10.05.2009

ဖိနပ်အလုပ်ရုံ အလုပ်သမားအခွင့်အရေး တောင်းဆိုချက်များ အောင်မြင်

အောက်တိုဘာ ၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက် ချုံဘူရီခရိုင် စမူပါကန် တလာဘန့်ချလုံအရပ်တွင်ရှိသော aerosoft ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများက ပြီးခဲ့သော စနေနေ့ မှာစ၍ အလုပ်သမား အခွင့်အရေးဆိုင်ရာများ ချိုးဖေါက်ခံရမှုများကို မကျေနပ်ကြသဖြင့် အလုပ်မဆင်းပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် သတင်းကို ဤဝဘ်ဆိုက်တွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ အလုပ်သမားများ၏ တောင်းဆိုချက်များ အားလုံးယနေ့တွင် ပြည့်ဝခဲ့ပြီး ဖြစ်သည်ဟု သိရပါသည်။

ဆန္ဒပြအလုပ်သမားများ၏ ခေါင်းဆောင် ကိုကျော်စိုးပိုင်က “ဒီနေ့ မနက်ပိုင်းက ကိုအောင်မြင့်သိန်းနဲ့ ထိုင်းရှေ့နေ ၂ ယောက် ရောက်လာတယ်။ နယ်မြေအလုပ်အကိုင် ရှာဖွေရေးရုံးမှာ တိုင်ချက်ဖွင့်ကြတယ်။ ကျနော်အပါအ၀င် အလုပ်သမားခေါင်းဆောင် ၇ယောက်ပါတယ်ပေါ့နှော် အပြည့်အစုံ ကျနော်တို့ တင်ပြပြီးတော့ ဖိနပ်ရုံကို သွားကြတယ်။ အလုပ်အကိုင်ရှာဖွေရေးရုံးက လူကြီးတွေက အစိုးရသတ်မှတ်ထားတဲ့ နေ့ တွက် လုပ်အားခ မညီတာတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို မကျေနပ်လို့ လာရှင်းရတာဖြစ်တယ် ဟုတ်လားလို့မေးတော့ မန်နေဂျာမက မငြင်းတော့ဘူး။ သူဌေးမ မလာဘူး။ ဖုန်းဆက်တယ် ။ ကျနော်တို့ တောင်းဆိုတဲ့ အချက်တွေကို လိုက်လျှောမယ်လို့ ဂတိပြုကြတယ်။ ကျနော်တို့ကိုလည်း အလုပ်ရုံ စည်းကမ်းအတိုင်း ကောင်းကောင်းမွန်မွန် လုပ်ကြဖို့ ပြောသွားတယ်” ဟု ပြောသည်။

စမူပါကန်၊ ချုံဘူလီအပါအ၀င် နိုင်ငံတော်က သတ်မှတ်ထားသော ၂၀၃ ဘတ်ပေးရမည်ဟု တရားဝင်သတ် မှတ်ထားချက်ကို သိပါသလားဟု အလုပ်အကိုင်ရှာဖွေရေးရုံး အရာရှိများက မေးခဲ့သည်။ မြန်မာ အလုပ်သမားများမှာ မိမိတို့ စည်းလုံး ညီညွတ်မှုကြောင့် အောင်မြင့်ခဲ့ကြသဖြင့် အထူးဝမ်းမြောက် နေကြကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုလှစိုးက ပြောသည်။

အလုပ်သမားများက အကူအညီတောင်းခံသဖြင့် ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကိုအောင်မြင့်သိန်းက သွားရောက်ကူညီပေးခဲ့သည်။ ကိုအောင်မြင့်သိန်းအား အကျိုးအကြောင်း သိလိုသဖြင့် ကြိမ်ဖန်များစွာ ဖုန်းဆက်သွယ် ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မပြုခဲ့ပါ။

မည်သို့ပင်ဖြစ်စေ အလုပ်သမား အခွင့်အရေးဆိုင်ရာ ချိုးဖေါက်ခံရမှုကို အလုပ်သမားများ ညီညွတ်စွာ အလုပ် မဆင်းပဲ သပိတ်မှောက်ခဲ့သဖြင့် အောင်မြင်မှုရရှိခဲ့ပြီးဖြစ်သည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment