ရဲဘော်ဖိုးသံချောင်း
၁၀ နိုဝင်ဘာ ၂၀၀၉မီဒီယာသမားတွေ ရလိုက်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးဓာတ်ပုံတပုံ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရလိုက်တာက ဗိုလ်ချုပ်တင်ဦးအပေါ် နအဖက အခုအထိ ဘယ်လိုသဘောထားတယ်ဆိုတဲ့ သဘောထား။ နအဖရလိုက်တာက ပြည်တွင်းပြည်ပကို လိမ်ညာခွင့်။ ဗမာပြည် ပြည်သူလူထုကတော့ တံလျှပ်လေးတောင် မမြင်လိုက်ရ။ လာကတည်းက အခြေအနေကို စနည်းနာဖို့ လာတာလို့ပြောခဲ့တဲ့ အမေရိကန် အစိုးရအဖို့ကတော့ အရင်းဟာ အရင်းပဲလို့ ပြောနိုင်ပါတယ်။ သူတို့အတွက်က ရသမျှ အမြတ်ချည်းလို့ တွက်ထားတာဖြစ်ပါတယ်။
ဒီလို သဲထိတ်ရင်ဖို ရုပ်ရှင်ကားလိုလို၊ သံတမန်သူလျှို ရုပ်ရှင်ကားလိုလို ဗမာ့နိုင်ငံရေး ဇာတ်လမ်းတခုကို အားလုံးကအလေးထား အာရုံစိုက် ကြည့်နေကြလို့ အဆုံးပိုင်းလည်းရောက်ရော မထင်မှတ်ဘဲ လူပြက်တယေက် ခုန်ထွက်လာတယ်။ တခြားလူဟုတ်ပါရိုးလား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ့။ ကမ်ဘဲလ် ပြန်သွားတာ သေချာပြီဆိုတော့မှ ပုန်းအောင်းနေရာက ထွက်လာ၊ ပြီးတော့ ကြပ်ပြေးကို ပြန်ရောက်ရောက်ချင်း အိပ်မှုန်စုံမွှားနဲ့ “စက်မှုနိုင်ငံ ထူထောင်ရမယ်” လို့ လက်သီးလက်မောင်းတန်း အော်လိုက်ပါတယ်။ ဦးပုညရေးသလို “ကမ္ဘာကြီးပျက်ကာမှ ယောင်တိယောင်နနဲ့ လူ့ဘဝကိုရတဲ့” လူဆိုတာမျိုးပါပဲ။ သူဟာသွားပုန်းနေတာ မဟုတ်ပါဘူးလို့ လျှောက်လဲချက် တင်နေတာပါ။ ဒါပေမယ့် ဒီအပြောဟာ ဒီနိုင်ငံ့အကြီးအကဲကြီးရဲ့ အရည်အချင်းကို ဖော်ပြလိုက် သလို ဖြစ်သွားတာမို့ ပရိသတ်ကို ပွဲအကျကြီးကျသွားစေပါတော့တယ်။ ထားတော့။ ဗမာပြည်နိုင်ငံရေးဟာ ဒါနဲ့ပဲ သံသရာလည်နေရတော့မှာလား။
အမေရိကန်က ကမ်ဘဲလ်ကိုလွှတ်တာဟာ အဓိကအားဖြင့် အာရှတိုက်ဒီဘက်ပိုင်းက တရုတ်၊ အိန္ဒိယ၊ အာဆီယံ တို့ရဲ့ နိုင်ငံရေး ကျားဝိုင်းမှာ သူတို့ကျန်မနေခဲ့ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဗမာပြည်အရေးဟာ အမေရိကန် နိုင်ငံ အတွက် အရေးပါသလောက် ပါပေမယ့် ဘယ်တုန်းကမှ ထိပ်တန်းထားရတဲ့ ကိစ္စမဖြစ်ခဲ့ပါဘူး။ အခုလည်း မဖြစ်သေးပါဘူး။ ဒီတော့ အိမ်ဖြူတော်ဟာ ဗမာပြည်အရေးကို တလျှောက်လုံး သူတို့နိုင်ငံခြားရေးပေါ်လစီရဲ့ ဒုတိယတန်း၊ ဒါမှမဟုတ် တတိယတန်းပြဿနာအဖြစ်ပဲ ကိုင်တွယ်နေမှာပါ။ “ဗမာပြည်ကို တခေါက်သွားလိုက် တာနဲ့ပဲ ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မမျှော်လင့်သင့်ဘူး” ဆိုတဲ့ အပြောမျိုးတွေပဲ ကြားနေရဦး မှာသေချာပါတယ်။ ဒါကို လည်တံတမော့မော့ လုပ်နေကြလို့မဖြစ်ပါဘူး။
ဒီလိုအခါမှာ နအဖစစ်ဗိုလ်ချုပ်တွေအနေနဲ့ နိုင်ငံကြီးတွေအကြားမှာ ဟိုပင်ဒီပင်ကူးပါလို့ ကစားနိုင်တော့မယ်လို့ တွေးပြီး အူမြူးနေမှာသေချာပါတယ်။ အရင်ကတော့ အတိုက်အခံတွေက ဗမာပြည်အရေးကို ပြည်ပနိုင်ငံရေး ဝိုင်းထဲကို တွန်းပို့၊ ဆွဲပို့တာတွေ လုပ်နေခဲ့ပါတယ်။ မကြာမီကာလမှာတော့ နအဖစစ်အစိုးရက ပြဿနာတွေကို ပြည်ပလွှဲချပြီး အချိန်ဆွဲတာ၊ အငှားဗိုက်နဲ့ ဓားထိုးခံတာ၊ ပြည်ပနဲ့ရန်တိုက်ပေးတာတွေ လုပ်လာနိုင်ပါတယ်။ အမေရိကန်ကို ပုဏ္ဏားတိုင်ထားပြီးပြောတာကို အတိုက်အခံတွေထက် နအဖကပိုလုပ်လာတာမျိုးတောင် တွေ့ကောင်း တွေ့လာရနိုင်ပါတယ်။
နောက်ဖြစ်နိုင်ခြေတခုကတော့ အင်တာနက်ရယ်၊ ဗိုလ်စာနဲ့ရေးထားတဲ့ စာအုပ်ကြီးတွေရယ်ကို ကိုးကားပြီး မီဒီယာတွေကနေ ဖိန်းတာ၊ ဟိန်းတာတွေလည်း ပိုများကောင်းများလာနိုင်ပါတယ်။ တဆက်တည်းမှာ မရှက် မကြောက် ဟိုဘက်-ဒီဘက် ခြံကူးတာတွေလည်း တွေ့လာရပါလိမ့်မယ်။ ဟိုပုဂ္ဂိုလ်များပြောတဲ့ “စပေ့စ်” တွေ များလာနိုင်တယ်ဆိုတဲ့သဘောမျိုးလား။ အင်း- နအဖထိုးပေးထားတဲ့ မီးမောင်းအောက်မှာ ကကြပေတော့ပေါ့။ နောက်ပြီး မောင်မောင်မခေါ်ခင်ကတည်းက ဗျာထူးနေတဲ့ လူတွေလည်း အခုထက် ပိုများကောင်းများလာ နိုင်ပါတယ်။ ရွေးကောက်ပွဲဥပဒေထဲမှာ ဘာတွေပဲရေးထားထား ဒို့ကတော့ အမတ်တနေရာရဖို့အတွက် အသက်ပဲ ပေးရ-ပေးရ၊ အရှက်ပဲပေးရ-ပေးရ ဝင်မှာပဲဆိုတဲ့လူတွေလည်း အားတက်ကောင်းတက်ပါလိမ့်မယ်။
သေချာတာကတော့ ဗမာပြည်ရဲ့ နိုင်ငံရေး ပိုရှုပ်ထွေးလာမယ်ဆိုတာပါပဲ။ တိုင်းပြည်တပြည်ရဲ့အရေးမှာ နိုင်ငံကြီးတွေ ပါလာရင် ပိုရှင်းရလွယ်မယ်လို့ အသေတွက်ရင် မှားတယ်ဆိုတာ မြင်ရတော့မှာပါ။ အိုဘားမား အစိုးရအနေနဲ့က ဗမာပြည်အရေးဟာ ဘုရှ်ရဲ့နည်းလည်းမစွံဘူး၊ အာဆီယံနည်းလည်းမစွံဘူး၊ ဒါကြောင့် ဘယ်နည်း ကောင်းမလဲလို့ ရှာဖွေစမ်းသပ်နေတာပါ။ ထပ်ပြောပါ့မယ်။ အိုဘားမားအစိုးရဟာ ဗမာပြည်အရေးကို ဘယ်နည်းနဲ့ ချဉ်းကပ်ဖြေရှင်းတာ အကောင်းဆုံးလဲလို့ ရှာဖွေစမ်းသပ်နေတာဖြစ်ပါတယ်။ သူတို့က နိုင်ငံကြီးဆိုတော့ အချိန်စောင့်နိုင်ပါတယ်။ လောစရာမလိုပါ။ သူတို့အဖို့က အရှေ့တောင်အာရှက ဒီအရေးမှာ ငါ့ကိုချန်ထားလို့ မရဘူးနော်လို့ ပြောလိုက်ရရင်ပဲ ရည်ရွယ်ချက်တဝက်ကျော် ပြည့်မြောက်နေပါပြီ။ သူတို့ ဦးတည် လှုပ်ရှားနေတာက ဗမာပြည် ပြည်သူတွေမဟုတ်ပါဘူး။ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအပါ ဒီဒေသက နိုင်ငံတွေကို ဦးတည်တာပါ။
ကမ်ဘဲလ်လာသွားတာဟာလည်း သူတို့သဘောထားကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြဖို့ပဲဖြစ်ပါတယ်။ ဒီကလူတွေနဲ့ အဖွဲ့ အစည်းတွေရဲ့သဘောထားကို အကျယ်အပြန့်နားထောင်ဖို့က အဓိကမဟုတ်ပါဘူး။ (ဗမာပြည်အကြောင်း၊ ဗမာပြည်ကလူ-အဖွဲ့ အစည်းတွေရဲ့ သဘောထားတွေကို သူတို့မသိတာလည်းမဟုတ်ပါဘူး)။ သူတို့ လုပ်ချင်တာကို ဒီကလူတွေ နားလည်သဘောပေါက်ဖို့၊ ဒါမှမဟုတ် နောင်အတွက် လမ်းဖွင့်ထားနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
အခုတော့ အိုဘားမားနဲ့ သိန်းစိန် တွေ့မယ်ဆိုတဲ့ အခြေအနေတောင် ရောက်လာနေပါတယ်။ ဒီအခါမှာ မီဒီယာတွေက ၁၉၆ဝ ခုနှစ်များတုန်းက ဗိုလ်နေဝင်းနဲ့ အမေရိကန်သမ္မတ ဂျွန်ဆင်တို့ တွေ့ကြတာကို ပြန်ညွှန်း နေကြတာကိုလည်း တွေ့လာရပါတယ်။ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် အမေရိကန်က ဗိုလ်နေဝင်းကို ကျောသပ်ခဲ့တာ၊ အကူအညီပေးခဲ့တာတွေကို ထောက်ပြကြပါတယ်။ ဒါပေမယ့် သူတို့လိုသွားတဲ့အချက်တချက် ကျန်နေတယ်လို့ ထင်ပါတယ်။ အဲဒါက အဲဒီတုန်းက ဝါရှင်တန်နဲ့ မဆလစစ်အစိုးရ အဆင်ပြေခဲ့တာဟာ အကျိုးစီးပွားချင်း သွားတိုက်ဆိုင်နေလို့ဖြစ်ပါတယ်။ အမေရိကန်ကလည်း ဗီယက်နမ်စစ်ပွဲ တိုက်နေရတာမို့ ဒီဒေသမှာ ကွန်မြူနစ်ဆန့်ကျင်သူကို ရှာဖွေနေတာဖြစ်ပြီး ဗိုလ်နေဝင်းကလည်း ဗကပအမြစ်ဖြတ်ရေးကို ဖြတ်လေးဖြတ်နဲ့ အပြတ်အသတ် လုံးပန်းနေချိန်ဖြစ်ပါတယ်။ ဗိုလ်နေဝင်းက ကွန်မြူနစ် ဆန့်ကျင်တာဟာ သူ့အကျိုးစီးပွား ကြောင့်မို့ဖြစ်ပါတယ်။ အမေရိကန်က နားချလို့ လုံးဝမဟုတ်ပါဘူး။ ဗမာပြည်က စစ်အုပ်စုတွေ၊ စစ်အာဏာရှင်တွေဟာ တောင်ဗီယက်နမ်က ငိုဒင်ဇင်၊ အင်ဒိုနီးရှားကဆူဟာတို၊ ဖိလစ်ပိုင်က မားကို့စ်တို့လို အမေရိကန် အကူအညီနဲ့ အာဏာရခဲ့တာ မဟုတ်သလို အမေရိကန်ရဲ့စီးပွားရေး သံသရာကြီးထဲမှာ ကိုယ့်အကျိုးစီးပွားတွေကို ပုံထားရသူတွေလည်း မဟုတ်ပါဘူး။ အမေရိကန်က ပြောတိုင်းရတဲ့ လူတွေ မဟုတ်ဘူးဆိုတာ မမေ့ဖို့လိုပါတယ်။ ဒါဟာ ဗိုလ်နေဝင်းလက်ထက်ကတည်းက ချမှတ်ခဲ့တဲ့လမ်းကြောင်းဖြစ်ပြီး ဗိုလ်သန်းရွှေတို့ ဖဝါးခြေထပ်လိုက်နေတာလည်း ဖြစ်ပါတယ်။ ဒီလိုလျှောက်ဖို့ဟာ သူတို့အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ဗိုလ်ချုပ်တွေအသိဆုံးပါ။ ဒီလို စစ်ဗိုလ်ချုပ်တွေ မျက်စိမလည်တဲ့ကိစ္စကို အတိုက်အခံ တွေက မျက်စိမလည်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဒါမျိုးတွေဟာ ဖြစ်ရိုးဖြစ်စဉ်၊ ဘာမှမဆန်းတာလို့ မြင်ဖို့လိုပါတယ်။ ဒီလိုအပြောင်းအလဲတွေက ကိုယ်လုပ်စရာရှိတာတွေကို မထိခိုက်ဖို့ လိုပါတယ်။ နိုင်ငံတခုနဲ့တခုဆက်ဆံမှုကို လိုက်ပြီး ကိုယ့်လုပ်ငန်းစဉ်ကို မပြောင်းဖို့လိုပါတယ်။
နအဖစစ်အုပ်စုရဲ့အဘိဓာန်ထဲမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ဝေါဟာရဟာမရှိဘူးဆိုတာ အိမ်ဖြူတော်က ပုဂ္ဂိုလ်တွေ သိမသိမပြောတတ်ပါ။ ငါပြောရင်ရပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလို့မရတာတော့ သေချာ ပါတယ်။ နိုင်ငံငယ်တွေက နိုင်ငံကြီးတွေကို နှပ်ကစားတာ၊ နိုင်ငံကြီးတွေက မသိချင်ဟန်ဆောင်ပြီး တမင်အနှပ်ခံတာ ဆိုတာတွေဟာ နိုင်ငံချင်း ဆက်ဆံရေးမှာ မဆန်းတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ခက်တာက ဒီကိစ္စတွေ ဗမာပြည်မှာ လာပေါ်ပေါက်နေတာလားလို့ စဉ်းစားစရာဖြစ်နေတာပါပဲ။
No comments:
Post a Comment