12.25.2009

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြုပြင်ခြင်း ရပ်ဆိုင်းရန် တားမြစ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြုပြင် နေခြင်းလုပ်ငန်း အရပ်ရပ်ကို နောက်ထပ် အမိန့်တစုံတရာ မရမခြင်း ရပ်ဆိုင်းထားရန် မနေ့က နံနက် ၁၀နာရီ ခန့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စာပေးပို့ တားမြစ်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် ပြင်ဆင်ရန် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သူ ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။
ထိုအမိန့်စာအရ အင်ဂျင်နီယာနှင့် အလုပ်သမား အားလုံးကို ပြန်လွှတ်ခဲ့ရ သလို ပြုပြင်လက်စ အပြီးမသတ် ရသေးသော ပြူတင်းပေါက်နှင့် တံခါးပေါက်များရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြသွားပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ပြုပြင်ခွင့်ကို ခွင့်ပြုခဲ့၍ ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ ပြန်လည်တားမြစ်ခဲ့ရခြင်းမှာ သူမ၏ အကို အမေရိကန် နိုင်ငံသား အဖြစ် ခံယူထားသူ ဦးအောင်ဆန်းဦး၏ ရှေ့နေက ကန့်ကွက်ခဲ့သောကြောင့် ဖြစ်သည်ဟု သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ပြုပြင်မပြီးသေးသည့် တံခါးပေါက်နှင့် ပြူတင်းပေါက်များ ရှိနေသည့် လုံခြုံမှု မရှီတော့သည့် နေအိမ်တွင် နေထိုင်နေရ၍ သူမ၏ လုံခြုံမှုအတွက် လက်ရှိတာဝန်ရှိသူများ၏ တာဝန်သာ ဖြစ်ကြောင်း သူ့ကို ပြောပြ ခဲ့သည်ဟုလည်း ဦးဥာဏ်ဝင်းက ပြောပါသည်။
သူ့အနေဖြင့် စည်ပင်သာယာ၏ အလျှင်စလို တားမြစ်မှုကို နားလည်နိုင်အောင် ဖြစ်ရကြောင်းနှင့် ထိုအမိန့် စာတွင် စုံစမ်း စစ်ဆေးမှုများ မပြီးမချင်းရပ်ဆိုင်းထား ရမည်ဟု ပါရှိသဖြင့် အချိန်ကာလ မည်မျှကြာအောင် စောင့်ရမည်ဟု မသိနိုင်ကြောင်း ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။
၁၉၃၀ ခုနှစ်က တည်ဆောက်ခဲ့သော အင်္ဂလိပ်ခေတ်ပုံစံ အဆောက်အဦးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခုနှစ် ဧပြီလ ၂ရက်နေ့ ကတည်းက စတင်နေထိုင်ခဲ့ပြီး မြေအခွန်အခများကိုလည်း ပေးဆောင်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် သေဆုံးသည့် ၁၉၈၈ ခုနှစ်တွင် အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ထိုနေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိသမျှ နေထိုင်ခွင့် ရှိကြောင်းနှင့် အကယ်၍ ရောင်းချ မည်ဆိုပါက ရောင်းရငွေကို တဝက်စီခွဲယူရန်ရန် သဘောတူညီကြောင်း စာချုပ်တွင် လက်မှတ်ရေးထိုး ပေးထားခဲ့ပါသည်။
ဦးအောင်ဆန်းဦးက ထိုအိမ်ကိစ္စ အတွက် ရန်ကုန်တိုင်းတရားရုံးတွင် ပိုင်ဆိုင်ခွင့် ကိစ္စနှင့် ပါတ်သက်၍ ၂၀၀၁ ခုနှစ်ကတည်းက ဦးတိုက်လျှောက်ထားခဲ့ရာ ယခု အချိန်အထိ ထိုအမှုမှာ ပြီးပြတ်ခြင်း မရှိသေးကြောင်း ကိုလည်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြ သွားပါသည်။

ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)


No comments:

Post a Comment