1.28.2010

နအဖကတော့ လုပ်ပွဲကြီးများ စနေပါပြီ

ရွေးကောက်ပွဲတောင် ဘယ်နေ့လုပ်မယ်ဆိုတာ ကြားပွဲစားကတဆင့် ပြောခိုင်းပြီး ကိုယ်တိုင်တရားဝင် မကြေငြာ ရဲ သေးတဲ့ နအဖက တော်လှန်ရေး အင်အားစုတွေကို အပုတ်ချဖို့ လုပ်ပွဲကြီးတွေကို အရှိန်အဟုန်နဲ့ အစပျိုးဖို့ လုပ်နေပါပြီ။ ဖေါက်ခွဲရေး သမားတွေကို ဖေါက်ခွဲရေး ပစ္စည်းတွေနဲ့ မိတယ် ဆိုပြီး လူတွေ တုန်လှုပ် ခြောက်ခြား အောင် အသံဗုံးတွေ ဖေါက်ပြနေတာပါ ။
ဒီနေ့ထုတ် နအဖ သတင်းစာ ၃စောင်မှာ စာလုံးမဲကြီးတွေနဲ့ ဖေါ်ပြနေတာ တွေ့ရတော့ ၈၈ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အဲလိုပဲ ဗုံးဖောက်မှုတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို အတင်းဆွဲစေ့ ထောင်ထဲ သွင်းခဲ့ တာကို အမှတ်ရမိပါသေးတယ်။ စာအုပ်အနီရောင် အပြာရောင်ကြီးတွေနဲ့ ဇယားတွေဆွဲ ဓါတ်ပုံတွေကပ်ဖေါ်ပြ နိုင်ငံရေး သမားတွေ အတင်းလိုက်ဖမ်းလို့ မိတဲ့လူတွေမိ ပြေးတဲ့လူတွေ ပြေးကြရနဲ့ပါ။အဒြီအချိန်တုန်းက တယောက်နဲ့ တယောက်စချင်ရင်တောင် စာအုပ်အနီထဲမှတ်လိုက်ရမလား အပြာထဲ မှတ်လိုက်ရမလားဆို ဟာသတွေ လုပ်ကြတာ မှတ်မိပါသေးတယ်။ မှတ်မှတ်ရရ ရှိနေတာလေး တခုကို ပြန်ပြောရရင် ဒေါက်တာ ထွန်းသူကို သံလျှင် ဗုံးဖေါက်ခွဲမှုနဲ့ ၁၉၈၉ခုနှစ်မှာ ဖမ်းဆီးပြီး ထောင်ချခဲ့ပါတယ်။ တနှစ်လောက်ကြာတဲ့ အခါ တကယ် ဗုံးဖေါက်တဲ့ လူတွေကို မိတော့ အဲ့ဒီလူတွေက ဒေါက်တာထွန်းသူကို မြင်ဖူး စကားပြောတာတောင် မရှိပါဘူး။ ဒါပေမယ့်လဲ ခပ်တည်တည်နဲ့ ဆက်ဖမ်းထားတာပါပဲ။ အဲလိုမျိုးတွေ လုပ်ခဲ့တာ အထင်အရှားရှိပါတယ်။ ကာယကံရှင်နဲ့ ကိုယ်တိုင် ကြုံခဲ့ရသူတွေ သက်ရှိထင်ရှားရှိပါသေးတယ်။
သေချာတာက နအဖမှာ ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ တခုက လက်ရှိဖြစ်နေတဲ့ တပ်တွင်း အကြပ်အတည်း တွေ ကို အာရုံလွှဲချင်တာပါ။ နောက်တခုက သူမကြိုက်တဲ့ သူ့ကို စိတ်အနှောင့်အယှက် ပေးနေတဲ့ အဖွဲ့ အစည်းတွေ ကို အပုတ်ချချင်တာရယ်။ သူလုပ်မယ့် ရွေးကောက်ပွဲအတွက် မလိုလားသူတွေကို ရှင်းချင်တာပါ။
ဒါပေမယ့် နည်းတွေက ဟောင်းနွမ်း အိုမင်းရွတ်တွနေလို့ အသုံးမကျလှပါဘူး။ ဘာသာရေး အဓိကရုန်းတွေ ဖန်တည်း ပေးတဲ့နည်း ၊ ဗုံးဖေါက်ခွဲမှုတွေကို လက်ညိုးထိုး အပုတ်ချတဲ့နည်းတွေကို ပြည်သူလူထုတွေက နောကျေ နေပါပြီ။ သူ့တို့ရဲ့ ဘဝကို လက်တွေ့ ဒုက္ခတွေ ပေးနေတာ ဘယ်သူလဲဆိုတာ သူတို့ သေသေချာချာ သိကြပါတယ်လို့ တင်ပြလိုက်ရပါတယ်။
Photobucket
Photobucket
Photobucket

No comments:

Post a Comment