8.21.2009

ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး

ရဲဘော်ဖိုးသံချောင်း

၂၁ သြဂုတ် ၂၀၀၉

ဗီယက်နမ်စစ်ဒဏ်ကြောင့် ကြောင်တောင်တောင်ဖြစ်နေတယ်လို့ ယူဆရတဲ့ ဂျွန်ယက်တောဟာ ဗမာပြည် နိုင်ငံရေးကို ရှုပ်ထွေးမှုတွေ တပြုံတခေါင်းကြီး သယ်လာခဲ့တယ်လို့ဆိုရင် မမှားပါဘူး။ ဗမာပြည်ရဲ့မျက်မှောက် ကာလနိုင်ငံရေးကို ယက်တောလွန်/ဝက်ဘ်လွန်နိုင်ငံရေးလို့တောင် နာမည်ပေးရင်ရမလားပါပဲ။ အပေါ်ယံကြည့် လိုက်ရင်တော့ အခုအချိန်မှာ အမေရိကန်ကလာတဲ့ ယက်တောလည်း အမေရိကန်ကိုပြန်သွား၊ အိမ်ချုပ်ထဲက ဆွဲထုတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အိမ်ချုပ်ထဲပြန်ထည့်၊ အဆင့် (၁) ကို ပြန်ရောက်သွားပြန်ပြီလို့ ပြောနိုင်ပါတယ်။

ဈေးတွက်တွက်ပြောရရင်တော့ ဒီတခါဝက်ဘ်လာတဲ့ခရီးစဉ်မှာ ဝက်ဘ်နဲ့ နအဖ တို့ပဲ အမြတ်ရလိုက်ကြပါတယ်။ ဝက်ဘ်ဟာ သူ့အတွက် အိမ်ပြန်လှတဲ့ ဆုလာဘ် ရသွားပါတယ်။ အမေရိကန်နိုင်ငံသားတယောက်ကို လူဆိုးတွေလက်က ကယ်တင်နိုင်သူ သူရဲကောင်းဖြစ်သွားပါတယ်။ သူ့ရှေ့တက်လမ်းအတွက် အမှတ် တော်တော်ရသွားတယ် လို့တောင် တချို့ကပြောပါတယ်။ နောက်ပြီး နအဖ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူ(တို့) ပြောချင်တာ ပြောခွင့်ရ သွားပါတယ်။ ဒါဟာအရင်လို မျက်ရိပ်-စကားရိပ်နဲ့ စောင်းပါးရိပ်ခြေ အသိပေး နေရတာတွေနဲ့စာရင် အများကြီးပိုတာသွားပါတယ်။ တခါ နအဖဗိုလ်ချုပ်တွေ အဖို့ ဆိုရင်လည်း အမေရိကန်နဲ့ ရွှေလမ်း၊ ငွေလမ်းဖောက်ဖို့ လမ်းစတစ ရသွား ပါတယ်။ သူများက ယုံတာမယုံတာအပထား ဝါရှင်တန်ကို သူတို့ဟာ လူစိတ်ရှိသူ တွေဖြစ်ပါတယ်လို့ ပြသခွင့်ရသွားပါတယ်။ ဒါ့အပြင် ယက်တောတောင်မှ သူလုပ် ချင်တဲ့ ကြောင်တောင်တောင် အလုပ်ကို လုပ်ခွင့်ရသွားပါတယ်။ သူက နာမည်ကြီးချင်လို့လုပ်တာဆိုရင် ပိုတောင် အောင်မြင်သေး တယ်လို့ ပြောရပါမယ်။

ဒီလိုအခါမှာ ဂျွန်ဝက်ဘ်ရဲ့ခရီးဟာ ဗမာပြည်နိုင်ငံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာကို ပြောဆိုဆွေးနွေး သံတွေ အတော်ပေါ်ထွက်နေပါတယ်။ မဆန်းပါဘူး။ ဒီလိုစဉ်းစားတွေးတောစရာတွေ ဖြစ်လာရတဲ့ အကြောင်းကတော့ ဂျွန်ဝက်ဘ်ဆိုတဲ့လူက သာမန်လူမဟုတ်ဘဲ အမေရိကန်နိုင်ငံက ဆီနိတ်တာ အမတ်တယောက်ဖြစ်နေလို့ပါပဲ။

တကယ်ကျတော့ ဂျွန်ဝက်ဘ်ရဲ့ဒီခရီးစဉ်မှာ လျှို့ဝှက်မှုတွေလွှမ်းမိုးနေပါတယ်။ ဝက်ဘ်ဘက်ကလည်း အများကြီး ထိန်ချန်ထား၊ နအဖဘက်ကလည်း အများကြီးထိန်ချန်ထားတာမို့ တကယ့်အခြေအနေကို မှန်းဆရတာဟာ အလွန်ခက်ပါတယ်။ စောလည်းစောလွန်းနေပါသေးတယ်။ ဒါပေမယ့် မကြာမီမှာပဲ ဝါရှင်တန်နဲ့ ကြပ်ပြေးအကြား အသွားအလာ၊ အပေးအယူတွေ များလာတာကို မြင်လာရစရာရှိပါတယ်။ ဒီလိုအခါမှာ ဒါဟာ ဗမာပြည် ပြည်သူ တွေရဲ့ကံကြမ္မာအပေါ် ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိလေမလဲလို့ စဉ်းစားသူ၊ တွေးတောသူ၊ ရေးသားသူ၊ ပြောဆိုသူတွေ အခုထက် ပိုများလာကောင်းလာစရာလည်း ရှိပါတယ်။

ဒါတွေနဲ့ဆက်နေတဲ့ကိစ္စတခုက ဝက်ဘ်ရဲ့ခရီးစဉ်ဟာ အမျိုးသားရင်ကြားစေ့ရေးဆီကို တွန်းပို့ရာကျမကျဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းထုတ်၊ ဒီစကားကို ပြောသူတွေထဲမှာ သဘောထားအမျိုးမျိုးနဲ့ ပြောကြသူတွေ ပါပါတယ်။ တချို့ကလည်း အဲဒီလိုဖြစ်စေချင်လို့၊ တချို့ကလည်း ကိုယ်လုပ်ချင်တာတခုအတွက် အကြောင်းပြ စရာရချင်လို့ စသဖြင့်ပါ။ ဒါပေမယ့် နအဖနဲ့ သူ့ဆောင်းပါးရှင်တွေကတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို တခွန်းမှမဟကြောင်း အသေအချာထောက်ပြဖို့လိုပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက တကမ္ဘာလုံး၊ တပြည်လုံး ကပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ဗမာပြည်မှာ ဘာကြောင့် အကောင်အထည်မပေါ်တာလဲ ဆိုတာ ဖြစ်ပါတယ်။ အမှန်မှာ အဓိကပြဿနာဟာ နအဖရဲ့သဘောထားဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ပေါ်ပေါက် နေတဲ့ နိုင်ငံရေးပြဿနာတွေ၊ တင်းမာမှုတွေ၊ ဖိနှိပ်မှုတွေဟာ နအဖစစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်လို့ ဖြစ်နေတာဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ဂျွန်ဝက်ဘ်ဟာ နအဖဗိုလ်ချုပ်တွေကို အာဏာခွဲဝေယူချင် အောင်၊ အာဏာကို လက်လွှတ်ချင်အောင် ပြောနိုင်မလား။ တကယ်က နအဖကို တရုတ်ကနားချဖူးပါတယ်။ မရပါဘူး။ အမေရိကန်နဲ့ တခြားနိုင်ငံတွေကလည်း အကျပ်ကိုင်ဖူးပါတယ်။ မရပါဘူး။

ကိစ္စတွေဟာ အဲဒီလောက်လွယ်ရင် ဗမာပြည်ရဲ့ဒီမိုကရေစီအရေးတော်ပုံဟာ ဒါလောက်ကြာမနေပါဘူး။ ဒီနေ့ ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့သမိုင်းမှာ စံချိန်တင်လောက်တဲ့ အာဏာ မက်သူတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝ သူတို့အာဏာနဲ့ အသေတွဲချည်ထားသူတွေပါ။ အာဏာမရှိရင် သူတို့ကိုယ်တိုင်ပါ ရပ်တည်လို့မရအောင် သူတို့ဘာသာ လုပ်ထား-လုပ်နေပါတယ်။ နအဖကို ကြမ်းပြင်ပေါ် တုတ်ကလေး တချက်ရိုက်ပြရုံနဲ့ လန့်လိမ့်မယ်၊ မုန်လာဥလေးတဥ ပြလိုက်ရုံနဲ့ ဟပ်တပ်ဆွဲလာမယ်လို့ထင်ရင် စိတ်ကူးယဉ်တာပဲဖြစ်ပါလိမ့်မယ်။ နအဖနဲ့ရင်ဆိုင်ရာမှာ ဇာတ်ဓား၊ နတ်ဓားလောက်နဲ့ မရဘူးဆိုတာ ဗမာပြည် ပြည်သူတွေ အသိဆုံးဖြစ်ပါတယ်။ နအဖက ယက်တောကို လွှတ်လိုက်တာဟာ အမေရိကန်အစိုးရကို အချက်ပြ တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထပ်ချလိုက်တာဟာ ဗမာပြည်သားတွေကို အချက်ပြတာ ဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဗမာပြည်သူတွေအပေါ်မှာ ပြတ်သားမြဲပြတ်သားတယ်၊ အာခံဝံ့ရင်ခံကြည့်လို့ ပြောတာပဲဖြစ်ပါတယ်။

သတိထားသင့်တဲ့နောက်တချက်က တကယ်လို့များ နအဖက ဟန်ပြစာပွဲဝိုင်းထိုင်တာမျိုးလုပ်လာရင် ဒါကို အမျိုးသား ရင်ကြားစေ့ရေးလုပ်တယ်လို့ မဆိုမိဖို့ပါပဲ။ နအဖဟာ ဒီလိုဟန်ပြမျိုးတွေ လုပ်ခဲ့လှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်ဆိုသူနဲ့ စကားပြောစေတယ်ဆိုတာမျိုးနဲ့ မဗေဒါရေခပ်ခိုင်းထားခဲ့တဲ့ ကိစ္စကို မှတ်မိကြမယ်ထင်ပါတယ်။ အခုအခါမှာ ဒီလိုလုပ်တာတွေနဲ့ ပြည်သူတွေကို မျက်စိလည်စေ၊ ကိုယ့်ကိုယ်ကိုယ် မျက်စိလည်စေတာ မဖြစ်သင့်တော့ပါဘူး။

ဒီနေရာမှာ ဗိုလ်နေဝင်းလက်ထက် ၁၉၈ဝ ခုနှစ်တုန်းက ဗိုလ်နေဝင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေါ်ခဲ့တဲ့အဖြစ်အပျက်ကို ပြန်ထောက်ပြချင်ပါတယ်။ အဲဒီတုန်းက ဗိုလ်နေဝင်းဟာ တရုတ်ကပြောလွန်းတာနဲ့ တရုတ်ကျေနပ်အောင် ငြိမ်းချမ်းရေး ဆွေးနွေတယ်ဆိုတာက တိတ်တဆိတ်လုပ်ခဲ့ပါတယ်။ တဖက်မှာ လည်း တရုတ်ကိုတော့ အသိပေးထားပါတယ်။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာကို နေ့ဝက်ပဲ ဆွေးနွေးပြီးတော့ ဘာမှအကြောင်းမပြဘဲ အကုန် ဖျက်ပစ်ခဲ့ပါတယ်။ အခုလည်းပဲ နအဖဟာ အိမ်ဖြူတော်က ကျေနပ် အောင်၊ ပြကောင်းအောင်လောက် လုပ်လာနိုင်သေးတယ်ဆိုတာ တွက်ထား သင့်ပါတယ်။

ဒီနေ့အခါမှာ အမေရိကန်ကလည်း နအဖကိုဆွဲလို၊ နအဖကလည်းအမေရိကန်နဲ့ နီးစပ်လို၊ နှစ်ဖက်စလုံးဟာ အဲဒီဦးတည်ချက် ဆီကို တက်လှမ်းနေကြတာဆိုတယ်ဆိုတာ တကမ္ဘာလုံးအသိပါ။ အားလုံး ကိုယ့်စဉ်းစားချက်နဲ့ ကိုယ်ချည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဖက်စလုံးက ဗမာပြည် ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ်ကနေ တယောက်ကိုတယောက် လက်ကမ်းနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်ချည့်ပါ။ ဒါကိုအပြစ် ပြောနေဖို့ မဟုတ်ပါဘူး။ အရေးကြီးတာ ကိုယ်ကသူတို့နောက်ကို မျောမပါဖို့ဘဲဖြစ်ပါတယ်။ ကိုယ့်လမ်းကိုယ် လျှောက်ဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အရေးတော်ပုံရဲ့ ကံကြမ္မာကို ဘယ်နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ တွဲချည်မထားဖို့ဘဲ လိုပါတယ်။

နောက်တချက်က ဒီလိုအချိန်မှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုကိုဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေ မပေး သင့်ပါဘူး။ ကယ်တင်ရှင် မျှော်ခိုင်းတာလည်း မလုပ်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုကယ်တင်ဖို့ ယက်တောရောက်လာတယ် ဆိုတာထက် ပိုဆိုးကုန်နိုင်ပါတယ်။ ဗမာပြည်သားတွေနဲ့ ဒီမိုကရေစီ အရေးတော်ပုံ တပ်သားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှတပါး တခြား ဘယ်သူ့ကိုမှ အားမကိုးဖို့ပိုင်းဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ခိုင်မြဲစေဖို့လိုပါတယ်။ နအဖတကယ်ကြောက်တာဟာ ပြည်သူ့အင်အား ဖြစ်တယ်ဆိုတဲ့အချက်ကို မျက်ခြည်ပြတ်ခံလို့မဖြစ်ပါဘူး။

တကယ်က နအဖအမြင်မှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ သူတို့ရဲ့အာဏာကို လက်လွှတ်ရေးဖြစ်နေပါတယ်။ သူတို့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တခြားလူတွေကိုဖြစ်စေ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးလိုက်ရင် သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်လိမ့်မယ်လို့ တွက်ပါတယ်။ ဒီတော့ ငယ်ငယ်တုန်းကပြောသလို မုန့်သာ တဖဲ့စီဝေစားရင်စားမယ်၊ တိုင်းပြည်အာဏာကိုတော့ ဝေမစားဘူးဆိုတာဟာ ဒီဗိုလ်ချုပ်တွေရဲ့ အသည်း ထဲက မူဝါဒပါ။

No comments:

Post a Comment