12.22.2009

ယာယီပတ်စပို့နှင့် သက်ဆိုင်သည့် အချက်အလက်အချို့အား အလုပ်သမားအဖွဲ့က ပြောဆို

Photobucket

ဒီဇင်ဘာ ၂၂

မြန်မာ အလုပ်သမားများ လုပ်ကိုင်နေဆဲ ယာယီပတ်စပို့နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည့် သတင်း အချက်အလက် အချို့အား ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းက ပြောဆို လိုက်သည်။

မဲခေါင်မြစ်ဝှန်းဒေသ အင်ဂျီအိုများနှင့် အလုပ်သမားအရေး ဆောင်ရွက်သည့် ကွန်ယက် ANM အဖွဲ့ဝင် အသင်း တစ်သင်းဖြစ်သော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း၏ သတင်းနှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ယာယီပတ်စပို့ လုပ်ပေးတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အမည်ခံ သက်သက် မဟုတ်ပဲ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေ အတွက် အကျိုးရှိစေတဲ့ ဆောင်ရွက်ပေးမှုမျိုး ဖြစ်ရပါမယ်။ လွယ်ကူချောမွေ့ပြီး စရိတ်စက အသက်သာဆုံး ဖြစ်အောင်ဆောင်ရွက်ပေးရပါမယ်။ အဲ… ယာယီ ပတ်စပို့ လက်ဝယ်ရှိနေပြီး ဖြစ်တဲ့ ညီလေး ညီမလေး အလုပ်သမားတွေကို ပြောချင်တာကတော့၊ ပတ်စိပို့  ရှိတဲ့ အတွက် ထိုင်းနိုင်ငံ အတွင်း သွားလာခွင့်ရှိတယ် ဆိုတာ မှန်တယ်၊ ဒါပေမယ့် ကိုယ့်တိုင်းပြည်ကို ပြန်သွားမယ် ဆိုရင်တော့ ထိုင်းလ၀က ရုံးမှာ ပြန်လာဖို့ အတွက် တရားဝင် လုပ်သွားရပါမယ်။ ဘာမှ မလုပ်ပဲ ထွက်သွားရင် ရရှိထားတဲ့ ၂နှစ်နေထိုင်ခွင့် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက သုံးလတစ်ကြိမ် လ၀ကမှာ သွားပြီး တုံးထုရပါမယ်။ ပတ်စပို့ စာအုပ်မှာ ဘာမှမရေးပါနဲ့ ၊ပြီးတော့ အခြားလူကို မငှါးပါနဲ့ ကိုယ့်ပုံကို ခွာပြီး အခြားလူ ပုံကို ပြန်ကပ်တာမျိုးတွေ မလုပ်ပါနဲ့ ၊ ရေတွေမစိုပါစေနဲ့ ၊ အသေးစိတ် ပိုသိချင်ရင် ကျွန်တော့်ကို ဆက်သွယ်ပါ” ဟု ပြောဆိုသွားသည်။

ဦးမျိုးနိုင်အား ဖုန်းနံပါတ် ၀၈၆ ၂၉၈ ၇၆၀၉ ကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်း ၄င်းက ပြောသည်။

ယခုကဲ့သို့ ထုတ်ပြန်ရခြင်းအား သူကရှင်းပြရာတွင် ယာယီပတ်စပို့ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး သိသင့်သည် များအား ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရေးအတွက် အသင်းတာဝန်ခံ တစ်ဦး ၂၀၀၉ ခု မတ်လက သတင်းဓါတ်ပုံ ရိုက်ကူးခွင့်နှင့် အင်တာဗျူး အသံဖမ်းခွင့် ကို ကိုယ်တိုင်သွားရောက် တောင်းခံခဲ့သော်လည်း ဘန်ကောက်မြို့ ဖက်ကဆင် ၃၅လမ်း ဖီချား (Carrefour) ကုန်တိုက်တွင် ဖွင့်လှစ် ထားသော မြန်မာနိုင်ငံသား ဖြစ်ကြောင်း လက်ခံအတည်ပြုရေး ရုံးခန်းက လက်မခံခဲ့ပေ။

ပြီးခဲ့သော ဒီဇင်ဘာလ ၁၆ ရက်နေ့က ဓါတ်ပုံသွားရောက် ရိုက်ကူးခဲ့ရန် ကြိုးစားခဲ့ရာ တာဝန်ရှိသူများက ရိုင်းစိုင်းသော အပြုအမူများဖြင့် တုန့်ပြန်ခဲ့ပါသည်။ အစိုးရကိုယ်စားများ လုပ်ကိုင်နေခြင်းလား၊ ကြားပွဲစားများ စီးပွားရှာနေသလား မည်သူမျှ မသိရှိနိုင်ပါ။ ယာယီပတ်စပို့ လုပ်ကိုင်လိုသဖြင့် အချိန်မည်မျှကြာမည်။ ငွေကြေး မည်မျှ ကုန်မည်စသည်ဖြင့် မေးမြန်းခဲ့ သော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့ပါသည်။

သတင်းမီဒီယာများ လွတ်လပ်ခွင့်ရှိသော ထိုင်းနိုင်ငံအတွင်း နှစ်နိုင်ငံအစိုးရတို့ သဘောတူလုပ်ကိုင် နေသော ဤယာယီပတ်စပို့ လုပ်ငန်းစဉ်အား ရှင်းလင်းသည့် သတင်းထုတ်ပြန်ချက်အား အလုပ်သမားများ အထူးလိုလား နေကြကြောင်း သိရှိရသည်။

No comments:

Post a Comment