9.07.2009

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ နေ့  အခမ်းအနား ကျုင်းပ

Photobucket
စက်တင်ဘာ ၇

မြန်မာလွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်အသျှင်ဦးဥတ္တမ ပျံလွန်တော်မူသည့် အောက်မေ့ဘွယ် အခမ်းအနားကို ယမန်နေ့  က ဘန်ကောက်မြို့ တွင် ရခိုင်အမျိုးသားများ စုပေါင်းကျင်းပခဲ့ကြသည်။

ရခိုင်အလုပ်သမား အများစုဆုံရပ်ဟုဆိုနိုင်သော ဘန်ကောက်မြို့ ဖလန်းဆောင် ၊ ထခန်းနယ်မြေ၊ ဘုန်းတော်ကြီးကျောင်းတွင် ဘန်ကောက်အခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်နှင့်ရခိုင်အလုပ်သမားအဖွဲ့တို့ က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အခန်းအနားတွင် ချင်းမိုင်နှင့် ဘန်ကောက်မြို့ တို့ တွင်ပညာသင်ကြားနေကြသော ရခိုင်သံဃာတော်များ။ ပြည်ပရောက် အမျိုးသားညွန့်  ပေါင်းအစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးဇင်လင်းတို့ အပြင် ပြည်ပ ရောက် အမျိုးသားကျောင်းသားဟောင်းများအဖွဲ့ ၊ ရခိုင်ဝံသာနုစာပီ အသင်းနှင့် အလုပ်သမားများ စုစုပေါင်း သုံးရာဝန်းကျင်ခန့် တက်ရောက်ခဲ့ကြည်သည်။

ချင်းမိုင်တက္ကသိုလ်တွင် ပညာသင်ကြားနေသော ရခိုင်ရဟန်းတော်တစ်ပါးက“တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုး မဖက်ပဲ စွမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ကို အာဇာနည်လို့ အသိအမှတ်ပြုကြမယ်ဆိုရင် ဆရာတော် ဦးဥတ္တမ ဟာ အာဇာနည်ထက် အာဇာနည်ဖြစ်ပါတယ်။ ကိုယ်ပိုင်ဥစ္စာပစ္စည်းဆိုလို့ ဘာတစ်ခုမှမကျန်ခဲ့ သလို ကိုယ်အကျိုးအတွက်လုပ်ခဲ့တယ်ဆိုတာလည်း ဘာမှမရှိခဲ့တာကြောင့် တကယ့် အာဇာနည် ပုဂ္ဂိုလ်ထူး ရဟန်းတစ်ပါးဖြစ်ပါတယ်။ဆရာတော်ဟာ ရခိုင်အတွက် ကွက်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး ရရှိရေးအတွက်လုပ်ခဲ့တာပါ။ ကမ္ဘာ့နိုင်ငံတွေကို သွားခဲ့တယ်ဆိုရာမှာလည်း ဒီခေတ်မှာလို ပရိုပိုဇေ ခရီးစရိတ်နဲ့ လေယာဉ်စီး သွားခဲ့တာမဟုတ်ပါဘူး။ လမ်းလျှောက်၊လှေစီးပြီး ကြွခဲ့တာတွေ အများကြီးပါ။ တိုင်းပြည်အတွက် တကယ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်မှာ ဖျင်သင်္ကန်းပဲရှိခဲ့တာပါ။ ဆရာတော်ကျေးဇူးကို ဦးဇင်းတို့ ဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်ပါ’’ဟု မိန့်တော်မူသည်။

အခမ်းအနားကိုဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ထိုင်း)ဥက္ကဌ ဦးခိုင်အံ့မောင် က “ဆရာတော်ဦးဥတ္တမ ဟာ တကယ့်ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ကပညာကို တတ်မြောက်အောင် သင်ကြားခဲ့ပြီးတော့၊ နိုင်ငံတကာမှာ ပါမောက္ခ၊ ကထိကတွေ လုပ်ခဲ့တယ်၊ ကျနော်တို့ မြန်မာနိုင်ငံ ကိုယ်လိုနီနယ်ချဲ့ အောက်မှာ ပြားပြားမှောက်အောင် အကြောက်တရားတွေ ကြီးစိုးနေတဲ့အချိန်မှာ တိုင်းပြည်ကျွန်ဖြစ်ပြီးအမှောင်ကျနေတဲ့အချိန်မှာ။ လွတ်လပ်အောင်လုပ်ရမယ် ငါတို့  တော်လှန်ရမယ်၊ ညီညွတ် ကြရမယ် စတဲ့ ၀ံသာနုရက္ခိတ တရားတွေကို နိုင်ငံအနှံ့ လှည့်လည်တရားဟောခဲ့တယ်။ ဆယ်အိမ်ခေါင်းလောက် ကိုတောင် ဒူးတုန်အောင် ကြောက်နေရတဲ့ အချိန်မှာ အဲဒီတုန်းက မြန်မာနိုင်ငံမှာ ဘုရင်ခံအဖြစ် အုပ်ချုပ်နေတဲ့ ဆာရယ်ဂျီနယ် ကရက်ဒေါက်ကို “ကရက်ဒေါက် မင်းမြန်မာပြည်က ထွက်ပြီး အိမ်ပြန်လိုက်ပါ။ “CRADDOCK GET OUT ”ဆိုပြီး ပေးစာတစ်စောင်ကို ရေးပေးလိုက်တယ်။
အဲဒီပေးစာကို သူရိယသတင်းစာမှာလည်း ရေးသားဖေါ်ပြလိုက်တယ်။ မြန်မာနိုင်ငံသားတွေ အိပ်နေတာကို ဆရာတော်က လှန့်နှိုးလိုက်တယ်။ မှောင်နေတဲ့စိတ်တွေကို မီးထွန်းပေးလိုက်တယ်ခင်ဗျ။ ဆရာတော်ရဲ့ မကြောက် တရားတွေ ပြန်လည်နိုးထစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒီလိုအခမ်းအနားကို ကျင်းပရတာဖြစ်ပါတယ်”ဟု ပြောသည်။

အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သူ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ အဖွဲ့မှ ဦးဇင်လင်းက “မြန်မာလွတ်လပ်ရေးကို ဆရာတော် ဦးဆောင်ခဲ့တာပါ။ ဆရာတော်ရဲ့  လမ်းပြမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ လို သခင်နုတို့ လို ခေါင်းဆောင်တွေပေါ်လာခဲ့တာပါ။ ဆရာတော်ရဲ့ လမ်းပြမှုဟာ အရင်ကလည်းရှိခဲ့သလို ဒီနေ့  အထိလည်း ရှိတုန်းပါပဲ။ ကိုယ်ကျိုးမဖက်ပဲ မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းရင်း ထောင်အကြိမ်ကြိမ်ကျပြီး ပင်ပန်းဆင်းရဲစွာနဲ့  ပျံလွန်တော်မူခဲ့ရတာပါ။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပထမဦးဆုံး နိုင်ငံရေး အကျဉ်သား ရဟန်းအာဇာနည်ပါ။ ဗြိတိသျှတို့ ရဲ့ မှတ်တမ်းတစ်စောင်မှာ ဘယ်လို ရေးထားလည်းဆိုတော့ တောင်သူလယ်သမား အရေးတော်ပုံ ခေါင်းဆောင်ဆရာစံတို့ တော်လှန်ပုံကန်တာဟာ ဆရာတော်ဦးဥတ္တမရဲ့ လမ်းညွှန်မှုတွေကြောင့် ဖြစ်လာရတယ်လို့ မှတ်တမ်းပြုထားတာကို ကျနော်ဖတ်ဖူးပါတယ်။ ဆရာတော်က အဲဒီခေတ်က ဒိုင်အာခီအုပ်ချုပ်ရေးကို တော်လှန်ကန့်ကွက်ခဲ့ပါတယ်။ အဲဒီ ဒိုင်အာခီအုပ်ချုပ်ရေးဆိုတာ လာမယ့်၂၀၀၈ ခုနှစ်မှာ နအဖ အတည်ပြုခဲ့တဲ့ ဖွဲ့ စည်းပုံနဲ့ အတူတူပါ။ကျနော်တို့  ဆရာတော်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဆရာတော်ရည်မှန်းခဲ့တဲ့ စစ်မှန်တဲ့ လွတ်လပ်ရေး။ ဒီမိုကရေစီရေး ရအောင် ကျနော်တို့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ကန့် ကွက်ခြင်းဟာ စစ်အာဏာရှင်တွေကို တော်လှန်သလို ဆရာတော်ကို ကျေးဇူးဆပ်ရာလည်းရောက်စေပါတယ်”ဟု ပြောသည်။

အခမ်းအနားကို နေလည် ၁၂နာရီတွင်စတင်ကျင်းပပြီ ဆရာတော်ဦးဥတ္တမ၏ပန်းချီကားပုံကြီးရှေ့ တွင် ဖယောင်း တိုင် အမွှေးတိုင်များ ကပ်လှူ ပူဇော်ထားပြီး တက်ရောက်လာသောပရိတ်သတ်များက နှင်းဆီပန်း တစ်ပွင့်ကျစီ လာရောက် ပူဇော်ပြီးကန်တော့ ရှိခိုးကြသည်။ ထို့ နောက် ဆရာတော် ဂုဏ်ပြုသီချင်းကို ဖွင့်ထားပြီး တစ်မိနစ် ငြိမ်သက်စွာ အလေးဂါရ၀ပြုကြသည်။

သဘာပတိအဖွဲ့ ဝင်များအလှည့်ကျ ဟောပြောပြီးနောက် ရခိုင်မုန့်တီဖြင့် ဧည့်သည်များအား ကျွေးမွေးကြသည်။ ထို့ နောက် တက်ရောက်လာသူများက မိနစ်အနည်းငယ်စီ အမြင်သဘောထားများကို တင်ပြဆွေးနွေးပြီး ညနေ ၃နာရီကျော်ခန့် တွင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်သာမက အာရှနိုင်ငံများကျွန်ဘ၀မှ လွတ်မြောက် ရေးအတွက် ဂျပန်နိုင်ငံတွင် ကျင်းပသော နိုင်ငံပေါင်းစုံကွန်ဖရင့်တွင် ကိုလိုနီစနစ်ဆန့် ကျင်ရေး မဟာဗျူဟာ လက်အောက် အာရှနိုင်ငံများ သွေးစည်းညီညွတ်ရေး စီမံကိန်း တစ်ရပ်ကို တင်သွင်းခဲ့သဖြင့် ထို့ အချိန်က ကမ္ဘာ့ ခေါင်းဆောင်များက SUN OF ASIA အာရှနေ၀န်း ဟု အသိအမှတ်ပြု ပြောဆိုခဲ့သည်ကို နိုင်ငံတကာ သတင်းစာများတွင် ရေးသားဖေါ်ပြခဲ့သည်။ ဟိန္ဒူလူမျိုးများ။ဟိန္ဒူပညာရှင် အများအပြားရှိသော အိန္ဒိယနိုင်ငံ မဟာဆဗ္ဗ အသင်းကြီးတွင် ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။

ဆရာတော်သည်ငယ်စဉ်ကပင် ပညာကိုသင်ကြားလိုစိတ်အထူးပြင်းပြသူတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ တွင် ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဆရာတော်သည် မြန်မာ၊ ပါဠိ၊ ဘင်္ဂလီ၊ သက္ကင်္ရိုက်၊ နာဂလီ၊ အင်္ဂလိပ်၊ တိဘက်၊ ပြင်သစ်နှင့် ဂျပန်ဘာသာ စသည့် ဘာ(၉)မျိုးတို့ ကို ရေး၊ဖတ်၊ပြောဆို နိုင်သည့် ပုဂ္ဂိုလ်ဖြစ်သည်။ မြန်မာပြည်၏ပထမဦးဆုံးပြည်ပခရီးသွား မှတ်တမ်းဟု ဆိုအပ်သော ဂျပန်ပြည်အတ္ထုပတ္တိ စာအုပ်အပြင် ပရိုဖက်ဆာ မောင်မောင် အမည်ဖြင့် “ဒိန်တလိန်းနတ်ဝတ္ထု” နှင့် “ဘုန်းဘုန်းကိုယ်တွေ့  ဘုံဓလေ့” ၀တ္ထုများကို ရေးသား ထုတ်ဝေခဲ့သည်။ သူရိယသတင်းစာနှင့် အိန္ဒိယနိုင်ငံထုတ် သတင်းစာတို့ တွင် ခေါင်းကြီး၊ ဆောင်းပါး မြောက်မြားစွာတို့ ကို စဉ်ဆက်မပြတ် ရေးသားခဲ့သည်။

ဆရာတော်၏ ကျေးဇူးတရားကို သိရှိသောအားဖြင့် ဆရာတော် အထိမ်းအမှတ်ပွဲများကို မြန်မာနိုင်ငံတွင် ဂုဏ်ပြုကျင်းပခွင့် မရရှိနိုင်ကြသော်လည်း နိုင်ငံတကာတွင်ရောက်ရှိနေကြသော ရခိုင်လူငယ်များ အပါအ၀င် အတိုက်အခံနိုင်ငံရေး အင်အားစုများမှ ဆရာတော်ပျံလွန်တော်မူသည့် နေ့ရက်ရောက်တိုင်း အခမ်းအနားများကို တခုတ်တရ ကျင်းပလေ့ရှိကြသည်။

ဘန်ကောက်မြို့ တွင်အလုပ်နားရက် တနင်္ဂနွေနေ့ ကို ကျင်းပခဲ့ကြသော်လည်း စက်တင်ဘာလ ၉ရက်နေ့ တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက် ပင်လယ်ကမ်းခြေတွင် နေထိုင်ကြသော ရခိုင်လူငယ်အဖွဲ့ အစည်းများက ကျင်းပကြမည်ဖြစ်သည်။ အလားတူ ချင်းမိုင်၊ မဲဆောက်နှင့် နယ်စပ်ဒုက္ခသည်စခန်း အချို့ တွင်လည်း ဆရာတော်အောက်မေ့ဘွယ် အခမ်းအနားများ ကျင်းပကြမည်ဖြစ်သည်။ ထို့ အပြင် ဂျပန်၊ နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ခ်ျနှင့် အိန္ဒိယနိုင်ငံတို့ တွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများနှင့် အတိုက်အခံအင်အားစုများကလည်း ကျင်းပကြမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment