၂၃ နိုဝင်ဘာ ၂၀၀၉
ယခုတလော ပြည်တွင်းစာနယ်ဇင်းများတွင် ‘၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ’ နှင့် ‘၂၀၁၀ ရွေးကောက်ပွဲ’ ကို တဲ့တိုးတမျိုး၊ သွယ်ဝိုက်၍ တဖုံ နည်းမျိုးစုံဖြင့် ၀ါဒဖြန့်ကြေညာနေကြသည်။ ထိုသို့ ကြေညာ မောင်းခတ်ရာ၌ ပုဂ္ဂလိကဂျာနယ်တချို့အား အဓိက ၀ါဒဖြန့်ချိရေးကိရိယာအဖြစ် အသုံးချလျက်ရှိသည်။ ယင်းဂျာနယ်များတွင် ပင်တိုင်ကလောင်များအဖြစ် နေရာ ပေးခြင်းခံရသူများကို သတိထားအကဲခတ်မိသည်။ ကလောင်အများစုမှာ ပြည်သူလူထု အရေးထက်၊ မိမိတကိုယ်စာအရေးကိုသာ အလေးထားသည့် ကလောင်များ ဖြစ်ပေသည်။ ထိုထိုသော ကလောင်များအနက် ‘ရွေးကောက်ပွဲမှ လွဲ၍ အခြားရွေးချယ်စရာမရှိပြီ’ ဟု တစိုက်မတ်မတ် ၀ါဒဖြန့်နေသည့် ကလောင် မှာ အဆိုးဆုံးဟု ဆိုရပေမည်။ သူ့အဆိုအရ ‘ရွေးကောက်ပွဲမှန်လျှင် ပြည့်စုံသည် မပြည့်စုံသည်ကို မကြည့်ဘဲ၊ ကောင်းသည်ဟု မြင်နိုင်ရမည်။ အဘယ်ကြောင့် ဆိုသော် ရွေးကောက်ပွဲသည် ပြည်သူအများ၏ ရွေးချယ်မှု (Public Choice) ကို တစုံတရာ ဖန်တီးပေးသော ကြောင့်ဖြစ်သည်’ ဟု ထိုဆရာက ဆိုလေသည်။ ထို ‘ရွေးကောက်ပွဲ အကောင်းမြင်ဆရာ’ ဆိုလိုသည့် (Public Choice) ဆိုသည်မှာ နာဂစ်လွန် ပြည်သူ့ဆန္ဒခံယူပွဲ (Referendum) လို ဖြစ်စဉ်မျိုးကို ရည်ညွှန်းပုံရပေသည်။ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား မဆန်းစစ်ဘဲ ‘ကောင်းသည်ဟု မြင်နိုင်ရမည်’ ဆိုသော ထိုကလောင်၏အမြင်မှာ နှောင်ကြိုးမှ ကင်းပါရဲ့လားဟု ထင်စရာပင်ဖြစ်သည်။
ယခင်နှစ်က အမည်မဖော်ဘဲ ထွက်ပေါ်ခဲ့ဖူးသည့် “မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော အထွေထွေ သုံးသပ်ချက်များ” ဆိုသော စာတမ်းပါ အယူအဆနှင့် ယခု ‘ရွေးကောက်ပွဲ အကောင်းမြင်ဆရာ’ တို့နှစ်ဦး၏ ၀ါဒဖြန့်ပုံ အခြေခံသဘောအယူချင်း တူညီနေသည်ကိုလည်း သတိပြုမိသည်။ အမည်မဖော် ကလောင်ရှင်က “လက်ရှိအခြေအနေနဲ့ Road Map” ဟူသည့် ခေါင်းစဉ်ငယ်အောက်တွင် ‘စစ်တပ်ရဲ့ အမြင့်ဆုံး ရည်မှန်းချက် - လုံးဝ အာဏာမလွှဲရန်၊ အနိမ့်ဆုံး ရည်မှန်းချက် - စိတ်ကြိုက် Constitution နဲ့ ခရီးဆက်ရန်။ ဒီမိုကရေစီဘက်က အမြင့်ဆုံး ရည်မှန်းချက်ဟာ စစ်တပ်ရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ပဲ ဖြစ်နိုင်ပါတယ်။ … … ‘အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲသာ ဖြစ်ခဲ့လျှင် မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ ဒီမိုကရက်တစ် အင်အားစုများအတွက် တရားဝင်လမ်းကြောင်းတခု ပွင့်လာနိုင်သည်။ ဤလမ်းကြောင်းကို Transitional period တခုအဖြစ် သဘောထားပြီး ဆက်လက်လှုပ်ရှားကြရမည် ဖြစ်ပါသည်’ ဟုလည်း ထို ‘အမည်မဖော် စာရေးဆရာ’ က ၀ါဒဖြန့်ချိခဲ့သည်။
ထိုအချက်နှင့် အလားတူပင် ‘ရွေးကောက်ပွဲ အကောင်းမြင်ဆရာ’ က ယခုကဲ့သို့ ဆိုပြန်သည်။ “ရွေးကောက်ပွဲမှ လွဲ၍ အခြားရွေးချယ်စရာမရှိပြီ ဟူသော သုံးသပ်ချက်သည် အခြားရွေးချယ်စရာတို့ကို အကုန်စွန့်လွှတ်ပစ်သည့် သဘောဆောင်သည်။ ဥပမာ - ပြည်ပက ၀င်ရောက်စွက်ဖက်ခြင်းကို အားကိုးခြင်း၊ လူထုလှုပ်ရှားမှု (လမ်းပေါ် နိုင်ငံရေး) ကို မျှော်လင့်ခြင်း၊ အာဏာရအဖွဲ့အတွင်း ပဋိပက္ခကို မျှော်လင့်ခြင်း စသည်တို့ကို စွန့်ပစ်သည်။ ဤသို့ စွန့်လွှတ်ပြီး ရွေးကောက်ပွဲအပေါ်သာ တခုတည်း ဖိုးကပ်စ်လုပ်သည်။ ဤနည်းသည် မဟာဗျူဟာမြောက် ရှုထောင့်ဖြင့် ရှုမြင်သောနည်းဖြစ်သည်။” ထိုဆရာက ဆက်လက်၍ ‘မြန်မာ့နိုင်ငံရေးတွင် အားအနည်းဆုံး အပိုင်းမှာ နိုင်ငံရေးသမားများ ရေရှည်မဟာဗျူဟာမြောက် အမြင်မရှိဘဲ၊ နည်းဗျူဟာအမြင်ဖြင့် ပေါ်ပင်လိုက်ခြင်း ဖြစ်သည်’ ဟု ဝေဖန်လိုက်သေးသည်။ ထိုဆရာတို့အလိုအရ ၂၀၁၀ ရွေးကောက်ပွဲသာ အကောင်းဆုံး နိုင်ငံရေး ပုံသဏ္ဍာန် ဖြစ်၍ ရွေးချယ်စရာ အခြားနည်းများ မရှိဟုဖြစ်သည်။ ထိုဆရာများ၏ စဉ်းစားပုံမှာ အတ္တနောမတိ လွန်ကဲလွန်း လှပေသည်။
လက်ငင်း မြန်မာ့နိုင်ငံရေးပြဿနာမှာ ရွေးကောက်ပွဲမဟုတ်။ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ကိစ္စဖြစ်သည်။ ဒီမိုကရေစီ ဗိမာန်တည်ဆောက်ရန် စစ်အာဏာရှင်ဗိသုကာအား အလုပ်အပ်သကဲ့သို့ ဖြစ်နေသဖြင့် အဆောက် အဦး ပန္နက်မချမီ ပြန်လည်စိစစ်ကြဖို့ဖြစ်သည်။ ထိုဆရာတို့၏ ၀ါဒဖြန့်ချိချက်သည် စစ်အစိုးရလက်ဝေခံ တတိယ လမ်းကြောင်း ရှာဖွေသူများဆိုသည့် “တတိယနိုင်ငံရေးအုပ်စု” ကို အားပေးထောက်ခံနေသကဲ့သို့ ဖြစ်သည်။ “တတိယအုပ်စု” က ‘၂၀၁၀ ရွေးကောက်ပွဲ’ အား ဒီမိုကရေစီလမ်းပွင့်ရေးအတွက် တံခါးတချပ်ဟူ၍ အဓိပ္ပာယ် ဖွင့်ကြသည်။ ‘တကျပ်ဖိုး မရနိုင်ပေမယ့် ငါးမူးဖိုးတော့ ရနိုင်တယ်’ ဟု ဆိုကြသည်။ ကျန်ငါးမူးဖိုးကို နောင်ပေါ် လာမည့် ပါလီမန်ထဲတွင် ချဲ့ထွင်ယူရမည်ဟုဆိုသည်။ ၂၀၁၀ ပါလီမန်ကတဆင့် စစ်အုပ်စု၏ အတွင်းစည်းထဲသို့ လမ်းဖောက်ဝင်ရမည်။ တဖြည်းဖြည်း စစ်ဗိုလ်တွေထဲက Moderate ဖြစ်သူ၊ ပျော့ပျောင်းသူများအား စည်းရုံးရင်း ဒီမိုကရေစီအခွင့်အရေးများကို ချဲ့ထွင်ယူရမည်ဟု လေထဲတိုက်အိမ်ဆောက်နေကြလေသည်။
“တတိယအုပ်စု” “တတိယလမ်းကြောင်း” ဆိုသည့် အမြင်သဘောထား ဖြစ်ပေါ်နေသည်မှာကြာပြီ။ နအဖ၏ အမျိုးသားညီလာခံ စတင်သည့် ၁၉၉၃ တွင် ထိုအယူအဆကို စတင်ဝါဒဖြန့်ချိခဲ့သည်ဟု အကြမ်းဖျင်း ပြောနိုင်သည်။ ၁၉၉၃ ဇန်န၀ါရီလ (၉) ရက်နေ့တွင် အမျိုးသားညီလာခံ စမည်ဟု ကြေညာလိုက်သောအခါ အမျိုးသား ညီလာခံ တက်သင့် မတက်သင့်ဆိုသည့် နိုင်ငံရေးအချေအတင် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာ သည်။ ပြဿနာ၏ သော့ချက်မှာ ‘အနာဂတ်နိုင်ငံတော် အမျိုးသားဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ကို အစဉ်သဖြင့် ပါဝင်ခွင့်ပြုရေး’ ဆိုသော အချက်ဖြစ်သည်။ ဤသည်မှာ ‘နအဖ’ ရေးဆွဲချမှတ်လိုက်သည့် ညီလာခံဦးတည်ချက် အခြေခံမူ (၆) ချက်ထဲက နံပါတ် (၆) အချက်ဖြစ်သည်။ ညီလာခံဦးတည်ချက် နံပါတ် (၆) အချက် ပိုမိုခိုင်မာတောင့်တင်းစေရန် အခြေခံမူ (၁၀၄) ချက်ကိုလည်း ထပ်ဆင့်ဘောင်ချ လိုက်သေးသည်။ ယင်းမူဘောင်ထဲက ‘ဖွဲ့စည်းပုံအခြေခံဥပဒေ’ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ စစ်တပ်က လွှတ်တော်နှင့် အုပ်ချုပ်ရေးအဆင့်တိုင်းတွင် လေးပုံတပုံ နေရာယူထားသော်လည်း လက်ရှိ စစ်အာဏာရှင်စနစ်ထက်တော့ သာနိုင်သေးသည်ဆိုသော အမြင်သဘောထားရှိသူများသည် “တတိယအုပ်စု” ၀င်များဖြစ်သည်။
‘ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိခြင်းသည် ဖွဲ့စည်းပုံ လုံးဝမရှိခြင်းထက် ကောင်းသည်’ ဟု ထိုတတိယအုပ်စုဝင် နိုင်ငံရေးသုခမိန်တို့က နည်းမျိုးစုံဖြင့် ၀ါဒဖြန့်ကြသည်။ အဖြစ်မှန်မှာ နအဖ၏ အမျိုးသားညီလာခံ (၁၅) နှစ်ကြာ ကျင်းပပြီးနောက် ထွက်ပေါ်လာသော ဖွဲ့စည်းပုံရလဒ်သည် စစ်တပ်သြဇာခံ မြန်မာနိုင်ငံထူထောင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေး တောင်းဆိုသည့် မြန်မာ တိုင်းရင်းသား များအား မြန်မာပြည်နိုင်ငံရေးမှ ထာဝရ ဖယ်ထုတ်ရေးဖြစ်နေသည်။
ဤနေရာ၌ အလျဉ်းသင့်သဖြင့် ၂၀၀၇ ခုနှစ် မတ်လက လုပ်သွားသည့် “တတိယအုပ်စု” ၏ သတင်းစာရှင်းလင်းပွဲ (၁/၂၀၀၇) အကြောင်း ပြောလိုသည်။ နိုင်ငံရေးအင်အားစုဟု ‘နအဖ’ က အသိအမှတ် ပြုထားသော အစုအဖွဲ့ (၇) ဖွဲ့ ပူးပေါင်းထားသည့် “အမျိုးသားနိုင်ငံရေးအင်အားစုများ ပူးတွဲလုပ်ငန်းကော်မတီ” ၏ သတင်းစာရှင်းလင်းပွဲဖြစ်သည်။ ထို (၇) ဖွဲ့တွင် ပါဝင်သူတို့က သူတို့ကိုယ်သူတို့ တတိယနိုင်ငံရေးအင်အားစုဟု ကြွေးကြော်ထားသည်။ သူတို့က NLD အား နိုင်ငံရေးအပြောင်းအလဲ ဖြစ်အောင် မလုပ်နိုင်ဟု ဝေဖန် တိုက်ခိုက်သည်။ အပြောင်းအလဲတခုဖြစ်ပေါ်ရန် လက်တွေ့ကျသော နည်းလမ်းမှာ ‘စစ်အစိုးရနှင့် လက်တွဲခြင်း’ သာ ဖြစ်သည်ဟု “အမျိုးသားနိုင်ငံရေးအင်အားစု” က ဆိုသည်။ မည်သို့ဆိုစေ လူထုကမူ ‘စစ်အစိုးရနှင့် လက်တွဲခြင်း’ လား၊ ‘စစ်အစိုးရထံ တပည့်ခံခြင်း’ လား ဆိုသည်ကို ခွဲခြားတတ်ပါသည်။
ထိုအင်အားစုတွင် မည်သူတို့ ပါဝင်ကြသနည်း ဆိုသည်ကို ဆန်းစစ်သင့်၏။ “အမျိုးသားနိုင်ငံရေးအင်အားစု” တွင် ထင်ရှားသူများမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (တသီးပုဂ္ဂလ) အဖွဲ့ဝင် (၆) ဦးဖြစ်သည့် ဦးကြည်ဝင်း (မင်္ဂလာဒုံ - ၁)၊ ဦးတင်ထွန်းမောင်(မင်္ဂလာဒုံ - ၂)၊ ဦးမြလှိုင် (တွံတေး - ၂) ၊ ဦးတင်ဝင်း (ကျိုက်လတ် - ၂) ဦးသိန်းကြည်( တောင်တွင်းကြီး - ၁) ဦးလှစိုး (မင်းဘူး - ၂) တို့ဖြစ်သည်။ သူတို့ (၆) ဦးသည် NLD ကို အမှီပြု၍ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ကြသည်ကို မေ့လျော့နေပုံရသည်။
နောက်တဦးက ၈၈ မျိုးဆက်သစ်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့က ကိုအေးလွင်။ ယခု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆိုသော ကိုအေးလွင်။ ဤ နိုဝင်ဘာ (၁၆) ရက်နေ့ကပင် ကိုအေးလွင်နှင့် အပါင်းပါတစု ရန်ကုန်မြို့၊ စမ်းချောင်း၊ ဦးညိုလမ်းတွင် ‘စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး’ ခေါင်းစဉ်ဖြင့် ဟောပြောပွဲလုပ်လိုက်သေးသည်။ ဟောပြောရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်တိုက်ခိုက်သွားခဲ့သည်။ အေးလွင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေနဲ့ ပဲခူးတိုင်း၊ သဲကုန်းမဲဆန္ဒနယ် (၁) ကနေ ၀င်ပြိုင်ဖူးသူ၊ လူထုထောက်ခံမှု မရရှိခဲ့ဘဲ အရေးနိမ့်ခဲ့သူဖြစ်သည်။
နောက် ၀ံသာနု NLD အမည်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ခြေစုံကန်သွားသူ မန္တလေးအနောက်တောင် မဲဆန္ဒနယ် (၁) အမတ် ဒေါက်တာစိုးလင်း။ ထို့အပြင် အလံနီဟောင်းများဖြစ်သည့် ဦးလှမြင့်၊ ဦးထွန်းအောင် ကျော်၊ ဦးလှသိန်း၊ ဦးကျော်မြင့်၊ ဦးအုန်းလွင်၊ အစရှိသူများမှာလည်း “အမျိုးသားနိုင်ငံရေးအင်အားစု” အဖွဲ့ဝင်များ ဖြစ်သည်။ ဦးထွန်းအောင်ကျော်က (အောင်မိုးစံ၊ အောင်ဇေမင်း၊ ခင်ဝင်းစံ) ကလောင်အမည်များဖြင့် နအဖ သတင်းစာတွင် ၀ါဒဖြန့်ဆောင်းပါးများ ရေးသည်။ ဦးကျော်မြင့်က (ကျော်မြင့်နိုင်၊ မောင်အညတရ)၊ ဦးလှမြင့်က (မောင်မျိုးမြတ်၊ မောင်မြင့်မြတ်) ကလောင်အမည် ကိုယ်စီဖြင့် ၀ါဒဖြန့်ဆောင်းပါးများရေးသည်။ စစ်အုပ်စုကို မြှောက်ပင့်၊ NLD အား အပုတ်ချသော ဆောင်းပါးမျိုးကို စစ်အုပ်စုပိုင် သတင်းစာတွင် ရေးခွင့်ရသူများဖြစ်သည်။
“အမျိုးသားနိုင်ငံရေးအင်အားစု” သတင်းစာရှင်းပွဲ (၁/၂၀၀၇) တွင် အထူးကြေညာချက်တစောင်လည်း ထုတ်ပြန်ခဲ့သေးသည်။ ကြေညာချက်တွင် စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး အတွက် တပ်မတော်အစိုးရနှင့် လက်တွဲဆောင်ရွက်ရေး စသည်တို့ကို အလေးတင်း ဖော်ပြထားသည်။ ထို (၇) ဖွဲ့ ပူးတွဲလုပ်ငန်းကော်မတီကို ‘နအဖ’ က ဘာကြောင့် သတင်းစာရှင်းပွဲ လုပ်ခွင့်ပေးခဲ့သနည်း။ အလွယ်ဆုံးပြောရလျှင် ‘နအဖ’ က ယင်းအဖွဲ့တွင် ပါဝင်သူများကို အထပ်ထပ် အဖန်ဖန် စစ်ဆေးပြီးသားဖြစ်သည်။ ထိုပုဂ္ဂိုလ်များသည် ‘နအဖ’ မူဝါဒလမ်းစဉ်များအား အကောင်အထည်ဖော်ရာ၌ မုချ အသုံးတည့် သူများဖြစ်၍လည်းကောင်း၊ ‘နအဖ’ ရေးသော ဇာတ်ညွှန်းအတိုင်း ‘က’ နိုင်သူများ ဖြစ်၍လည်းကောင်း သတင်းစာရှင်းပွဲ လုပ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
အမှန်ဆိုလျှင် “တတိယအုပ်စု” ဆိုသည့် အမည်နာမသဘောသည် NLD အား မထောက်ခံရုံဖြင့်မပြီး၊ စစ်တပ်လက်ပါးစေလည်း မဖြစ်သင့်ချေ။ သို့သော် “တတိယအုပ်စု” ၏ နိုင်ငံရေးကြွေးကြော်သံမှာ ‘စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး’၊ ‘နအဖ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထောက်ခံရေး’ နှင့် ‘၂၀၁၀ ရွေးကောက်ပွဲသာ အကောင်းဆုံး နိုင်ငံရေးပုံသဏ္ဌာန်’ စသဖြင့် စစ်အာဏာတည်မြဲရေးကို ကျားကန်ပေး နေကြောင်း ထင်ရှားနေသည်။ ထို့ကြောင့် တတိယအုပ်စု၏ လက်ငင်းနိုင်ငံရေး လမ်းစဉ်မှာ ‘ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိ’ ဟူသည့် သဘောထားအတိုင်း၊ စစ်အာဏာရှင်အလိုကျ လျှောက်လှမ်းနေကြောင်း တွေ့ရသည်။ လူထု၏အမြင်တွင်မူ ထိုလူစုသည် နိုင်ငံရေးလုပ်စားနေသူများဖြစ်သည်။ NLD ဆန့်ကျင်ရေး လှုပ်ရှားမှုများ လုပ်ပြကာ နအဖထံမှ ‘လုပ်ကွက်နှင့် လိုင်စင်များ’ ရယူရောင်းစားနေကြ၍ဖြစ်သည်။
‘ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိပြီ’ ဟု ၀ါဒဖြန့်နေသည့် ကလောင်ရှင်သည်လည်း NLD ၏ နိုင်ငံရေးလမ်းစဉ်ကို တစိုက်မတ်မတ် ဝေဖန်နေသူပင်ဖြစ်သည်။ ၂၀၁၀ နီးလာလေ ကလောင်သွက်လာလေ ဖြစ်သည်။ သူ့ဆောင်းပါးတနေရာ၌ ‘မြန်မာ့နိုင်ငံရေးတွင် အားအနည်းဆုံးအပိုင်းမှာ နိုင်ငံရေးသမားများ ရေရှည်မဟာဗျူဟာမြောက် အမြင်မရှိဘဲ နည်းဗျူဟာ အမြင်ဖြင့် ပေါ်ပင်လိုက်ခြင်းဖြစ်သည်’ ဟူသော ဝေဖန်ချက်မှာ NLD ခေါင်းဆောင်ပိုင်းအား ဝေဖန်လိုက်ခြင်းဖြစ်သည်။ ဝေဖန်မည့်သာ ဝေဖန်သည် သူကိုယ်တိုင်လည်း တချိန်က NLD ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးပေသည်။ NLD ၏ အားနည်းချက် အားသာချက်နှင့်တကွ ခက်ခဲကျပ်တည်းစွာ ရုန်းကန်ရပ်တည်နေရသည်ကိုလည်း သူ မသိဟုတော့ ပြော၍မရနိုင်ပေ။ ယခု နိုဝင်ဘာ တတိယအပတ်ထုတ် Voice ဂျာနယ်တွင် ဝေဖန်လိုက်သည့် သူ့ဝေဖန်ချက် (ရွေးကောက်ပွဲ - မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်) မှာ NLD ၏ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ကို ရည်ရွယ်ကြောင်း ထင်ရှားလှသည်။
‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေးရှိသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ် တနည်းနည်းဖြင့် အသိအမှတ်ပြုရေးကို လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများအဖြစ် ဖော်ပြထားသည်။ ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားကြောင်း၊ သို့သော် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
Voice ဂျာနယ်တွင် ဝေဖန်လိုက်သည့် သူ့ဝေဖန်ချက်မှာ NLD သည် ဈေးမဆစ် တတ်ဘဲ ဈေးဆစ်နေသည်ဟု ဆိုလိုရိပ်ရှိပေသည်။ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ အား နိုင်ငံရေးဈေးဆစ်မှုဟု ဆိုလိုက်ခြင်းပင်။ ဒီပလိုမေစီနည်းအရ ဈေးဆစ်လျှင် တန်ဖိုး Value နှင့် ပကတိသရုပ်မှန်အခြေအနေ Reality ချိန်ဆလျက် ရောင်းနိုင်မည့် ဈေးကိုသာ ဆစ်သင့်သည်ဟုဆိုသည်။ နိုင်ငံရေးဈေးဆစ်မှုတွင် နည်းဗျူဟာ အမြင် Tactical Insight ကိုသာ အသုံးပြုရန်မဟုတ်ဘဲ၊ ‘မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်’ Strategic Inflection Point ကိုလည်း ထည့်စဉ်းစား ရမည်ဟု ဆိုပေသည်။ သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ၂၀၁၀ ရွေးကောက်ပွဲသည် လည်းကောင်း၊ ရွေးကောက်ပွဲအပြီးတွင် ပေါ်လာမည့် လွှတ်တော်သည် လည်းကောင်း၊ ‘မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်’ တနည်းအားဖြင့် ‘ခေတ်အပြောင်း အလဲပွိုင့်’ ဟုဆိုသည်။ ထို့ကြောင့် နိုင်ငံရေးဈေးဆစ်ရာတွင် ‘မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်’ ‘ခေတ်အပြောင်းအလဲပွိုင့်’ ကို မထိခိုက်ရဟုဆိုသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ဈေးဆစ်ခြင်းသည် အမြော်အမြင် နည်းခြင်း၊ အင်အားကို မချိန်ဆတတ်ခြင်း၊ စိတ်ကူးယဉ်ခြင်းဟု ဝေဖန်ထားသည်။
‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေးကိစ္စ၊ တွေ့ဆုံဆွေးနွေးရေးကိစ္စသည် ပြည်သူလူထု၏ ဆန္ဒကို NLD က မီးမောင်းထိုးပြခြင်းဖြစ်သည်။ စိတ်ကူးယဉ်ခြင်း အလျဉ်းမပါ။ မြော်မြင်ချိန်ဆ၍ ပြောသော စကားဖြစ်သည်။ လူထုထောက်ခံမှုရှိ၍ ပြောရဲသော စကားလည်းဖြစ်သည်။ စင်စစ် လူထုဆန္ဒကို ပစ်ပယ်လျက် လူထုအင်အားကို မချိန်ဆတတ်သူများမှာ စစ်ခေါင်းဆောင်များနှင့် သူတို့နောက်လိုက် နိုင်ငံရေး အချောင်လမ်းရှာ သူများသာဖြစ်သည်။ လူထုထောက်ခံမှု မရှိမှန်းသိလျက်နှင့် နိုင်ငံရေးမီးရှူးမီးပန်းလွှတ်ကာ တတိယ အချောင်လမ်း ရှာနေသူများကိုသာ စိတ်ကူးယဉ်သမားများဟု ကင်ပွန်းတတ်သင့်ပေသည်။
ဝေဖန်ရေးဆရာ၏ ပို၍အစွန်းရောက်သည့် အမြင်မှာ ‘မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်ကဏ္ဍသည် ကုန်ဆုံးပြီ။ ပေါ်မည့် မြန်မာ့နိုင်ငံရေးပုံသဏ္ဌာန် (လမ်းညွှန် ဒီမိုကရေစီ) တွင် အင်စတီကျူးရှင်း (တပ်မတော်နှင့် လွှတ်တော်) တို့က အဆုံးအဖြတ်ပေးသော ကဏ္ဍအဖြစ် ဖြစ်တည်လာမည်’ ဟု ဆိုလိုက်ခြင်းဖြစ်သည်။ အဓိကပြောလိုသည်က ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ကုန်ဆုံးပြီ၊ စစ်တပ်လွှမ်းမိုးသည့် လွှတ်တော်က မြန်မာ့နိုင်ငံရေးအနာဂတ်ကို ဦးဆောင်မည်ဟု ဆိုလိုပေသည်။ စစ်ဗိုလ်ချုပ်များကိုယ်တိုင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ကုန်ဆုံးပြီဟု မပြောရဲပါ။ ဒေါ်အောင်ဆန်း စုကြည်နှင့် ဆွေးနွေးရန်ပင် အသည်းအသန် စဉ်းစားနေကြရပါပြီ။ ထို့ကြောင့် အစွန်းရောက် ဝေဖန်ချက် ဖြစ်ပေသည်။
ယနေ့ပြည်သူလူထု အဓိကတောင်းဆိုနေသည်မှာ (လမ်းညွှန်ဒီမိုကရေစီ) မဟုတ်။ ‘လွတ်လပ်ရေး၊ တရား မျှတရေး၊ တန်းတူရေး’ အနှစ်သာရပါသည့် ဒီမိုကရေစီကို တောင်းဆိုနေခြင်းဖြစ်သည်။ မိမိသမိုင်းအတွေ့အကြုံ၊ နိုင်ငံတကာ သမိုင်းအတွေ့အကြုံများ အရ စစ်တပ်ဦးဆောင်လွှတ်တော် အမျိုးအစားကို လူထုက လုံးဝ လိုလားသည် မဟုတ်။ လူထုစိတ်ကြိုက်ရွေးချယ်ထားသည့် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် ပြည်သူ့ လွှတ်တော် စစ်စစ် အမျိုးအစားကို လူထုက လိုလားတောင်းဆိုနေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကင်ဂျုံအီလို၊ ဗိုလ်သန်းရွှေလို၊ မဟာခေါင်းဆောင်မျိုးမဟုတ်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုတိုက်ပွဲ အတွင်းမှ ရွေးချယ်ထားသော ခေါင်းဆောင်အမျိုးအစားဖြစ်သည်။ ထို့ကြောင့်လည်း ပြည်တွင်းပြည်ပ နှစ်ဌာန စလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြခြင်းဖြစ်သည်။ လူထုခေါင်းဆောင်နှင့် လူထုကသာ အနာဂတ် မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ စစ်တပ်လွှမ်းမိုးသည့် လွှတ်တော်က မြန်မာ့ နိုင်ငံရေးအနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မည်မဟုတ်။ ခေတ်အပြောင်းအလဲကို စစ်တပ်နှင့် သူ့လက်ပါးစေ များက ဖန်တီးနိုင်ရိုးလည်းမရှိ။ ခေတ်အပြောင်းအလဲကို ဧကန်ဖန်တီးနိုင်သူမှာ ပြည်သူလူထုနှင့် လူထု ခေါင်းဆောင်သာဖြစ်သည်ကို ထို Voice ဂျာနယ် ဆောင်းပါးဆရာသည် သိလျက်နှင့် မသိဟန်ဆောင် နေခြင်းပေလော …..။
No comments:
Post a Comment