12.17.2009

နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆန်းစုကြည် သွားရောက်တွေ့ဆုံ ဂါရဝပြု

Photobucket

ဦးလွင်အား ဒေါ်အောင်ဆန်းစုကြည် ကန်တော့ခဲ့သော လက်ဆောင်ခြင်းနှင့် အတူတွေ့ရစဉ်

ဒီဇင်ဘာ ၁၆ ရန်ကုန်။
နေအိမ် အကျယ်ချုပ်ကျခံနေရသောဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁နာရီ ၄၅ မိနစ်က နအဖ စစ်ခေါင်းဆောင်များ၏ ခွင့်ပြုချက်ဖြင့် NLD သက်ကြီး ခေါင်းဆောင်များဖြစ်သော ဦးအောင်ရွှေ ၉၂နှစ် ဦးလွင် ၈၆နှစ် ဦးလွန်းတင် ၈၈ နှစ် တို့အား စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် သွားရောက် တွေ့ဆုံ ဂါရဝပြု ခဲ့ပါသည်။ ထို့အပြင် ခေါင်းဆောင်များနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် ကန်တော့ခဲ့သလို၊ NLD ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ကို ပြန်လည် တိုးချဲ့ဖွဲ့စည်းရေး အတွက် သဘောတူညီမှု ရရှိခဲ့သည်ဟုလည်း သိရှိ ရပါသည်

နေအိမ်တွင် ဒေသဆိုင်ရာ နိုင်ငံခြား သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ရာတွင် ဦးလွင်က ဒေါ်အောင်ဆန်းစုကြည်မှ အားနည်းနေသော ဗဟိုအလုပ်အမှုဆောင် အင်အားဖြည့်တင်းနိုင်ရေးအတွက် သူတို့၏ ခွင့်ပြုချက်ကို တောင်းခံခဲ့ သဖြင့် ခွင်ပြုပေးခဲ့ကြောင်းနှင့် သူတို့၃ဦးအားလည်း တိုးချဲ့ဖွဲ့စည်းသည့် အလုပ် အမှုဆောင်အဖွဲ့သစ်ကို စိတ်ဓါတ်အားဖြင့် အားဖြည့် ကူညီပေးပါရန်ကိုလည်း တောင်းဆိုခဲ့သည်ဟု ပြောပြသွားပါသည်။

ဦးလွင်က ဆက်လက်ပြောပြရာတွင် သူမ၏ တောင်းဆိုချက်ကို ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုခဲ့ပြီး သူမနှင့် ယခုကဲ့သို့ ပြန်လည်ဆုံတွေ့ရခြင်း အတွက် လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်းကိုလဲ ပြောပြသွားပါသည်။ ဒီပဲယင်းတွင် အတိုက်ခံရပြီးနောက်ပိုင်းတွင် ယခုအကြီမ်သည် ပထမဆုံး ပြန်လည် ဆုံတွေ့ရခြင်း ဖြစ်ကြောင်းနှင့် သူမအနေဖြင့် အနည်းငယ် ပိန်သွားသည်မှလွဲ၍ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကြံခိုင် သန်စွမ်းနေဆဲ ဖြစ်ကြောင်းဖြည့်စွက် ပြောပြသွားပါသည်။

တပ်မတော်၏ ဗိုလ်မှူးကြီးဟောင်းနှင့် ဦးနေဝင်း လက်ထက်တွင် ဒုတိယ ဝန်ကြီးချုပ် အဖြစ်လည်း ဆောင်ရွက် ခဲ့ဘူးသူ ဦးလွင်သည် လေဖြတ်ရောဂါကို ခံစားနေရပြီး ပါတီရုံးချုပ်သို့ လာရောက်နိုင်ခြင်း မရှိသည်မှာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါသည်။
ထို့အတူ NLD ပါတီ ဥက္ကဌဖြစ်သူ ဦးအောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလွန်းတင် တို့သည် လည်း ကျမ်းမာရေး အခြေအနေကြောင့် ဗဟိုဌာနချုပ်သို့ လပေါင်း အတော်ကြာအောင် လာရောက် နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ထိုသို့ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာလ ၁၁ ရက်နေ့က ပေးပို့ခဲ့သော စာပါ ပထမ တောင်းဆိုချက်ကို လိုက်လျှော ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယ တောင်းဆိုချက်ဖြစ်သော လက်ရှိအလုပ်အမှုဆောင် ၇ဦးနှင့် တွေ့ဆုံပြီး အလုပ်အမှုဆောင် အစည်းအဝေးကျင်းပခွင့်ပြုရန် တောင်းဆိုချက် ကိုမူ အကြောင်းပြန်ကြား ခြင်းမရှိသေးပါ။
ထိုအလုပ်အမှုဆောင် ၇ဦးမှာ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် နေအိမ် အကျယ်ချုပ် ကျခံနေရသူ သူရ ဦးတင်ဦး၊ လွန်ခဲ့သော ၂၀၀၈ခု စက်တင်ဘာလ ၃၀ရက်နေ့ ကမှ အကျဉ်းထောင်မှ ပြန်လွတ်လာသူ ဦးဝင်းတင်နှင့် ဦးခင်မောင်ရွှေ၊ ဦးသန်းထွန်း ၊ ဦးစိုးမြင့်၊ ဦးလှဖေနှင့် ဦးညွှန့်ဝေတို့ ဖြစ်ကြပါသည်။
ထိုအတူ ဒေါ်အောင်ဆန်းစုကြည်၏ နောက်ထပ် ကမ်းလှမ်းချက်တခုဖြစ်သော စီးပွါးရေး ပိတ်ဆို့ခံနေရမှု အပေါ် ပူးပေါင်း ညှိနိုင်း ဆောင်ရွက်ကြရန် တောင်းဆိုထားချက်ကိုလည်း တုန့်ပြန်ခဲ့ခြင်း မရှိသေးပါ။

ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment