8.25.2009

နာဂစ် အကူအညီများကို ရာအိမ်မှူးက ခေါင်းပုံဖြတ်

သြဂုတ်၂၅

ဧရာဝတီတိုင်း ဘိုကလေးမြို့ နယ်၊ကဒုံကနိကျေးရွာအုပ်စု ဓနိချောင်း ကျေးရွာ မှရာအိမ်မှူး ဦးဌေးတင်အောင် ဆိုသူက ဒေသခံ နာဂစ် ဒုက္ခသည် များနှင့် လယ်သမားများထံမှ မတရား ခေါင်းပုံဖြတ် စီးပွားရှာ နေကြောင်း သိ ရသည်။

နာဂစ်ဘေးဒဏ်သင့် ပြည်သူများအတွက် နိုင်ငံတကာ အင်ဂျီအိုများနှင့် ပြည်တွင်းပြည်ပတို့ မှ လှူဒါန်းသော အလှူပစ္စည်းများကို တစ်ကိုယ် ကောင်း အလွဲသုံးစားပြုလုပ်လျှက် စီးပွားရှာနေကြောင်း လယ်သမား တစ်ဦးက ပြောသည်။

“ကျနော်တို့ က ကျွဲတွေနွားတွေလည်း သေသွားတော့ လယ်လဲ မလုပ်နိုင် တော့ဘူးလေ၊ အလှူရှင်တွေက ကျနော်တို့ ရွာကို လယ်ထွန်စက် သုံးလုံးပေးတယ်၊ သူပဲယူထားတယ်၊ ရွာသား တွေ ဘာမှမရဘူး၊ အဝတ်အထည်၊ အသုံးအဆောင်တွေ ဆိုလည်း သူ နဲ့ နီးစပ်တဲ့ လူတွေကိုပဲ ပေးတာ၊ ကျနော် လယ်လဲ မလုပ်နိုင်တော့ဘူး၊ ကွန်ပစ်ချင်လို့  အလှူရှင်တွေ ပေးတဲ့ အထဲပါတဲ့ ကွန်တစ်လက် သွားတောင်းတယ်၊ ကျပ်၅ဝဝဝ ပေးမှ ရလာတယ်၊ အဖိုးတန်တဲ့ အသုံးအဆောင်တွေကို ရောင်းစားနေတာဗျ၊ ချမ်းသာ လောက်အောင် သူရ နေတာ၊ အလှူရှင်တွေ လာလှူသမျှ သူ့ ဆီမှာပဲအပ်ရတယ်” အသက် ၅ဝ ကျော်အရွယ် ရာအိမ်မှူး ဦးဌေးတင်အောင် ဆိုသူသည် ကဒုံကနိကျေးရွာအုပ်စု ရယက ဥက္ကဌ ဖြစ်သူ ဦးဇော်မင်း ဆိုသူအား နေ့ စဉ်နံနက်တိုင်း ကဒုံကနိ ရွာသို့ သွားရောက်၍ လဘက်ရည် ကော်ဖီ တိုက်လေ့ရှိကြောင်း လယ်သမားက ပြောသည်။

နာဂစ်အလှူရှင်များလာရောက်လှူဒါန်းသော အလှူပစ္စည်းများအပြင် Ayeyar Delta Agri Export Co.Ltd ကုမ္ပဏီမှ ထုတ်ချေးသော ချေးငွေများအပေါ်တွင်လည်း ရံပုံငွေအဖြစ်ဖြတ်တောက် တောင်းခံသည်။ နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက် ယူအင်ဒီပီ မှ တည်ဆောက်ပေးထားသည့် တစ်ကျောင်းတည်းသော စာသင် ကျောင်းမှာ ပြိုကျပျက်စီးခဲ့သည်။

လယ်သမားတစ်ဦးက“အဲဒီစာသင်ကျောင်းက သွပ်တွေ သစ်တွေကို ရွာသားတွေ အကူအညီနဲ့ အမိုးလုံအောင် တဲထိုးပြီး ထားခဲ့ကြတယ်၊ နိုင်ငံတကာ အလှူရှင် အဖွဲ့တစ်ခုက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းဖို့ လာတဲ့ အခါ သွပ်ဟောင်းတွေနဲ့ သစ်ဟောင်းတွေကို ဆယ်အိမ်မှူး ဦးဌေးတင်အောင် က သူ့အိမ်ကို သယ် ယူသွားခဲ့တယ်၊ လက်သမားရော ပန်းရံရော သူ့ယောက္ခတွေပဲ၊ သူ့လူတွေဆိုရင် နိုင်ငံခြားက လှူတဲ့ အကောင်းစား ပစ္စည်းတွေ ပြည့်လို့ ၊ ကျနော်တို့ ရွာသားတွေကတော့ သူတို့ မလိုချင်တဲ့ အစုတ်အပဲ့ တွေပဲ ပေးတာ၊ ဒါတောင် နည်းနည်းကောင်းရင် ပိုက်ဆံပေးမှ ရတယ်ဗျာ”ဟု ပြောသည်။

အီးယူနိုင်ငံများအဖွဲ့မှ ACF အဖွဲ့ မှ အိမ်ထောင်စုတစ်စုအား အမေရိကန် ဒေါ်လာ၁ဝဝစီ ပေးအပ် လှူဒါန်း ရာတွင်လည်း ရာအိမ်မှူး ဦးဌေးတင်အောင်က ကျပ်ငွေ ၇၅ဝဝဝ စီသာ ပေးကြောင်း ရွာခံ အမျိုးသမီး တစ်ဦးက ပြောသည်။ (ပြည်တွင်း ငွေကြေးပေါက်ဈေးအရ ကျပ်တစ်သိန်းဝန်းကျင် ရှိသည်။) “ကျမတို့ လည်း ရရင်ပြီးရော ဆိုပြီး ယူရတာပေါ့၊ သူက ပြောသေးတယ်၊ ငါ့ကို ဘယ်ကောင်မှ ဖြုတ်လို့  မရဘူး၊ ငါ့ကိုပြုတ်အောင် ဖြုတ်မယ့်သူ မမွေးသေးဘူးတဲ့၊ ဘာလဲ ယမမင်းတောင် လာဖြုတ်လို့ မရဘူးလို့  ပြောတယ် တော့”ဟု ပြောသည်။ အဆိုပါ ဓနိချောင်းရွာတွင် အိမ်ခြေ ၅ဝဝ ဝန်းကျင်ခန့် ရှိပြီး လယ်သမားပေါင်း၂ဝဝ ကျော်ခန့် ရှိသော ရွာကြီးဖြစ်သည်။

ရွာနှင့် ဘိုကလေးမြို့ မှာ စက်လှေဖြင့် ၅နာရီခန့် သွားရသော ခရီးဝေးတွင် တည်ရှိသည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး တစ်နှစ်ကျော် ကြာလာခဲ့သည့် တိုင်အောင် ဒေသခံပြည်သူများမှာ အလုပ်အကိုင်၊ နေထိုင်ရေး၊ ကလေးငယ်များ ပညာရေးနှင့် စားဝတ်နေရေးတို့ မှာ ယခုတိုင် အခက်အခဲရှိနေသေးကြောင်း ဓနိချောင်း ရွာခံများက ပြောပြကြသည်။

No comments:

Post a Comment