2.15.2010

တရားဥပဒေနှင့် မညီပဲ ဖမ်းဆီး အကျဉ်းချမှုများသည် တရားမျှတမှု မရှိကြောင်း ကုလ လူ့အခွင့် အရေးကိုယ်စားလှယ်ပြောဆို

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် တနာရီကြာ ဆွေးနွေးခဲ့ရစဉ် အတောအတွင်း ဒေါ်အောင်ဆန်း စုကြည်ကို လက်ရှိ နေအိမ်အကျယ်ချုပ် ချထားသောဥပဒေသည် တရားမျှတမှုမရှိကြောင်း ရှင်းလင်းပြောပြခဲ့ သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေနှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပြခဲ့ကြောင်း သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) နဲ့ ယနေ့ ညနေ ၃နာရီမှ ၄နာရီ အထိ မြရိပ်ညို ဟိုတယ် တွေဆုံခွင့်ရခဲ့ပါသည်။ ထိုသို့တွေ့ဆုံခဲ့စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပျက်ပြယ်ပြီး ဖြစ်သော ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ နိုင်ငံတော်ကို ဘေးအန္တရာယ် ပြုသူများမှ ကာကွယ် စောင့်ရှောက် သည့် ဥပဒေ အရ တရားစွဲဆို၍ ထောင်ချခဲ့ခြင်းသည် တရားမျှတမှု မရှိကြောင်း ရှင်းပြခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောပြခဲ့ ပါသည်။
၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သော ထိုအခြေခံ ဥပဒေကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းခဲ့ စဉ်ကပင် ဖျက်သိမ်းခဲ့ပြီး ဖြစ်ကြောင်း ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ကို နားလည် သဘောပေါက် အောင်ရှင်းပြခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဆက်လက်ပြောဆို သွားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ် အကျယ်ချုပ် သက်တမ်းပြည့်သွားသည့် အချိန်ကာလ ကတည်းက လွတ်မြောက်ခဲ့သင့်ပြီ ဖြစ်ကြောင်း ကင်တားနားကို ရှင်းပြခဲ့သည်ဟုလည်း ဦးဥာဏ်ဝင်းက ပြောပြပါသည်။
ထို့အတူ မြန်မာနိုင်ငံ အနှံအပြားတွင် တရားဥပဒေနှင့် မညီညွတ်ပဲ ဖမ်းဆီးထောင်ချမှုများ များစွာ ရှိနေကြောင်းကို ကင်တားနားအား ရှင်းပြခဲ့ပြီး၊ ထို့ကဲ့သို့ဖမ်းဆီး ထောင်ချနေသည့် အကြောင်းရင်းကိုလည်း ရှင်းပြခဲ့သည်ဟု ပြောပြခဲ့ပါသည်။
သူ့၏ မိခင်နိုင်ငံဖြစ်သော အာဂျင်တီးနားနိုင်ငံတွင် ရှေ့နေ အဖြစ် ဆောင်ရွက်ခဲ့သူ ကင်တားနားက ဥပဒေ ပြဌာန်းချက် မရှိပဲ ပြည်သူလူထုများကို ထောင်ဒဏ် အကျဉ်းချခြင်း သည် တရားမျှတမှု မရှိကြောင်းကို သူလဲ လက်ခံသည်ဟု သူတို့ကို ထုတ်ဖေါ် ပြောကြားသွားခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောပြခဲ့ကြောင်း သတင်း ရရှိပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment