10.15.2009

သပိတ်မှောက် ဖိနပ်ရုံအလုပ်သမား ရ၀၀ ကျော် ဖိအားပေးခံနေရသဖြင့် အလုပ်ထွက်ခဲ့ကြရ

အောက်တိုဘာ ၁၅

ခြုံဘူရီခရိုင် စမူပါကန် ဘန်ချလုံအရပ်ရှိ သော aerosoft ဖိနပ်စက်ရုံမှ ဆန္ဒပြ မြန်မာ အလုပ်သမားများအား အလုပ်ရုံမှ နည်းမျိုးစုံ သုံးဖိအားပေး နေသဖြင့် အလုပ်သမားမြောက်များစွာ အလုပ်ထွက်လိုက်ကြသည်။

အောက်တိုဘာလ ၈ရက်နေ့မှစ၍ သတင်းတစ်ပတ်အတွင်း အလုပ်ထွက်လိုက်ရသော အလုပ်သမား အရေ တွက်မှာ ၇၀၀ခန့် ရှိပြီး ဖြစ်ကြောင်း အလုပ်ထွက်လာသူများက ပြောသည်။

ပြီးခဲ့သော အောက်တိုဘာလ ၅ ရက်နေ့က ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့နှင့် ထိုင်း အင်ဂျီအို အဖွဲ့တစ်ခုတို့ ကြားဝင်စေ့စပ်မှုဖြင့် အဆိုပါအလုပ်ရုံမှ အလုပ်သမား အခွင့်အရေးများကို ပေးမည် ဖြစ်ကြောင်း ဂတိပြုခဲ့သဖြင့် အလုပ်သမားများနှင့် ကူညီပေးသူများက ၀မ်းမြောက်ခဲ့ကြသည်။

ထိုသို့အောက်တိုဘာလ ၃ရက်နေ့ အလုပ်မဆင်းပဲ စတင်ဆန္ဒပြခဲ့သော မြန်မာအလုပ်သမားများ၏ အခွင့်အရေး ချိုးဖေါက်ခံနေရမှု တောင်းဆိုချက်များကို အလုပ်အကိုင်ရှာဖွေရေး (ဆ၀ါဒီကန်)ရုံးမှ တာဝန်ရှိ လူကြီးများရှေ့တွင် လိုက်လျှောမည်ဖြစ်ကြောင်း မန်နေဂျာနှင့် စက်ရုံတာဝန်ရှိသူများက ဂတိပြုခဲ့သော်လည်း အောက်တိုဘာ ၆ရက်နေ့ အလုပ်စဆင်းသည်နှင့် တစ်ပြိုင်နက်တည်း အလုပ်ရှင်နှင့် မန်နေဂျာတို့က ပညာပြခဲ့ ကြသည်ဟု အလုပ်သမားများက ဆိုသည်။

သုံးနှစ်ကျော်ကြာ အဆိုပါ ဖိနပ်စက်ရုံတွင် လုပ်ကိုင်လာသော ကိုရဲမင်းက “ကျွန်တော် အဲဒီစက်ရုံမှာ လုပ်တာ ကြာပြီ ကျွန်တော် ဖိနပ်ပုံ ရိုက်ရတယ်လေ။ ထိုင်လုပ်ရတယ် တောက်လျှောက် အဲဒါပဲလုပ်လာတာ။ ၆ရက်နေ့ ကျွန်တော်တို့ အလုပ်ဆင်းတာနဲ့ ကျွန်တော့်ကို ဆေးရောင်သုတ်တဲ့ နေရာကို ပို့တယ်။ အခြား လူတွေကိုလည်း ဟိုပို့ဒီပို့ လုပ်လိုက်တယ်။ လူတွေ တော်တော် စိတ်ဓါတ်ကျ သွားကြတယ်။ သူတို့ပါးစပ်က အလုပ်ထွက်လို့ မနှင် ထုတ်ပေမယ့် ဗမာတွေဘာဖြစ်တယ် ညာဖြစ်တယ် ခိုင်းတာလုပ်ရမယ် ထိုင်းတွေလို လုပ်လို့မရဘူး ဘာညာ ပြောတယ်။ ကျနော်တို့ လုပ်လို့ မပျော်တော့တာကြောင့် ထွက်လိုက် ကြတယ်”ဟု ပြောသည်။

အလုပ်သမားများ တောင်းဆိုချက်များတွင် အလုပ်သမားများ နေ့တွက်တပြေးညီ ရရှိရေး ကျမ္မာရေး မကောင်း လျှင် ဆေးခွင့်ရရှိရေး အပြင် အချိန်ပို သတ်မှတ်ခြင်းနှင့် နိုင်ငံတော် ရုံးပိတ်ရက်များတွင် အလုပ်လုပ် ပါက ရက်တွက် ဆတိုးရရှိရေး တို့က ပါဝင်ခဲ့သည်။

သို့ရာတွင် အောက်တိုဘာလ ၆၇က်နေ့ အလုပ်ဆင်းသည်နှင့် မန်နေဂျာနှင့် စက်ရုံလူကြီးများက မြန်မာ အလုပ် သမားများကို အုပ်စုခွဲပြီး သွေးတိုးစမ်းခဲ့သည်။ နေ့တွက် ၁၉၅ ဘတ်ပေးလျှင် အချိန်ပိုပေးမည် ဖြစ်သော်လည်း အလုပ်သမားများ တောင်းဆိုထားသော တစ်နေ့၂၀၃ ဘတ် ပေးရပါက အချိန်ပို လုံးဝမပေးကြောင်း လုပ်ငန်းခွင် ရုံးခန်းသို့ အလုပ်သမားများကို အသုတ်လိုက် ခေါ်ယူ ပြောဆိုခဲ့သည်။

အလုပ်ထွက်လာရသူ ကိုမျိုးက “ကျွန်တော်တို့က အလုပ်သမားတွေကို လိုက်ပြောတယ်။ ပထမနေ့ကတော့ ညီတယ်။ နောက်နေ့ကျတော့ ဘာပြောလဲဆိုတော့ အချိန်ပိုမဆင်းပဲ ၃ရက်နေရင် အလုပ်ထုတ်ပစ်မယ်၊ အဲလို ခြိမ်းခြောက်လာတယ်။ ဘတ်တွေ ဆက်မရအောင် လုပ်ပစ်လိုက်မယ်။ အဲလိုပြောလာတယ်။ မြန်မာ အလုပ်သမားတွေ ကလည်း သိတဲ့အတိုင်းပဲလေ မညီကြဘူး။ အလုပ်ဆင်းတဲ့ လူဆင်း မဆင်းတဲ့လူ မဆင်း ဖြစ်ကုန်တယ်။ ကျနော်တို့ ခုလို အလုပ်လက်မဲ့ဖြစ်သူဖြစ် ဒုက္ခတွေ ရောက်ကုန်ကြတာ မြန်မာအလုပ်သမားတွေ မညီညွတ်လို့ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆန္ဒပြပွဲကို ဦးဆောင်သူများအနက် တစ်ဦးအပါအ၀င်ဖြစ်သော ကိုကျော်စိုးပိုင်က “တစ်နေပကို လူတွေရာချီပြီး ထွက်ကြတယ်။ ကျွန်တော်တို့ကတော့ စောစောစီးစီး ထွက်လိုက်ပြီးတော့ အလုပ်ရှာနေကြပြီ။ စိတ်မကောင်း ဘူးပေါ့၊ အကူညီပေးခဲ့တဲ့လူတွေကို ဖုန်းဆက်တော့လဲ ဖုန်းမကိုင်ဘူး။ အခြားဖုန်းတွေနဲ့ ဆက်လို့ ကိုင်ပြန်တော့ လဲ စီစဉ်နေတယ်၊ စီစဉ်နေတယ်နဲ့ ၊ဘာမှ ခုထိအကူအညီ ပေးတာမရှိဘူး။ လူတွေ ဟိုရောက် ဒီရောက် ရွာပျက် သလို ဖြစ်နေပြီ။ မိသားစုများတဲ့ လူတွေ တော်တော် ဒုက္ခရောက်ကြတယ်။ တော်ပြီ၊ နောက်ဆိုရင် ကိုယ်ဖြစ် ကိုယ်ခံ ဘာမှ ကျနော်မလုပ်တော့ဘူး။ မျက်နှာပူရတယ်။ ကိုယ်လည်း ဒုက္ခရောက်တယ်”ဟု စိတ်မကောင်းခြင်း များစွာဖြင့် ပြောဆိုသွားသည်။ ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့အား ဖုန်းဆက် သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်းမရှိခဲ့ပေ။

အလုပ်သမား အခွင့်အရေးများ ချိုးဖေါက်ခံရမှုများကို တောင်းဆိုဆန္ဒပြခြင်းကြောင့် အလုပ်သမားများ အနိုင်ရ ခဲ့သည်ဟု ပြည်ပအခြေစိုက် ရေဒီယိုများနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ ထုတ်လွှင့်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများမှ နေစဉ်ရာချီ အလုပ်ထွက် နေကြရသဖြင့် သတင်းတစ်ပတ်အတွင်း မြန်မာအလုပ်သမား ၇၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီးဖြစ်ကြောင်း အလုပ်သမား များက ပြောသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment