်းရှင်းကြပါစို့။

No comments:

Post a Comment