12.05.2009

ဦးဖုန်ကြားရှင်ဦးဆောင်ခဲ့သော ကိုးကန့်တပ်ဖွဲ့ဝင် အချို့ နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းသည့် အခမ်းအနားကို ဗိုလ်ချုပ်ကြီးရဲမြင့် တက်ရောက်

ဦးဖုန်ကြားရှင်ဦးဆောင်ခဲ့သော ကိုးကန့် အင်အားစုများမှ တပ်ဖွဲ့ဝင်အချို့သည် သြဂုတ်လ နောက်ဆုံးပါတ်က ၄င်းတို့ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ထိုသို့ ပြောင်းလဲဖွဲ့စည်းခြင်းနှင့် ပါတ်သက် သော အခမ်း အနားကို ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့ရာ နအဖ စစ်အုပ်စုမှ ဗိုလ်ချုပ်ကြီး ရဲမြင့် တက်ရောက် ခဲ့ကြောင်း သိရ ပါသည်။
ထိုသတင်းနှင့် ပါတ်သက်၍ စစ်အုပ်စု၏ သတင်းစာ တစောင်ဖြစ်သော မြန်မာ့အလင်းသတင်းစာတွင် ယနေ့ ဖေါ်ပြခဲ့ပါသည်။ ထိုသို့ဖေါ်ပြရေးသားချက်တွင် ဦးဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့အချို့ နယ်ခြားစောင့် တပ်ဖွဲ့ စည်းရေး အခမ်းအနားသို့ ဗိုလ်ချုပ်ကြီးရဲမြင့် တက်ရောက်ခဲ့ကြောင်းနှင့် ထိုသို့ ပြောင်းလဲဖွဲ့စည်းခဲ့သည့် အတွက် ထိုကိုးကန့်တပ်ဖွဲ့များသည် တပ်မတော်၏ အဖွဲ့ဝင်များ ဖြစ်လာကြပြီး တပ်မတော်သားများနည်းတူ သူတို့၏ ရာထူး အဆင့်အတန်း အလိုက် လခရိက္ခာများ ရရှိမည်ဖြစ်ကြောင်း ဖေါ်ပြခဲ့သော်လည်း နယ်ခြားစောင့် တပ်အဖြစ်သို့ ပြောင်းလဲခဲ့သော ကိုးကန်းတပ်ဖွဲ့ ဝင်များ၏ အင်အား အရေအတွက်ကိုမူ ဖေါ်ပြခြင်း မပြုခဲ့ပါ။ မြန်မာ စစ်ဖက် အသိုင်းအဝိုင်းများက ပြောပြရာတွင် နယ်ခြားစောင့်တပ် အဖြစ်သို့ ပြောင်းလဲခဲ့သော အဖွဲ့တွင် ကိုးကန့်တပ်ဖွဲ့ဝင် တရာ ခန့်ရှိသည် ဟုသိရပါသည်။
ဦးဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့သည် အပြစ် အခတ်ရပ်စဲရေး ငြိမ်းအဖွဲ့များတွင် တတိယမြောက် နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ပါသည်။ ကချင်အဖွဲ့တခုဖြစ်သော National Democratic Army – Kachin ( NDA-K ) နှင့် ကယန်းအဖွဲ့တခုဖြစ်သော Karenni National People’s Liberation Front ( KNPLF ) တို့သည် ၄င်းတို့၏ တပ်များကို နယ်ခြားစောင့်တပ်အဖြစ် လွန်ခဲ့သော လအနည်းငယ် ကတည်းက ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။
ထိုသို့ ဦးဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့် အင်အားစုအချို့က နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် ပြောင်းလဲ ခဲ့သော အချိန်တွင်ပင် နအဖတို့က ဝအင်အားစုများကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲစေရန် နည်းလမ်း မျိုးစုံဖြင့် စည်းရုံး သိမ်းသွင်းနေခဲ့ပါသည်။
ဝတပ်ဖွဲ့များသည် အင်အား ၁၅၀၀၀ကျော်ရှိပြီး နအဖနှင့် အပစ်ရပ်စဲထားသော ငြိမ်းအဖွဲ့များတွင် အင်အား အကြီးမားဆုံးဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment