3.24.2010

သံဃာ့တပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးဇဝနနှင့်တွေ့ဆုံမေးမြန်းချက်

Photobucket
Saffron ဘလော့ရဲ့ စာဖတ်သူများခင်ဗျား.. 
ဒီနေ့မှာ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP ရဲ့ ၁၀နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ သံဃာ့တပ်ပေါင်းစု အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို၊ နိုင်ငံရေး အကျဉ်းသားဟောင်းလဲ ဖြစ်ခဲ့တဲ့ ဆရာတော် ဦးဇဝနကို သူရဲ့ အတွေ့အကြုံနဲ့ အမြင်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဦးဇင်းဘုရား ...  ဦးဇင်းတို့ရဲ့ သံဃာ့တပ်ပေါင်းစု ဘလော့မှာ ဦးဇင်းက AAPP ရဲ့ ၁၀နှစ်ပြည့် အခမ်းအနားကို ကြွရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဦးဇင်းသွားခဲ့တာ နိုင်ငံရေး အကျဉ်းသားဟောင်း အနေနဲ့လား၊ ဒါမှမဟုတ် သံဃာ့တပ်ပေါင်းစု အနေနဲ့ပါလား ဘုရား..
ဦးဇင်းကို အကျဉ်းသားဟောင်းအနေနဲ့ ဖိတ်ပါတယ်။ အဖွဲ့အနေနဲ့ ဖိတ်စာကို ကိုဇော်ထွန်းက ဖိတ်လိမ့် မယ်လို့ ကိုဌေးအောင်က ပြောပါတယ်။ ဒါပေမယ့်အဖွဲ့အနေနဲ့ ဖိတ်စာရောက်မလာပါဘူး။
ဒါဆိုရင် ဦးဇင်းက နိုင်ငံရေး အကျဉ်းသားဟောင်းအနေနဲ့ပဲ သွားခဲ့ရတာလို့ ပြောလို့ရမလားဘုရား..။
ရပါတယ်။
ဦးဇင်းတို့ ဝက်ဘ်ဆိုက်ထဲမှာ ဦးဇင်းက AAPP မှာ ကျေးဇူးတင်စကားပြောထားတာ တပည့်တော် ဖတ်ရပါ တယ်။ ကျေဇူးတင်ထိုက်တယ်ဆိုတဲ့ စာရင်းထဲမှာ AAPP လဲပါပါတယ်။ ဦးဇင်းထောင်ထဲမှာ ရှိနေစဉ် သူတို့ဆီက တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကူအညီရဖူးပါသလား။
ရဖူးပါတယ်။
တပည့်တော် ကြားနေတာက တချို့ လူတွေ မရဘူးလို့ကြားလို့ အဲဒီ အပေါ် ဦးဇင်း ဘယ်လိုမြင်ပါသလဲ။
တချို့ထောင်တွေကိုတော့ သူတို့လက်လှမ်းမမှီဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ပို့ပေးမည့်သူမရှိတာ တို့ဘာတို့ ပေါ့ နော်..။
ဦးဇင်းတို့ရှိနေတဲ့ ပါတ်ဝန်းကျင်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေ အထောက်အပံ့မရတာ မရှိဘူးပေါ့။
ထောင်တိုင်းကိုတော့ မရောက်နိုင်ပါဘူး။ တောင်ငူမှာအားလုံးရတယ်၊ သူတို့လဲပြောပါတယ် ထောင်တိုင်းကို မရောက်နိုင်ဘူးဆိုတာ။
ဟုတ်ကဲ့ .. နောက် ဦးဇင်းတို့ရဲ့ မိခင်အဖွဲ့ အစည်းဆီကကော အကူအညီ ရပါသလား။
ရပါတယ်။ ဘုန်းကြီးတိုင်းဆီကို ပို့တယ်လို့ သိရပါတယ်။ ဦးဇင်းဆီလဲ ရောက်ပါတယ်။ အပြင်ရောက်တဲ့အထိ ကူညီပါတယ်။
နောက်ထပ် ဦးဇင်းတို့ကို ကူညီတဲ့ အဖွဲ့တွေ ရှိပါသေးလား။
ငွေပို့တယ်။ NLD ကဆို ငါးပိကြော် တွေလုပ်ပေးတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားတွေ ဖြစ်ရ ပါတယ်။ ထောင်ထဲမှာကတော့ တကယ့်ကို အားမန်တွေရပါတယ်။
တပည့်တော် နောက်တခု ထပ်မေးချင်တာက ဒီနေ့ပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သူတို့ ခံစား ခဲ့ရတာတွေကို သရုပ်ပြသွားပါတယ်။ ဦးဇင်းတို့ကော သံဃာတော်တွေ အနေနဲ့ကနေ ဖမ်းဆီးခံရတော့ လူသာမန်တွေနဲ့ ကွဲပြားတဲ့ အခွင့်အရေးတွေ ထောင်ထဲမှာ နအဖက ပေးပါသလား။
နေရာတိုင်းကိုတော့ ဦးဇင်းမသိနိုင်ပါဘူး။
ဦးဇင်းရဲ့ အတွေ့အကြုံကိုပဲပြောပြပါ ။
သာမန်လူတွေလိုပဲ ဥိးဇင်းတို့ကို ဆက်ဆံ ခံရပါတယ်။
အခုနိုင်ငံရေး အကျဉ်းသားတွေလိုပဲလို့ ဦးဇင်းဆိုလိုတာပါလား။
ကိုယ့်ရဲဘော်တွေကသာ ကိုယ့်ကို ရဟန်းလို့ အသိအမှတ်ပြုတာပါ။ ထောင်အာဏာပိုင်တွေကဆို ဟေ့ကောင် ဒီလိုခေါ်တာပါ။ အကန်ခံ အရိုက်ခံရတာ လူ၊ ဘုန်းကြီး မခွဲခြားပါဘူး။ အတူတူပါပဲ။
ဦးဇင်းတို့ သံဃာတော်တွေကော အခုနိုင်ငံရေး အကျဉ်းသားတွေလို ခြေကျဉ်းတွေ ဒေါက်တွေ ထည့်ခံရ ပါ သလား။
ဦးစန္ဒောဆို စိတ်ကထက်တော့ ပိုခံရတယ်။ ခံရတာပေါ့။ ခြေကျဉ်းထောက် ခံရတာအတူတူပါပဲ။ သာယာဝတီ ထောင် ရောက်စက ဦးဇင်းကို နှစ်ကြီးလို့ဆိုပြီး လူတွေ ခြေကျင်းဖြုတ်ပေမယ့် ဦးဇင်းတယောက်ထဲ ချန်ထား တာ၊ လက်နှစ်လုံးလောက်စာရွက်ထဲမှာကဗျာရေးထားတာမိလို့ တိုက်ပိတ်တာ ခံရဘူးတယ်။ ဆောင်းတွင်း ကြီး ချမ်းမှချမ်း ညခင်းဆို အိပ်မရဘူး ခုန်နေရတယ်။
တပည့်တော် ကိုယ်တိုင်လဲ ပဇင်းဝတ်ဘူးတော့ သိခဲ့တာ တခုရှိတယ်။ ဦးပဇင်းဖြစ်နေသူ တဦးက လူပြန် ထွက်တော့မယ်ဆိုရင် ဦးဇင်းကနေ ကိုရင်၊ ကိုရင်ကနေ လူအဖြစ် တဆင့်ချင်း ပြန်လျှော့ရတာ ကြုံဘူးတယ်။ ဦးဇင်းကနေ ကိုရင်အဖြစ် လျှော့ရင်တောင် ဆရာတော်က ကိုယ့်ကိုကိုယ် ကိုရင်ဖြစ်ပြီလို့ နှလုံးသွင်းနော် နိုမို့ ဆိုရင် အပြစ်ကြီးတယ်။ ဒီလိုပဲ ကိုရင်ကနေ လူထွက်တော့လဲ လူဖြစ်ပြီလို့ နှလုံးသွင်းနော် ဆိုပြီး ပြောပြ သတိပေးခဲ့ပါတယ်။ အဲဒါ ဝိနည်းတော်နဲ့ အညီပါပဲလား။
ဝိနည်းတော်မှာ သိက္ခာချတာ အင်္ဂါရပ်တွေရှိပါတယ်။ စိတ် ခေတ် ကာလ ပယောဂ ဇာန ပုဂ်ဂလာ ဆိုပြီး တော့ ရှိပါတယ်။ ဒီအင်္ဂါတွေ ညီမှ လူဖြစ်ပါတယ်။
သူတို့က ဦးဇင်းတို့ကို ဘုန်းကြီးကျောင်းတွေက အတင်းဖမ်းလာပြီး ထောင်ဝတ်စုံဝတ်ပေးလိုက်တဲ့ အခါ ဦးဇင်းတို့ဟာ လူဖြစ်သွားပါသလား ဒါမှမဟုတ် သံဃာပါပဲလား။
ဘုရားလက်ထက်က ဓားပြတွေလုယက်လို့ ရဟန်းတွေ သစ်ရွက်တွေပတ်ပြီး နေရတယ် ။ ဘုရားက ဒါ အပြစ် မရှိဘူးလို့ ပြောထားပါတယ်။ တိပိတဋက ဆရာတော် တို့တောင် ဒီလိုပဲနေခဲ့ရတာပါ။
ဒါဆိုရင် ထောင်ကျနေပေမယ့် ဦးဇင်းတို့ဟာ တလျှောက်လုံး ကိုယ့်ကိုကိုယ် သံဃာပဲလို့ နှလုံးသွင်း နေခဲ့ တာပေါ့။
အမှန်ပါပဲ။
ဒါဆိုရင် ဦးဇင်းတို့ကို စစ်ကြောရေးမှာ နှိပ်စက်တဲ့ ထောက်လှမ်းရေးတွေ ၊ နောက်ထောင်ထဲက ဖိနှိပ်တဲ့ ထောင်ဝန်ထမ်းတွေဟာ သံဃာတော်တွေကို စော်ကားမိတဲ့ သံဃာ့ဂိုဏ်းသင့်နေပြီလား ဦးဇင်း။
သင့်တာပေါ့။ ကံဆိုတာလက်ငင်းခံရတယ် ဗိုလ်စောမောင်ခမြာ ဘာဖြစ်သွားလဲ၊ နောက် ဦးစိုးဝင်း ၊ ဗိုလ်ချုပ်တင်ဦး၊ ဗိုလ်ချုပ်ဝင်းမြင့်၊ နောက်ဆုံး ဗိုလ်ချုပ်ခင်ညွန့် အများကြီးပါ။ လက်ငင်းကံဆိုတာ ဒိဋ္ဌဓမ္မ ဝေဒနီယကံ ဆိုတာ ရှိပါတယ်။ အဘိဓမ္မာတရားပါ၊ မျက်နှုာမလိုက်ပါဘူး။ ထောက်လှမ်းရေးတွေအားလုံး သံဃာတွေကိုနှိပ်စက်ခဲ့တာပါ။ သူတို့ ဘာတွေဖြစ်သွားလဲ အားလုံးအသိပါ။ သူတို့တွေအတွက် ဘေးလေးမျိုး ဆိုတာခံရပါတယ်။ ဘေးလေးမျိုးဆိုတာက ဒဏ္ဍဘေး ၊ ဒုဂ်ဂတိဘေး ၊ အတ္တာနူဝါဒဘေး ၊ ပရာနုဝါဒဘေး ဆိုတာတွေပါ။ အတ္တာနုဝါဒဘေး ကစပြောမယ်။ ကိုယ့်ကိုယ်ကို ပြန်အပြစ်တင်တာ၊ ငါအပြစ်လုပ်မိပါလားလို့ သံသယကြီးက သူ့ကိုနှိပ်စက်နေတာ၊ ဒါအဦးဆုံးခံရမှာ။ ပရာနုဝါဒဘေး ၊ တကမ္ဘာလုံးက ကဲ့ရဲ့ ပြစ်တင်ခြင်းခံရတာ ။ ဒဏ္ဍဘေး ဆိုတာက နိုင်ငံတကာ တရားရုံးလိုဟာမျိုးရင်ဆိုင်ရမှာ။ ဒုဂ်ဂတိဘေး ဆိုတာက သေပြီးရင်ဆိုင်ရမည့်ကိစ္စ။ ဒါတွေကို အပြစ်ကျူးလွန်ရင် စေတနာ ဆိုးရင် ဆိုးသလောက်ခံရမယ်။
ဖြေကြားပေးတာ ကျေးဇူးးတင်ပါတယ်ဘုရား။ တပည့်တော် နောက်ဆုံး မေးခွန်းတခု မေးချင်တာက ပြည် တွင်းက သံဃာ့ နာယကဆိုတဲ့ ဆရာတော်ကြီးတွေဟာ ဝိနည်းတတ်၊ ကျမ်းတတ် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ရဲ့ သားနဲ့ သူတို့ကဘာလို့ နအဖကို ဒီအချက်တွေ မသွန်သင်တာလို့ ထင်ပါသလဲ ဘုရား။
ဂတိလေးပါးဆိုတာကြားဘူးလား ။
ကျေဇူးပြုပြီး ရှင်းပြပေးပါ ဘုရား.. ။
ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ဆိုတာပါ။ ဒီလေးပါးထဲက တခုခု ပူးကပ်ခံရရင် ဆုံးဖြတ်ချက်တွေ မမှန်တော့ဘူး ။ ချစ်လွန်းရင်၊ အမျက်ထွက်လွန်းရင်၊ မသိမိုက်မဲလွန်းရင်၊ ကြောက်လွန်းရင် ဆုံးဖြတ်ချက်တွေမှားကုန်တတ်တယ်။ ဒါတွေထဲက တခုခုမှာ မဟန ဆရာတော်တွေ ကပ်ညှိခံနေပါပြီ။ ဦးဇင်း ကိုယ်တွေ့နဲ့ဆို သံဃမဟာနာယက ဆရာတော်တွေဟာ အရေးကြီးတဲ့အမိန့်တွေဆို အစိုးရကို တင်ပြပြီးမှ ထုတ်ဝံ့တယ်။ ပြီးခဲ့တဲ့အပတ် ထုတ် ဦးဇင်းတို့ဂျာနယ်ပါ အာဘော်ကိုဖတ်ကြည့်ပါ။
အခုလို ဖြေကြားပေးတာ ကျေးဇူး အထူးတင်ပါတယ် ဘုရား လိုအပ်လို့ သံဃာ့ကိစ္စနဲ့ မရှင်းလင်းတာရှိရင် နောက်နောင်လဲ မေးမြန်းခွင့်ပြုပါ ဘုရား။
ဦးဇဝနသည် သံဃာ့တပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူ ဆရာတော်တပါးဖြစ်သလို နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးလဲ ဖြစ်ပါသည်။ လက်ရှိ ABMA ဂျာနယ်တွင် သူ၏ ထောင်တွင်း အတွေ့အကြုံများကို  အခန်းဆက် ရေးသားနေရာ စိတ်ဝင်စားသူများ အနေနှင့် http://allburmamonksalliance.com/ တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment