1.29.2010

ဟေတီ ကယ်ဆယ်ရေးက မြန်မာနာဂစ်ထက် ပိုမိုသာလွန်

Friday, 29 January 2010 17:35 ဆိုင်မွန် ရောက်ဂ်နင်း
ပို့တ် အော်ပရင့်စ် (PORT-AU-PRINCE)၊ ဟေတီ။

ဟေတီ ကပ်ဘေးသို့ ကယ်ဆယ်ရေး အကူအညီများ နှေးကွေး နေသည်က နာမည်ပျက် အရှက်တကွဲ အကျိုး နည်း ရမည့်ကိစ္စ မဟုတ်သော်မှ အတော်လေးတော့ ရှက်စရာ ကောင်းနေပြီ ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသော ပို့တ် အော်ပရင့်စ် ရှိ ကက်သိုလစ် ဘုရားရှိခိုး ကျောင်း တကျောင်း ရှေ့တွင် ဟေတီ တဦး ၀တ်ပြုဆုတောင်း နေစဉ် (ဓာတ်ပုံ - AP)

ပြီးခဲ့သည့် အပတ်အတွင်း မိမိတွေ့ခဲ့ရသမျှ ငလျှင် ဘေးမှ ကံကောင်း ထောက်မ၍ အသက်ရှင် ကျန်ရစ်ကြရ သူများအနေနှင့် အစားအစာ၊ ရေနှင့် အခြေခံ အမိုးအကာ ကဲ့သို့သော ကယ်ဆယ်ရေး ပစ္စည်းများ အမျိုးအမည် တခုမျှ မရရှိကြသေး သူများ ရှိနေသလို၊ သူတို့ နေထိုင်ရာ မြို့ဘက်ပိုင်းဆီသို့ ကယ်ဆယ်ရေး လုပ်သား တဦးတလေမျှ ရောက်မ လာ ကြသေးသည်ပင် ရှိနေသည်။ မိမိသည်ပင် ပထမဦးဆုံး တွေ့ရ သည့် နိုင်ငံခြားသား ဖြစ်သည်ဟု တချို့သူများက ဆိုနေကြဆဲပင်။ ဤ အချိန်သည် သဘာဝ ကပ်ဘေးကြီး ကျရောက်ပြီး တပတ် ကျော်လွန် လာသည့် အချိန်ဖြစ်သည်။

ဤအချက်များကို လုံးဝအလိမ်အညာဟု ငြင်းပယ်လိုက်ရန်လည်း ဖြစ်နိုင်ပါသည်။ လူတချို့က အရေးပေးခံလိုသည့် အတွက်ကြောင့် သူတို့၏ လမ်း၊ ရပ်ကွက်များ ပစ်ပယ်လျစ်လျူရှုခံရကြောင်း ချဲ့ကား ပြောခြင်းဖြစ်သည်ဟုလည်း ယူဆ နိုင်ပါသည်။ မည်သို့ပင် ဆိုစေ ဤသို့ နေရာတိုင်းတွင် တွေ့နေ ကြားနေရသည့် စောဒကတက် တောင်းဆို နေမှုများက ချဲ့ကားပြောသည်ထက်စာလျှင် အမှန်အတိုင်း ပြောနေ ခြင်း ပိုဖြစ်တန်ရာသည်။

ဟေတီအစိုးရ ကိုယ်နှိုက်က ရဲစခန်းတဲငယ်တခုအတွင်း စည်းဝေး စုဆုံနေကြရပြီး ကြောက်ရွံ့နေသည့် သမ္မတ ရီနေး ပရီဗယ် (Rene Preval)က လူအများ၏ လိုအပ်ချက်ကို အချိန် နှင့် တပြေးညီ အရေးပေးမဖြည့်ဆည်းပေးနိုင်သည့်အတွက် ဝေဖန်ပြစ်တင်ခံနေရသည်။

ပို့တ် အော်ပရင့်စ် မြို့တော်ရှိ နိုင်ငံတကာလေဆိပ်ကလည်း ပြေလမ်းတကြောင်းသာ ရှိသည်။ ငလျှင်လှုပ်စဉ် ကာလအတွင်း လေယာဉ်ထိန်းချုပ်ရေး မျှော်စင်ကလည်း ပျက်စီးသွားခဲ့သည်။ ဆိပ်ကမ်းကလည်း ဆိုးဆိုး ရွားရွားပျက်စီးခဲ့ကာ ပြီးခဲ့သည့် သောကြာနေ့တိုင် အသုံးမပြုနိုင်ဘဲ ရှိနေခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ စစ်တပ်ကိုလည်း ဝေဖန်မှုများ ရှိနေပါသည်။ လေဆိပ်ကို စတင် ထိန်းချုပ်စဉ် နေ့များက ကယ်ဆယ်ရေး ကုန်တင်လေယာဉ်များထက်စာလျှင် စစ်တပ်လေယာဉ်များကို ဦးစားပေးနေ ခဲ့သည်ဟု ဝေဖန်ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် နောက်ပိုင်းတွင် သူ၏ ခင်ပွန်း ကုလသမဂ္ဂ၏ ဟေတီ အထူး သံကိုယ်စားလှယ် ဘီလ်ကလင်တန် ရောက်လာသည့် ခရီးစဉ်တွင် လေဆိပ် နှင့် လေပိုင်နက်ကို ခေတ္တ ယာယီပိတ်ပင် ထားမှု အပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။

ဟေတီပြည်သူများ၏ လိုအပ်ချက်ကို ဖြည်းဖြည်းချင်း တိုး၍ ဖြည့်ဆည်းလာနိုင်ပြီ ဖြစ်သော်လည်း ကြီးမား လှသည့် ငလျင် ဒဏ်ကြောင့် ထောက်ပံ့ရေးနှင့် အခြေခံ အဆောက်အဦများလည်း ပျက်စီးခဲ့ရာ NGOများ ကချည်း ဖြေရှင်းရန် မဖြစ်နိုင်ပါ။ NGOများအနေဖြင့် ဘဏ္ဍာရေး အပါအ၀င် တခြားသော အရင်းအမြစ်များကိုပါ အကန့်အသတ်ကြီးစွာ ရင်ဆိုင် နေကြရ သောကြောင့် ဖြစ်သည်။ ဤကိစ္စများကို ဖြေရှင်းနိုင်ရန်လည်း အစိုးရ များနှင့် နိုင်ငံတကာ အဖွဲ့အစည်းကြီးများကို မှီခို နေကြရသေးသည်။

သို့သော်လည်း ဤသို့ နှောင့်နှေးကြန့်ကြာနေမှုများနှင့် အခက်အခဲများက မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ မေလက ဖြစ်ပွားခဲ့ သည့် နာဂစ်မုန်တိုင်းမျှ ဆိုးပါ၏လောဟု စောကြောဖွယ် ရှိနေသည်။ ဧရာဝတီမဂ္ဂဇင်းက သဘာဝကပ်ဘေး နှစ်ခုစလုံးတွင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ တဦး၏ အမြင်ကို မေးကြည့်နိုင်ခဲ့သည်။

GOAL အဖွဲ့၏ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူး ဘရိုင်ယန် ကက်ဆေး (Brian Casey) က ငလျင်ဘေး ကြီးသင့်ပြီး ၃ရက်အကြာတွင် ပို့တ် အော်ပရင့်စ် သို့ ဆိုက်ရောက်လာခဲ့သည်။ တကယ်တော့ ပိုစော ၍ ရောက်လာသင့် သည်။ သို့သော်လည်း လေဆိပ်ကိုယ်နှိုက်က ပျက်စီးသွားသည့်အတွက်ကြောင့် လေယာဉ် များ မဆင်းနိုင် ဖြစ်နေရသည်။ နယ်စပ်ချင်းကပ်လျက် ကားဖြင့်သွားလျှင် ၅ နာရီခရီးကြာ ဒိုမီနီကန် သမ္မတနိုင်ငံ ဆန်တို ဒိုမင်းဂိုးသို့ လေယာဉ်များက လမ်းကြောင်းလွှဲ ပျံသန်းဆင်းသက်ခဲ့ကြရသည်။

နှိုင်းယှဉ်ချက်အရ ဆိုရလျှင် နာဂစ်မုန်တိုင်းသတင်း ကြားကြားချင်း သူက အငတ်ဘေးကျရောက်နေသည့် အီသီယိုပီးယား မှ ချက်ချင်းထွက်ခွာ၍ ရေလုံးအမြင့် ၃. ၅မီတာ၊ လေတိုက်နှုန်း တနာရီ ၁၃၅ မိုင်နှုန်းဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကို တိုက်ခတ်ဖျက်ဆီးခံခဲ့ရသည့် နောက်တနေ့ညတွင် ဘန်ကောက်သို့ ရောက်လာခဲ့သည်။ ခန့်မှန်းရသည်မှာ ဤမုန်တိုင်း အတွင်း လူပေါင်း ၁၄၀,၀၀၀ ကျော်၏ အသက်များလည်း တိုက်ခတ်လွင့်စင်ခဲ့ပုံရသည်။ သို့သော်လည်း ယခုတိုင် ကိန်း ဂဏန်း အတိအကျကို မသိရှိနိုင်ခဲ့။ ဟေတီရှိ ယခု ငလျင်ဘေး အသေအပျောက်ကိုမူ ၂ သိန်းခန့်အထိ ရှိနိုင်သည်ဟု အစိုးရကိန်းဂဏန်းများက ခန့်မှန်းကြသည်။

"ကျနော်တို့ ထိုင်းနိုင်ငံမှာ ၉ ရက်ကြာ မြန်မာပြည်ဗီဇာရဖို့အရေး အချည်းအနှီး စောင့်နေရတယ်၊ ၁၀ ရက်မြောက်နေ့မှာ သီရိလင်္ကာမှာလျှောက်ရင် ဗီဇာရနိုင်တယ်လို့ ကြားတော့ ကိုလံဘိုကို ပြေးကြရပြန်တယ်"ဟု မစ္စတာ ဘရိုင်ရန် ကက်ဆေး က ပြောသည်။

ဗီဇာရရှိသည်နှင့် ကက်ဆေးနှင့် သူ၏ GOAL အဖွဲ့မှ လုပ်ဖော်ကိုင်ဖက်များက လေဘေးမုန်တိုင်းသင့်ပြီး ၁၂ ရက်ကြာမှ ရန်ကုန်သို့ ခြေချနိုင်ခဲ့ကြသည်။ ဤသို့နောက်ကျနေသော်မှ သူတို့က အရေးပေါ်ကာလ နိုင်ငံအတွင်းသို့ ပထမဦးဆုံး ရောက်ရှိလာကြသည့် ကယ်ဆယ်ရေးလုပ်သားများတွင် အပါအ၀င် ဖြစ်နေသေးသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် လုပ်ငန်းများရှိနေပြီးသား လက်တဆုပ်စာ ကုလသမဂ္ဂ ဌာန များနှင့် အနည်းစု NGOအဖွဲ့များကို ထည့်သွင်းပြောဆိုခြင်း မဟုတ်ပေ။

"နာဂစ်မှာ အကူအညီပေးဖို့ ထိုင်းနိုင်ငံကို ရောက်လာတဲ့သူတွေ ရာနဲ့ချီတယ်၊ အများစုက ဒီထက်ပိုပြီး ဘာမှ ဆက်လုပ် လို့မရဘူး။ ကျနော်ပြောနေတာက အသက်တွေအများအပြား ကယ်ဆယ်ခဲ့ဖူးတဲ့ အဖွဲ့အစည်း ကြီးတွေ ကို ပြောတာပါ။ သူတို့ကိုယ်တိုင်လည်း ၀င်လို့ မရကြဘူး"ဟု ကက်ဆေးက ဆိုသည်။

ဧရာဝတီမဂ္ဂဇင်းက ပို့တ် အော်ပရင့်စ်ရှိ ကက်ဆေးနှင့် ဟေတီငလျင်ကြီးဖြစ်ပြီး၍ ၁၀ ရက်အကြာတွင် မေးမြန်းစကား ပြောဆိုနိုင်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများက နှောင့်နှေးကြန့်ကြာနေသည်ဟု ၀န်ခံရဖို့ ရှိနေသော်လည်း၊ ကက်ဆေး က ပြောသည်မှာ "GOAL အဖွဲ့ထံကနေ လူပေါင်း ၇,၀၀၀ လောက်က အစားအသောက်၊ အမိုးအကာတွေ ရကြပြီ။ နောက် ထပ် ၄၈ နာရီအတွင်းမှာပဲ ငွေကြေးတစုံတရာ ၀င်ငွေရစေဖို့ အလုပ်လုပ်တဲ့စနစ် (Cash for Work Projects) ကို စတင်နိုင် မယ်"ဟု ဆိုသည်။

ဤကဲ့သို့ အချိန်မျိုးမှာ နာဂစ်မုန်တိုင်းဖြစ်ပြီးစ ကက်ဆေးနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များ မြန်မာနိုင်ငံတွင်း ၀င်ခွင့်ရရန် အတွက် စောင့်ဆိုင်းနေကြရဆဲ အချိန်မျိုးဖြစ်သည်။

"ကျနော်တို့ ရန်ကုန်ကိုရောက်တော့ မြို့က အမှောင်ထဲမှာ၊ နောက်ထပ် ၇ ပတ်တိုင်တိုင် လျှပ်စစ်မီးက လာလိုက် ပျက် လိုက်နဲ့ပဲ"ဟု ကက်ဆေးက ပြောကြားလိုက်ပြီး မြန်မာစစ်အစိုးရက အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ် တင်ပို့ ရောင်းချရငွေ ဒေါ်လာသန်းထောင်ချီ၍ ၀င်နေစဉ် တွင် မြန်မာလူထုမှာမူ လျှပ်စစ်မီး မရှိဘဲ နေထိုင် နေကြရသည်ဟုလည်း ဆိုသည်။

ဟေတီနိုင်ငံနှင့် မတူသည့်အချက်က မြန်မာနိုင်ငံက သဘာဝ သယံဇာတပေါကြွယ်ဝသည်။ သို့သော်လည်း အကြမ်းဖက်မှု များနှင့် အရည်အချင်းမရှိသည့် စစ်ခေါင်းဆောင်များ လက်တွင်းတွင် နစ်မွန်းဆုတ်ယုတ် နေရသည်။ ဟေတီနိုင်ငံတွင် လည်း မကောင်းသည့် အစိုးရ အုပ်ချုပ်မှုနှင့် ပတ်သက်၍ ၀မ်းနည်းဖွယ် ရှည်လျားသော သမိုင်းကြောင်း ရှိပါသည်။ သို့ သော် ထိုနိုင်ငံ ခေါင်းဆောင်များက သဘာဝ အရင်းအမြစ်များကိုရောင်းစား မှီခိုမည့်အစား၊ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီ များအတွက် လက်ဖြန့် တောင်းရ မည်ကို ရှက်မည့်သူများ မဟုတ်ပေ။

မြေငလျင်ဒဏ် မခံရမီကပင် အနောက်ကမ္ဘာခြမ်းတွင်အဆင်းရဲဆုံး နိုင်ငံတခုဖြစ်ပြီး အကြိမ်ကြိမ် စစ်အာဏာ သိမ်းမှုများ၊ တန်ပြန်စစ်အာဏာသိမ်းမှုများ၊ အစိုးရရဲများနှင့် ပြည်သူ့စစ် လက်နက်ကိုင်များ၊ အကြမ်းဖက် လူမိုက်ဂိုဏ်းများ၏ ရမ်းကား နှိပ်စက်မှုများကြောင့်လည်း ဟေတီနိုင်ငံက ယိုယွင်းကျဆင်းနေခဲ့ရသည်။

ဝေငှပေးသည့် အစားအစာ များကို အလုအယက် တောင်းခံယူနေသော ဟေတီ ငလျင် ဒုက္ခသည်များ (ဓာတ်ပုံ - Getty Images)

မြန်မာ နိုင်ငံတွင် နာဂစ် မုန်တိုင်း ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ အရောက် ပေးပို့နိုင်ရေး အတွက် GOAL အဖွဲ့က အမိုး အကာများ၊ သန့်ရှင်းရေးနှင့် ဆေးဝါးပစ္စည်း သေတ္တာများကို ရန်ကုန်တွင် မတန်တဆ ဈေးနှုန်းဖြင့် ၀ယ်ကြရသည်။ တချို့သော မြန်မာနိုင်ငံသား စေတနာ့ ၀န်ထမ်းများက ကပ်ဘေးသင့် ဒေသ များသို့ အကူ အညီ ပစ္စည်းများကို သယ်ဆောင် ပို့ပေးခဲ့ ကြသည်။ ဤအချိန်တွင် သူတို့အဖွဲ့က အချိန်ကုန် ခက်ခဲ ပင်ပန်း သည့် တရားဝင် NGO အဖြစ် မှတ်ပုံ တင်နိုင်ရေး လုပ်ငန်းစဉ်ကြီးကို ဆောင်ရွက် နေကြရပြန်သည်။

"ကျနော်တို့နဲ့ပူးပေါင်းလုပ်ကိုင်ကြတဲ့ ဒေသခံအဖွဲ့တွေက နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ကြရတာ စိတ်မသက် မသာ ဖြစ်နေကြတယ်၊ သူတို့က ကူညီချင်ပါတယ်။ သူတို့ အများစုက သူငယ် ချင်းတွေ၊ မိသားစုတွေ မုန်တိုင်းထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ သူတို့က ဘာတွေ လိုအပ်နေတယ်ဆိုတာလည်း သိကြတယ်"ဟု ကက်ဆေးက အမှတ်တရ ပြန်ပြောသည်။ ထိုဒေသခံများသည် မြန်မာစစ်တပ်၏ စောင့်ကြည့်ခံနေရမှုများ၊ ခြိမ်းခြောက်ခံရမှုများကို အကြောင်းပြု၍ နောက်ဆုတ်သွားကြသည်ဟုလည်း ဆိုသည်။

"တချို့မြန်မာတွေက ကျနော်တို့နဲ့ စကားပြောရမှာ အင်မတန်စိုးရိမ်နေကြတာ တွေ့ရတယ်။ ကျနော်တို့လည်း သတင်း အချက်အလက်တွေ မရတော့ဘူး၊ သူတို့က ကျနော်တို့နဲ့ တတွဲတွဲ ဖြစ်နေတာ အမြင်မခံလိုကြဘူး။ အာဏာပိုင်တွေ ဘက်က သင်္ကာမကင်း ဖြစ်လာမှာကို စိုးရိမ်တယ်"ဟု ကက်ဆေး က ပြောသည်။

"ဒုက္ခသည်တွေရှိတဲ့ နေရာအထိ ကျနော်တို့ သွားလို့ မရဘူး။ အဲသည်တော့ ကျနော်တို့ကိုယ်တိုင် ဝေငှ ပေးဖို့ဆိုတာလည်း မဖြစ်နိုင် ဘူး။ ကျနော်တို့ မစောင့်ကြည့်နိုင်ဘူး။ ဆန်းစစ်တာတွေ မလုပ်နိုင်ဘူး။ အကူ အညီတွေက တကယ်လိုအပ်နေသူ တွေ လက်ထဲ ရောက်သလား၊ မရောက်သမလား သေချာ မစစ်ဆေးနိုင်ဘူး၊ အဲဒါကြောင့်ပဲ အလှူရှင်တွေ အစိုးရတွေက ကျနော်တို့ကို ငွေထောက်ပံ့ပေးဖို့ ခက်လာကြတယ်"ဟုလည်း သူက ဆက်ပြောသည်။

ကက်ဆေးက"ဟေတီ ကယ်ဆယ်ရေးမှာ ယေဘုယျပြောရင် အားနည်းချက်တွေ ရှိနေပေမယ့်လည်း မြန်မာပြည်မှာ ကျနော်တို့ ၄ လ ကူခဲ့တာထက်စာရင် ဟေတီမှာ ၉ ရက်အတွင်း ပိုလို့ ကူညီနိုင်တယ်"ဟု ဆိုသည်။

"အခု ဟေတီမှာ ရှိနေတဲ့ အခက်အခဲက မြန်မာပြည်နဲ့ ကွာခြားတယ်။ ဟေတီက အခြေခံ အဆောက်အဦး စနစ်တွေက ငလျင်မတိုင်ခင်ကတည်းက ဒီလောက် မကောင်းဘူး။ ဒါတွေက ဇန်န၀ါရီလ ၁၂ ရက်မှာ အကုန် ဖျက်ဆီးခံလိုက်ရတယ်"ဟု သူက ပြောသည်။

သဘာဝကပ်ဘေးဒဏ်ကြောင့် ပါသလို၊ တဘက်တွင်လည်း လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ပိတ်ဆို့နေကြရသည်။ သို့သော်လည်း မြန်မာပြည်တွင် တွေ့ခဲ့ရသော အခက်အခဲ များကတော့ လူက ဖန်တီး ထားသည့်ကိစ္စများဟု ကက်ဆေးက ပြောသည်။

"တကယ့် အရေးကြီးတဲ့အချိန်မှာမှ အစိုးရက ကန့်လန့်ခံနေ တယ်"ဟုလည်း သူကဆိုသည်။

ကက်ဆေးက ပြောရာတွင် အကူအညီများ နိုင်ငံတွင်းရောက်ရှိရေးနှင့် နိုင်ငံအနှံ့ ရောက်ရေးအတွက် ဟေတီအစိုးရ သို့ မဟုတ် ဗျူရိုကရေစီ ယန္တရားများက အနှောင့်အယှက် အဟန့်အတားပြုခြင်း မရှိဟု ပြောသည်။ ရန်ကုန်တွင်နေခဲ့သော ၇ ပတ်ကြာ ကာလနှင့် နှိုင်းယှဉ်၍လည်း"GOAL အဖွဲ့က အဲဒီမှာ စုစုပေါင်း ၄ လကြာတယ်။ ကျနော်တို့ကို မြို့တော်က လွဲပြီး အပြင်ထွက်ခွင့် မပေးဘူး"ဟု သူက ရှင်းပြသည်။

သို့တိုင် ငလျင်ပြီးနောက်ပိုင်း လူထုကို ကူညီကယ်ဆယ်ရန် မစွမ်းနိုင်သေးသည့်အတွက်ကြောင့် ဟေတီအစိုးရကို ပြစ်တင် ဝေဖန်မှုများ အကျယ်အပြန့် ရှိနေပါသည်။

ပြီးခဲ့သည့် အပတ်က ကျနော်တွေ့ဆုံမေးမြန်းနိုင်ခဲ့သော ငလျင်ဒဏ်မှ ကံကောင်းထောက်မ၍ ရှင်ကျန်ရစ် သူများက သဘာဝ ကပ်ဘေးပြီးနောက်ပိုင်း သူတို့ခေါင်းဆောင်များက ပုန်းအောင်းနေကြသည်ဟု ပြောဆို ခဲ့ကြသည်။ တချို့သူများ ကမူ အကူအညီများကို ဟေတီအစိုးရဌာနများ လက်ထဲ မထည့်ပေးရေးအတွက် စာရေးသားရန် အကြံပြုကြသည်။ တချို့ သော လေ့လာဆန်းစစ်သူများ၏ ပြီးခဲ့သည့် ၃-၄ နှစ်အတွင်း ဟေတီတွင် တိုးတက်မှုရှိလာခဲ့သည်ဟူသော သုံးသပ်ချက် များနှင့် ပတ်သက်ပြီး ကျနော်က ဝေဖန် ငြင်းပယ်သည့် ကိစ္စအပေါ်တွင်လည်း မေးခွန်းထုတ်ကြသည်။

ပို့တ် အော်ပရင့်စ်မြို့တော် ကာဖိုးခရိုင် (Carrefour district) နှင့် နီးကပ်နေသည့် ငလျင်ဒဏ် အဆိုးရွားဆုံး ခံရသော ဖွန်တာမာရာရှိ ပယ်ရီ ရော်နယ်ဒ် (Pierre Ronald) က ပြောရာတွင်"ရေဒီယိုမှာ ကြားရတာက အမေရိကန်နဲ့ တခြားနိုင်ငံ တွေ က ဟေတီကို ဒေါ်လာ ဘီလီယံပေါင်းများစွာ (ဖွံ့ဖြိုးရေးအကူအညီအနေနဲ့) နှစ်စဉ် ပေးနေတယ် ပြောတယ်။ ကျနော် တို့ လည်း ဘာမှ မတွေ့ရဘူး။ လုံးဝလိမ်တာ မဟုတ်ရင်တော့ ဒီငွေတွေ တနေရာရာကို ရောက်သွားပြီပဲ။သေချာတာက ဒီကို တော့ ပို့တာမဟုတ်ဘူး"ဟု သူက ဒါဇင်အနည်းငယ်ခန့်ရှိ ဒုက္ခသည် မိန်းမနှင့်ကလေးများ နေ့လယ်ခင်းနေရောင်ဒဏ် ကို ပလတ်စတစ် အမိုးအောက်တွင် ခိုလှုံနေ ကြရသည့် ပလာဇာ တနေရာအား လက်ညှိုးညွှန်ရင်း ပြောသည်။

ဟေတီအစိုးရကို ဝေဖန်သူများ ရှိကြပါသည်။ သူတို့ဝေဖန်နေကြသည်မှာလည်း မှန်သည့်အချက် ဖြစ်သည်။ သို့သော် လည်း အနည်းဆုံးတော့ ဤသို့ဝေဖန်နေကြသည်မှာ အစိုးရက ကြားဝင်ဟန့်တားနေသောကြောင့် မဟုတ်ပေ။

ကက်ဆေး၏ နှိုင်းယှဉ်ချက်အရဆိုလျှင် မြန်မာစစ်အစိုးရကမူ ကယ်ဆယ်ရေးလုပ်သားများကို မြစ်ဝကျွန်းပေါ် ဒေသ မရောက်နိုင်ရန် နှောင့်ယှက်ခဲ့သည်ဟု ဆိုသည်။ လူပေါင်း ၃ သန်းခန့်ကို အိုးမဲ့အိမ်မဲ့ ပြစ်ထားပြီး ပျက်စီး သွားသည့် ဒေသတခုလုံးကိုလည်း လက်ပိုက်ကြည့်နေသည်ဟု ပြောသည်။

နှစ်နှစ်ခန့် ကြာသည့်တိုင် လူထုကို ကယ်ဆယ်ရန်လာသည့် အကူအညီများအား ပိတ်ဆို့ဟန့်တားရုံမျှသာမက၊ ကပ်ဘေး ကာလနှင့် နောက်ပိုင်းတွင် လျစ်လျူရှုနိုင်သည့် မြန်မာစစ်အစိုးရ၏ လုပ်ရပ်ကို သူ ယခုတိုင် နားမလည် နိုင်သကဲ့သို့ ဒေါသဖြစ်နေရသေးသည်ဟုလည်း ဆိုသည်။

"သေသူတွေရဲ့အလောင်းတွေ ရေကန်ထဲမှာ၊ မြစ်ချောင်းတွေထဲမှာ မျောနေတာ ဒီအတိုင်းထားတော့ ရေကြောင့် ကူးစက် တဲ့ရောဂါတွေ ပျံ့ပွားအောင် တမင်အားပေးနေသလို ဖြစ်နေတာပေါ့။ ဆေးဝါး အထောက်အပံ့တွေကို အကူအညီပေးဖို့ တားဆီးနေတာ၊ လျစ်လျူရှုထားတာတွေ ရှိနေတော့ ဒီရောဂါဘေးတွေကနေ လူတွေ ခုခံကာကွယ်လို့ မရအောင် လုပ်ထား သလို ဖြစ်နေတယ်"ဟု ကက်ဆေးက ပြောဆိုသည်။

"ကျနော် အသေအချာ ယုံကြည်နေတာကတော့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ပြီးတဲ့နောက်မှာ စစ်အစိုးရ ကိုယ်နှိုက်က နောက်ထပ် အရေးပေါ်ကပ်ဘေးတခုကို ဖန်တီးရှာဖွေနေသလိုပဲ။ ရောဂါဘေးတွေ၊ ငတ်မွတ် ခေါင်းပါးမှု၊ သောက်သုံး ရေပြတ်လပ်မှု၊ လျစ်လျူရှု ထားမှုတွေက ဒုတိယမုန်တိုင်းရဲ့သေမင်းတမန်လှိုင်းလုံးလို လိုက်လာတယ်"ဟုလည်း ကက်ဆေး က ပြောသည်။

စစ်အစိုးရအနေဖြင့်မူ သူလိုချင်သည့် ရလဒ်ကို ရခဲ့ပြီဟု ဆိုနိုင်ပါသည်။

SIMON ROUGHNEEN ရေးသားသည့် Haiti Aid Response Far Better than Nargis ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။

No comments:

Post a Comment