1.16.2010

ရေရာ သေချာ နေတာ

နအဖ က အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းပြမြေပုံကို အသေဆုပ်ကိုင်ထား လျက်ပါ။ ဒီ လမ်းပြ မြေပုံရဲ့ “အုဋ်မြစ်”ဖြစ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို ဖြစ်မြောက် ပြီးစီးအောင် နည်းမျိုးစုံနဲ့ လုပ်ခဲ့ပါတယ်။ အနှောက်အယှက်ကင်းတဲ့အခါ အချိန်ဆွဲပြီးကျင်းပခဲ့တယ်။ အရေးပေါ်လိုအပ်တဲ့အခါ ကောက်ကာ ငင်ကာ ၀ုန်းကနဲထ မြန်မြန်ထက်ထက် လုပ်ခဲ့ပါတယ်။ ၁၉၉၃ ခုဇန္န၀ါရီလ ၉ ရက်နေ့မှ စတင် ကျင်းပခဲ့တဲ့ နအဖရဲ့ အတုအယောင်အမျိုးသားညီလာခံဟာ ၂၀၀၇ ခုစက်တင်ဘာ ၃ ရက်နေ့မှာ အဆုံးသတ်ခဲ့ ပါတယ်။ ကမ္ဘာ့အရှည် ကြာဆုံးကျင်းပခဲ့တဲ့ ညီလာခံ ဖြစ်ခဲ့ပါတယ်။

ဒီ လမ်းပြမြေပုံရဲ့ “အသက်” ဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၀၈ မေလ ၁၀ ရက်နေ့မှာကျင်းပမယ်လို့ ၂၀၀၈ ဖေဖော်ဝါရီလမှာ နအဖကကြေညာခဲ့ပါတယ်။ ဆန္ဒခံယူပွဲ ကျင်းပရေး ဥပဒေနဲ့ ကော်မရှင်ဖွဲ့စည်းပြီးကြောင်းကို ၂၀၀၈ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းကိုတော့ ၂၀၀၈ ဧပြီလ ၉ ရက်နေ့မှာ အများ လေ့လာဘို့ ထုတ်ဝေရောင်း ချပေးခဲ့ပါတယ်။ ဆန္ဒခံယူပွဲကိုတော့ ကြေညာထားတဲ့အတိုင်း မေလ ၁၀ ရက်နေ့မှာ လုပ်ဖြစ်အောင် လုပ်ခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဒေသအတွင်း အဆိုးဆုံးလို့ သတ်မှတ်ခံရတဲ့ နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများ မျက်နှာမှ မထောက် ဇွတ်အတင်းကို ကျင်းပခဲ့ပါတယ်။ မလွှဲသာလွန်းလို့ ‘လူစိတ်မရှိဆုံးလို့ အပြောခံ လွတ်ရုံလေး’ နာဂစ်ဘေးဒဏ်သင့် ဒေသ အချို့မှာ မေလ ၂၄ တွင် ကျင်းပခဲ့ပါတယ်။ နာဂစ်မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း ၁၄၆,၀၀၀ ကျော်သေဆုံးကာ လူ ၂ သန်းခွဲကျော် အတိဒုက္ခ ရောက်ခဲ့ရပြီး၊ အမေရိကန် ဒေါ်လာ ၁၀ ဘီလျံ အထက် နစ်နာဆုံးရှုံးခဲ့တယ်လို့ မှတ်တမ်းတင်များက ဆိုပါတယ်။

ဆန္ဒခံယူပွဲ အတွက်လဲ မသမာမှုတွေ ဗြောင်ကျကျ များများ သုံးခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေ၊ ဖြားယောင်းမှုတွေ၊ ထောက်ခံမဲများကို ကြိုတင်လှည့်ဖြား ကောက်ယူမှုတွေ၊ လျှို့ဝှက်မဲပေးစံနစ် သာဆိုတယ် ထည့်ရမဲ့ မဲပြားပေါ်မှာ မဲဆန္ဒရှင်ရဲ့ အမည်နဲ့ အဘအမည် ရေးခိုင်းမှုတွေ စတာတွေနဲ့ ပြည်သူတွေရဲ့ အသည်းကြားက မဲတပြားကို မတ ရားမှု မျိုးစုံနဲ့ ‘အေးဓါးပြ’ တိုက်ယူခဲ့ကြပါတယ်။ မတရား ဆန္ဒခံယူပွဲပြီးတော့ ပြည်သူ့ဆန္ဒ ၉၂.၄%နဲ့ တရားဝင်အ တည်ဖြစ်ခဲ့ကြောင်း ကမ္ဘာကို အတိအလင်းကြေညာခဲ့တယ်။

ဆန္ဒခံယူပွဲ ရလဒ်ဟာ မသမာမှုများစွာဖြင့် ရယူထားတာကြောင့် ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အတု အယောင်ဖြစ်ပြီး တရားဝင် အသိအမှတ်မပြုကြောင်း ကမ္ဘာ့နိုင်ငံ အများအပြားက ထုတ်ဖော်ပြောခဲ့ကြပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲပြောပြော နအဖကတော့ “ဘယ်သူသေသေ ငတေမာဘို့” လမ်းစဉ်က တဖ၀ါးမှ မခွါပါ။ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့လဲ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ တိကျတဲ့ အချိန်သတ်မှတ်မှုကို တော့ ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအ တွက် ဆန္ဒခံယူပွဲတုန်း ကလိုပဲ လအနည်းငယ်အလိုမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် လိုအပ်တာတွေ ကြေညာမဲ့ ပုံပါ။ ၂၀၁၀ ဆိုတာ ဒီဇင်ဘာလအထိကိုး။

လာမဲ့ရွေးကောက်ပွဲကို အတားအဆီးဖြစ်မဲ့ လှုပ်ရှားမှုများ ပြုစွမ်းနိုင်သူများကို မလှုပ်ရှားနိုင်အောင် မတရား သဖြင့် ဖမ်းဆီးထောင်ချထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဌဦးတင်ဦးကိုတော့ နေအိမ် အကျယ်ချုပ် အဖြစ် ဆက်လက် ချုပ်ပိုင်ခွင့်ရှိသေး၍ နောက်ထပ် နေအိမ်အကျယ်ချုပ် သက်တမ်း တနှစ် ထပ်တိုးကာ ချုပ်နှောင် ထားဆဲပါ၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ် သက်တမ်းအနေနဲ့ ထပ်မံတိုးပိုင်ခွင့်မရှိတော့၍ မစ္စတာ ဂျွန်ယက်ထောကို အကြောင်းပြုကာ မတရား အမှုဆင်ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ နအဖခေါင်းဆောင်ရဲ့ သက်ညှာ ထောက်ထားမှုကြောင့် ဟုဆိုကာ နေအိမ်တွင်ပင် အကျယ် ချုပ်အဖြစ် ၁၈ လ သာ ကျခံစေခဲ့ပါတယ်။ ဖြစ်စဉ်ကို ခြုံကြည့်လိုက်ရင် လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီးစီး ချိန်အထိ ခေါင်းဆောင်ကြီး နှစ်ဦးကို ဆက်လက်ထိန်းသိမ်းထားလိုက်တာပဲဖြစ်ပါတယ်။

လူထုအတွင်း စိမ့်ဝင်လှုပ်ရှားနိုင်စွမ်းရှိတဲ့ ရဟန်းသံဃာများ၊ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ စစ်မှန်တဲ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားသူများကိုလဲ ရာဇ၀တ်မှုပုဒ်မများတပ်ကာ နှစ်ရှည် ထောင်ဒဏ်များဖြင့် ချုပ်နှောင်ထားလျက်ရှိနေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အန္တရာယ်ရှင်းအောင် စီစဉ်ထား တာပါ။

နအဖက သူတို့အပေါ် အနောက်နိုင်ငံကြီးများက ဒဏ်ခတ်အရေးယူထားတဲ့ စီးပွါးရေးပိတ်ဆို့မှု၊ ပစ်မှတ်ပိတ်ဆို့ မှုများကို အမြန်ဆုံးရုတ်သိမ်းပေးရန် အထူးလိုလားနေပါတယ်။ ဒီ ပိတ်ဆို့မှုများဟာ သာမန်မြန်မာနိုင်ငံသားအ များစုထက် နအဖမိသားစုများနဲ့သူတို့ရဲ့အပေါင်းပါများကို ပိုမို ထိခိုက်နစ်နာနေစေတာကြောင့်ဖြစ်ပါတယ်။ အ ခွင့်ရတိုင်းလဲ အနောက်နိုင်ငံအစိုးရများကို စီးပွါးရေးပိတ်ဆို့အရေးယူမှု ရုတ်သိမ်းပေးဘို့ နအဖကပြောဆိုနေပါ တယ်။ အမြင့်ဆုံးအနေနဲ့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂညီလာခံကြီးမှာ နအဖ နိုင်ငံ ခြားရေးဝန်ကြီးက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူထားတဲ့ စီးပွါးရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးဘို့ တရားဝင်တောင်းဆိုခဲ့ပါတယ်။

တရားခံဂျွန်ယက်ထောကို အမေရိကန်ဆီးနိတ်အမတ်ဂျင်မ်ဝက်ဘ် လာရောက်ကယ်ထုတ်သွားတာမှာ အဟန့် အတားမရှိ အသာတကြည်ပြန်ထည့်ပေးလိုက်တာဟာ နအဖက လိုချင်တဲ့ တောင်းဆိုချက် အချို့အတွက် အပေး အယူတည့်သွားတာ ဖြစ်မယ်လို့ အကဲခတ်သမားများက သုံးသပ်ကြပါတယ်။

အဓိက စီးပွါးရေးပိတ်ဆို့မှု ပြုလုပ်တဲ့ နိုင်ငံများကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ ဖြစ်ကြပါတယ်။ အိုဘားမား အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံပေါ်ထားရှိတဲ့ အမေရိကန် ပေါ်လီစီသစ်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စံချိန်မှီ ဒီမိုကရေစီစံနစ် အမြန်ထွန်းကားရေး ပြုပြင်ပြောင်းလဲဘို့ အတွက် စီးပွါးရေး ပိတ်ဆို့ဒဏ်ခတ် မှုများကို လက်ရှိအတိုင်း ဆက်လက်ထားရှိပြီး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမယ်၊ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ခိုင်မာတဲ့ တိုးတက်မှုတွေ ရရှိတဲ့အထိ စီးပွါးရေး ပိတ်ဆို့ ဒဏ်ခတ်မှုများကို ဆက်လက် ထားရှိမှာဖြစ် တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်က ၂၀၀၉ ခု စက်တင်ဘာ ၂၃ ရက်နေ့မှာ အတိ အလင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ အဆင့်မြင့်ထိတွေ့ ဆွေးနွေးရေး ပေါ်လီစီသစ်အရ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကွတ်ကဲန်ဘယ်လယ်နဲ့ အဖွဲ့ကို နအဖ၀န်ကြီးချုပ်နဲ့ အဖွဲ့က နေပြည်တော်မှာ ၂၀၀၉ ခုနိုဝင်ဘာ ၃ ရက်နေ့တွင် တွေ့ဆုံခဲ့ပါတယ်။ ဒေါ်စုကိုလဲ မကြာခင်လွှတ်ပေးဘို့အစီအစဉ်ရှိပြီး ဒေါ်စုအနေနဲ့ သူ့ပါတီကို စည်းရုံးနိုင်ပါလိမ့် မယ်လို့ မြန်မာ့နိုင်ငံခြားရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က အေပီသတင်းကို ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက ဒေါ်စုနဲ့ တွေ့ခွင့်တောင်းခဲ့တာကို ခွင့်မပြုခဲ့တဲ့ နအဖက မစ္စတာ ကွတ် ကဲန်ဘယ်လယ်တို့ကို ဒေါ်စုနဲ့ တွေ့ခွင်ပေးခဲ့ပါတယ်။ ဂျွန်ယက်ထောကို လာခေါ်သွားတဲ့ အမေရိကန် ဆီးနိတ်အ မတ်ဂျင်မ်ဝက်ဘ်ကိုလဲ ဒေါ်စုနဲ့တွေ့ခွင့်ပေးခဲ့ပါတယ်။ စီးပွါးရေး ပိတ်ဆို့မှု ဖယ်ရှားရေးဆိုတဲ့ ‘မက်လုံး’ကြောင့် လိုက်လျောတာဖြစ်မှာပါ။

ဒေါ်စုက ၂၀၀၉ ခု စက်တင်ဘာ ၂၅ ရက်နေ့စွဲဖြင့် နအဖခေါင်းဆောင်ထံ စာပေးပို့ခဲ့ပါတယ်။ စီးပွါးရေးပိတ်ဆို့မှု ဖယ်ရှားရေးကို ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ ဒိအတွက် အမေရိကန်၊ အီးယူ၊ သြစတြေးလျသံအမတ်ကြီးများ နဲ့၎င်း၊ မိမိ၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၎င်းတွေ့ဆုံဆွေးနွေးလိုကြောင်း စာမှာဖော်ပြတောင်းဆိုထားပါ တယ်။ နအဖကလဲခွင့်ပြုခဲ့ပါတယ်။ ၂၀၀၉ နိုဝင်ဘာ ၁၁ ရက်နေ့တွင်လဲ ဒေါ်စုက နအဖခေါင်းဆောင်ထံ တိုက် ရိုက် ဆွေးနွေးခွင့်ပြုရန် မေတ္တာရပ်ခံစာ ထပ်မံ ပေးပို့ခဲ့ပါတယ်။

ဒေါ်စုကို အဲန်အယ်လ်ဒီ ဗဟိုကော်မီတီဝင်ကြီးများအား ဂါရ၀ပြုခွင့်နဲ့ အဲန်အယ်လ်ဒီဗဟိုကော်မီတီ ပြန်လည်ဖွဲ့ စည်းခွင့်လဲ ပေးခဲ့ပါတယ်။

ဒီအခြေအနေတွေ ဖြစ်ပေါ်လာတော့ နအဖ သဘောထားပျော့ပျောင်းလာတယ်၊ အမှန်တကယ်ပဲ စစ်မှန်တဲ့ ပြောင်းလဲမှုများ လုပ်ပေးဘို့ ‘တာစူ’လာတယ်လို့ကောက်ချက်ချရင်တော့ မှားပါလိမ့်မယ်။ သူတို့အပေါ် အရေးယူ ပိတ်ဆို့မှုများ ပယ်ဖျက်ရေးအတွက် အားထုတ်ကြိုးပမ်းတာပါ။ သူတို့ရဲ့ ၇ ချက်ပါ လမ်းပြမြေပုံစီမံကိန်းကို မထိ ပါးမခြင်း ဒေါ်စုနဲ့ အဲန်အယ်လ်ဒီကို လူမြင်ကောင်းအောင်လှုပ်ရှားခွင့် ပေးထားမှာပါ။ ထိပါးလာရင်တော့ ချက်ခြင်း ချုပ်ခြယ်ပစ်မှာ မြေကြီးလက်ခတ်မလွဲပါ။

နအဖ ဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလဲ ပြင်ဆင်ပေးမှာမဟုတ်သလို ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ဖြစ်စေချင်တဲ့အတိုင်း အောင်မြင် ထမြောက်အောင် လုပ်သွားမှာပါ။ ဒါကို နအဖခေါင်းဆောင်ရဲ့ ပြောကြား ချက်များက သက်သေထူနေပါတယ်။ ၈၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ တကြိမ်၊ ၂၀၁၀ ဇန္န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာတကြိမ် ၂၀၁၀ ရွေးကောက်ပွဲကျင်းပဘို့ အသင့်ပြင်ဆင်နေပြီ ဖြစ်ကြောင်း အတိအလင်း ပြောဆိုဖော်ပြထားပါတယ်။

ပြည်တွင်းကလာတဲ့သတင်းတွေအရ ရွေးကောက်ပွဲဝင်မဲ့ အမတ်လောင်းတွေ လျာထားတာ၊ နအဖရဲ့ဒေါက်တိုင် များ လျှို့ဝှက်စည်းရုံးနေတာ၊ မဲဆန္ဒရှင်စာရင်းအတွက် မှတ်ပုံတင်များပြုလုပ်ပေးပြီး သန်ခေါင်စာရင်းများ ကောက်ခံ နေတာ၊ အငြိမ်းစားများ စာရင်းကောက်ယူပြုစုနေတာ၊ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက် နက်ကိုင် တပ်ဖွဲ့များကို စည်းရုံးသိမ်းသွင်းနေတာ စတာ စတာတွေဟာလဲ ၂၀၁၀ ရွေးကောက်ပွဲကို စီစဉ်ထား တဲ့အတိုင်း စင်းလုံးချော အထမြောက်အောင်မြင်ရေးအတွက်ပါပဲ။

ဒါကြောင့် ရေရာ သေချာ နေတာကတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲက ထွက်ပေါ်လာမဲ့ လွှတ်တော်နဲ့အစိုးရသစ်ဟာ မြန်မာတိုင်းရင်းသား တရပ်လုံးကို သားစဉ်မျိုးဆက် စစ်ကျွန်ဘ၀ နစ်ကျွံကျအောင် ဖန်တီးမှာပါပဲ ဖြစ်ပါတယ်။

နအဖရဲ့ တဘက်သတ်အောင်ပွဲခံမဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်ပေါ်လာရေးအတွက် ရေရာ သေချာ စေမှာ ကတော့ ၂၀၁၀ မဟာဗျူဟာကို လက်တွေ့ကျကျ ထိထိမိမိ အကောင်အထည်ဖော်ဘို့ပဲဖြစ်ပါတယ်။ ဒီဗျူဟာ ကတော့ “စု - လွှတ် - တွေ့”ဖြစ်ပါတယ်။ ဒီဗျူဟာကို ထိရောက်စွာအထောက်အကူပေးနိုင်မှာကတော့ နည်းဗျူဟာ တခုဖြစ်တဲ့ ‘နအဖ အရှိုက်ကို ထိစေမဲ့ လက်နက်ကောင်း’ ဖြစ်ပါတယ်။


မောင်မောင်လှကြိုင်

၂၀၁၀ ဇန္န၀ါရီ ၉

No comments:

Post a Comment