4.07.2010

ဒေါ်အောင်ဆန်းစုကြည်က NLD အီးစီ ဆုံးဖြတ်ချက်အပေါ် အပြည့်အဝထောက်ခံဟုဆို

ဧပြီ ၇ရက် ၊ ရန်ကုန်။
နေအိမ် အကျယ်ချုပ် ကျခံနေရသူ NLD ပါတီ၏အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးက ပါတီမှတ်ပုံမတင်တော့ရန် ဆုံးဖြတ်ချက်အပေါ် အပြည့်အဝ ထောက်ခံသည်ဟု ပြောခဲ့ကြောင်း သိရပါသည်။ 
ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နေ့လည်ပိုင်းက နှစ်နာရီကြာသွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့စဉ် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သူကိုယ်တိုင်ကြားသိခဲ့ရသည့် အပေါ် သတင်းသမားများကို ထုတ်ဖေါ် ပြောပြခဲ့ပါသည်။ 
သူမအနေနှင့် ထိုဆုံးဖြတ်ချက်အပေါ် အလေးအနက် ထောက်ခံသလို ၊ NLD ပါတီ အနေနှင့် ဆုံးဖြတ်ချက်ကို ညီညွတ်စွာ ချမှတ်နိုင်သည့်အပေါ် ဝမ်းမြောက်မိသည်ဟု သူမက ပြောပြခဲ့သည်ဟု ဦးဥာဏ်ဝင်းက သတင်းသမားများကို ပြောပြပါသည်။
သတင်းသမားများက ဦးဥာဏ်ဝင်းအား NLD သည် မှတ်ပုံမတင်သည့် အတွက် လာမည့်ဧပြီလ ၇ရက်နေ့တွင်  သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်လဲဟု မေးမြန်းခဲ့ရာ ဦးဥာဏ်ဝင်းက ထိုနေ့အထိ စောင့်ကြည်ပါဟု ဖြေကြားခဲ့ပါသည်။ 
ဦးဥာဏ်ဝင်းနှင့် အခြားရှေ့နေ တဦးဖြစ်သူ ဦးကြည်ဝင်းတို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံခဲ့သည့် အဓိက ကိစ္စမှာ လွန်ခဲ့သော ဖေဖေါ်ဝါရီလ ၂၆ရက်နေ့က ပယ်ချခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှု အယူခံကိစ္စနှင့် ပါတ်သက်ပြီး အထူးတရားရုံးသို့ အယူခံတက်ရောက်ရေး ကိစ္စနှင့် ပါတ်သက်ပြီး သွားရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြုပြင်ခြင်းကိစ္စအပေါ် စည်ပင်သာယာရေး ကော်မတီမှ တားမြစ်ခဲ့သည့် ကိစ္စနှင့်ပါတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟု သွားရောက်တွေ့ဆုံခဲ့သူ သူမ၏ ရှေ့နေများက သတင်းသမားများကို ပြောပြခဲ့ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment