10.30.2009

မှတပါး အခြားမရှိပြီ

မောင်သြ

၃၀ အောက်တိုဘာ ၂၀၀၉

ယနေ့အချိန်ဟာ မြန်မာနိုင်ငံအတွက် အနာဂတ်ပြုပြင်ပြောင်းလဲတိုးတက်မှုမှာ နအဖစစ်အာဏာရှင်အစိုးရကော အန်အယ်လ်ဒီပါ တချက်အမှားမခံရအောင် အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ ဆိုချင်ပါတယ်။

ဘာကြောင့်လဲဆိုရင် နအဖကလည်း သူ့ Road Map လမ်းပြမြေပုံအရ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်းကြီးကို ဆုပ်ကိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပသွားဖို့အတွက် ၂၀၀၉ ခုနှစ် မတ်လ (၂၇) ရက် တော်လှန်ရေးနေ့ မှာကော၊ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်း ညီလာခံ မှာပါ စစ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခိုင်အမာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုကြည့်ရင် နအဖအစိုးရက သူ့လမ်းကြောင်းကို သူ ဖြောင့်ဖြောင့်တန်းတန်း ခေါင်းမာမာနဲ့ သွားမယ်ဆိုတာ ထင်ရှားနေပါတယ်။

နောက်တဘက်က အန်အယ်လ်ဒီကတော့ ဘယ်လိုရှိပါသလဲ။ ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့က ထုတ်ပြန် ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားမှာလား၊ ဟုတ်ကဲ့ … မိမိကိုယ်တိုင် လက်နဲ့ ရေးထား တဲ့ စာတမ်းကို ခြေနဲ့ဖျက်မှာမဟုတ်ဘူးဆိုတာ အားလုံးက ယုံကြည်ပြီးသားပါ။

ရွှေဂုံတိုင်ကြေညာစာတမ်းဟာ အန်အယ်လ်ဒီရဲ့ ဂုဏ်သိက္ခာဖြစ်သလို အသက်သွေးကြောလည်း ဖြစ်တယ် ဆိုတာ ယုံမှားသံသယရှိစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီကြေညာစာတမ်းကို နိုင်ငံအ၀ှမ်းမှာရှိတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း အလေးအနက် ထောက်ခံထား ကြလို့ပါပဲ။

ဒါ့အပြင် အနောက်နိုင်ငံ၊ အီးယူ၊ အာဆီယံနဲ့ ကုလသမဂ္ဂက ခေါင်းဆောင်တွေကလည်း အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးထားရှုမြင်သုံးသပ်နေကြောင်း ကြားသိရလို့ပါပဲ။

နအဖကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ ကျားဖမ်းမယ်၊ ဆင်ဖမ်းမယ် တကြိမ်းကြိမ်းနဲ့ ဟန်ရေးပြ နေသော်လည်းပဲ ယခုထက်ထိ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ၊ ပါတီဖွဲ့စည်းရေးဆိုင်ရာ ညွှန်ကြားချက် တွေနဲ့ ရွေးကောက်ပွဲကော်မရှင်တွေ ဖွဲ့စည်းဖို့ ဘာကြေညာချက်မှ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ရဲဘော် ဖိုးသံချောင်းရဲ့ စကားနဲ့ဆိုရင်တော့ “သူတို့ (နအဖ) အတွင်းမှာလည်း ပြဿနာရှိတယ်၊ သူတို့မပြတ်လို့ သူတို့ အပြင်ကို မထုတ်နိုင်တာပါ။ အာဏာရထားတဲ့သူ၊ သေနတ်ကိုင်ထားတဲ့သူဆိုတာ အဓိကကတော့ သူတို့ ထဲမှာ အာဏာနဲ့ ပတ်သက်တဲ့ ပြဿနာတော့ရှိမှာပါ” ဆိုတာလို စဉ်းစားစရာတွေ ရှိနိုင်တာပေါ့ဗျာ။

အဲသလိုပဲ အန်အယ်လ်ဒီကလည်း ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးထက် မိမိတို့ကိုယ်တိုင် ရေးဆွဲထုတ်ပြန် ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို သစ္စာရှိရှိ၊ သံမဏိစိတ်ဓာတ်နဲ့ ဆုပ်ကိုင်ထားဖို့၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ စည်းလုံးညီညွတ်မှုအား မွေးနေရပါမယ်။ အဲဒီလိုမှ မထိန်းသိမ်းနိုင်ရင် အန်အယ်လ်ဒီကို ၀ိုင်းရံထောက်ခံနေတဲ့ ပြည်သူတွေကတော့ သစ္စာဖောက်တွေလို့ နာမည်ပေးကင်ပွန်းတပ်မှာ သေချာပါတယ်။

နအဖ (န၀တ) စစ်အစိုးရကို ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက သူတို့ပေးထားတဲ့ ကတိစကားတွေနဲ့ ချမှတ်ထားတဲ့ ၁/၉၀ တွေကို မလိုက်နာရကောင်းလားလို့ အန်အယ်လ်ဒီက ပြစ်တင်ဝေဖန် တောင်းဆိုတာ ရှိခဲ့သလို အန်အယ်လ်ဒီအနေနဲ့လည်း မိမိတို့ထုတ်ပြန်ထားတဲ့ ၂၂.၉.၀၈ နေ့ထုတ် အထူးကြေညာချက်အမှတ် ၁၈/၀၉/၀၈ နဲ့ ၂၉.၄.၀၉ နေ့မှာ ထုတ်ပြန်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းတွေကို တသေဝေမတိမ်း ထိန်းသိမ်း လိုက်နာဖို့ တာဝန်ရှိပါတယ်။

နအဖအနေနဲ့ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို မသိကျိုးကျွံပစ်ပယ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို တဖက်သတ်လုပ်ဆောင်သွားမယ်ဆိုရင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက်တွေ၊ အီးယူဥရောပ သမဂ္ဂ နိုင်ငံအဖွဲ့အစည်းကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်သွေဖည်ရာရောက်တဲ့အတွက် မွေးဖွား ပေါ်ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်သားကောင်ဟာလည်း အပြစ်အနာအဆာတွေနဲ့ ဆွံ့အကျိုးကန်း မသန်မစွမ်း ကလေးဖြစ်လာမှာ သေချာပါတယ်။

ရွေးကောက်ပွဲဝင်ကြတဲ့ ပါတီအဖွဲ့အစည်းတွေကလည်း နအဖက အမဲသားတုံးပြတာနဲ့ ပြေးဟပ်ချင်ကြတာကိုး။ အမဲသားတုံးမှာ အဆိပ်ပါလား၊ မပါလား မစဉ်းစားကြတော့ဘူး။ လွှတ်တော်ထဲရောက်ရင် ပြောခွင့်ဆိုခွင့်ရမယ်လို့ အခွင့်အရေးမျှော်ကိုးတဲ့သူတွေကိုတော့ လွှတ်တော်ထဲရောက်ဖို့ နေနေသာသာ လွှတ်တော်လှေကားထစ် ရောက်ရင်တောင် ကံကောင်းတယ်မှတ်ပါ။ လှေကားထစ်မှာတင် အမဲသားတုံးကျွေးပြီး ပါးစပ်ပိတ်ခံနေရမှာ မြင်ယောင်နေပါသေးတယ်လို့ ပြောလိုက်ချင်ပါတယ်။

နအဖနဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်တို့ဟာ ယနေ့ နိုင်ငံရေးမျက်နှာစာ စစ်ပွဲမှာ နအဖက အာဏာနဲ့ လက်နက်ကို ကိုင်ဆောင်ထားတယ်။ အန်အယ်လ်ဒီကတော့ ပြည်သူလူထုရဲ့ မန်းဒိတ်၊ တရားဥပဒေနဲ့ မေတ္တာလက်နက်ကို ကိုင်ဆောင်ထားတယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာနဲ့ အရေးပါတဲ့ လမ်းဆုံလမ်းခွ ရောက်နေကြပြီ။

ဒီအချိန်မှာ အမေရိကန်အစိုးရက နအဖစစ်အာဏာရှင်အစိုးရအပေါ် sanction ကို တဘက်က ပိတ်ဆို့မြဲ ပိတ်ထားပြီး တဘက်က တိုက်ရိုက်ထိတွေ့ဆက်ဆံတာမျိုး ဆောင်ရွက်ဖို့ စီစဉ်နေပြီ။ အဲ … နအဖဘက်က ထင်သာမြင်သာရှိတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲလာမှုတွေ ရှိခဲ့ရင်တော့ ပိတ်ဆို့ တားဆီးမှုတွေဟာ ရုပ်သိမ်းသွားနိုင်စရာ ရှိလာပါလိမ့်မယ်။

ဒါကလည်း အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်ခြင်းအပေါ်မှာ အခြေခံတာ ဖြစ်ရပါမယ်။

တပြိုင်နက်တည်းမှာပဲ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ အောက်တိုဘာလဆန်းပိုင်းမှာ (၂) ကြိမ် တွေ့ဆုံတဲ့ အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ သံအရာရှိ (၃) ဦး တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေ၊ ၉.၁၀.၀၉ နေ့မှာ ၎င်းသံအရာရှိ (၃) ဦးနဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေ အန်အယ်လ်ဒီရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေ (ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ စီအီးစီ ဦးဝင်းတင်တို့မပါ) … စသည့်အခြေအနေတွေဟာ နအဖအစိုးရက ပကတိ ရိုးသားဖြူစင် မွန်မြတ်တဲ့ စိတ်ရင်း၊ စေတနာရင်းတို့နဲ့ တွေ့ဆုံခွင့်လိုက်လျောခြင်း၊ တိုင်းပြည်နဲ့ လူမျိုးအကျိုး တိုးတက်ဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ခြင်းအပေါ် အဓိကထားတယ်ဆိုရင် အကောင်းမြင် သဘောနဲ့ ကြိုဆိုပါတယ်။ သာဓု … သာဓု (၂) ကြိမ်လောက်တော့ ကြိုခေါ်ထားပါမယ် (နအဖရဲ့ စိတ်ရင်း အမှန်ကို စိတ်မချ မယုံကြည်ရသေးလို့ပါ)။

တကယ်လို့ နအဖက ၎င်းတို့အပေါ် ပိတ်ဆို့ထားတဲ့ Sanction လျော့ကျရေးအတွက်သာ ဟန်ပြ အယောင်အဆောင် သဘော အနေအထားဖြစ်နေရင်တော့ နအဖနဲ့ တိုင်းပြည်ရဲ့ကံကြမ္မာဟာ မတွေးဝံ့စရာ အနာဂတ်ဆိုးတွေနဲ့ သံသရာလည်နေဦးမှာပဲဆိုတာ ပြောချင်ပါတယ်။

မည်သို့ဆိုစေကာမူ အန်အယ်လ်ဒီကတော့ ရွေးကောက်ပွဲဝင်ခြင်း၊ မ၀င်ခြင်းအပေါ် ဘာလုပ်မယ်ဆိုတာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားရပါတော့မယ်။ ကြိုတင်ပြင်ဆင်မှုဟာ အကောင်းဆုံးလက်နက်ပဲဆိုတာ လက်ခံရပါမယ်။ ဒီအတွက် အဖွဲ့ချုပ်ရုံးခွဲတွေရှိတဲ့ မြို့နယ်တွေက ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ ပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသားညီလာခံတရပ် အမြန်ဆုံးခေါ်ယူဖို့ လိုအပ်နေပါပြီ။ ဒီအချိန်ဟာ အန်အယ်လ်ဒီအတွက် အရေးကြီးတဲ့ End Point ရောက်နေပါပြီလို့ ပြောချင် ပါတယ်။

အဲဒါကြောင့် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီမပါဘဲ (All inclusive မဖြစ်ဘဲ) အတင်း တဖက်သတ် ဆောင်ရွက်မယ်ဆိုရင် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို စိမ်ခေါ်တိုက်ပွဲဝင်ဖို့အတွက် အကောင်းဆုံး လက်နက်ကို ရှာရပါမယ်။ အဲဒီလက်နက်ကတော့ နိုင်ငံလုံးဆိုင်ရာညီလာခံမှ တညီတညွတ်တည်း တသံတည်းထွက်ပေါ်လာမယ့် ဆုံးဖြတ်ချက်တွေကို ပြည်သူလူထုထံ ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာရန် မှတပါး အခြားမရှိပါကြောင်း တင်ပြလိုက်ပါတယ်။


No comments:

Post a Comment