5.04.2010

ငရဲပန်းကို ရွှေပန်းထင်တဲ့ ဦးခင်မောင်ဆွေသို့ အိတ်ဖွင့်ပေးစာ

မောင်သြ

၃/ မေ ၂၀၁၀ 
ဦးဆွေလို့ပဲ ခေါ်ခွင့်ပြုပါခင်ဗျား …
၂၆-၄-၂၀၁၀ နေ့ထုတ် အလင်းတန်းဂျာနယ်မှာ ဦးဆွေရဲ့ အင်တာဗျူးနဲ့ ဦးအုန်းကြိုင်ရဲ့ အင်တာဗျူးနှစ်ခုကို ဖတ်ရပါတယ်။ ဦးအုန်းကြိုင်ရဲ့ အင်တာဗျူးကတော့ လိုရင်းတိုးရှင်းနဲ့ တိတိကျကျ ရေးထားတာမို့ အကျယ် မချဲ့တော့ဘူး။ အဲ … ဦးဆွေရဲ့ အင်တာဗျူးကတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ မရေရာ မသေချာ၊ ဝေေ၀၀ါးဝါး မပြတ်မသား၊ ဘူးလုံးနားမထွင်းဖြစ်နေတာတွေ များနေတာမို့ ဒီပေးစာနဲ့ တုံ့ပြန်ရေးလိုက်ရတာပါ။
ကျနော်ကတော့ သာမန်အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးပါ။ တိုင်းအဆင့်၊ ဗဟိုဦးစီးအဆင့်ရှိသူ မဟုတ်သော် လည်း အန်အယ်လ်ဒီအပေါ် စိတ်ဝင်စားသူ၊ အန်အယ်လ်ဒီခေါင်းဆောင်များအပေါ် လေးစားယုံကြည်သူတဦး ဖြစ်ပါတယ်။ မြင့်မိုရ်တောင်ကြီးကို လှမ်းပြီး ဆီးစေ့နဲ့ ပေါက်တယ်လို့ မယူဆစေချင်ပါ။
ကျနော်ပြောချင်တာကတော့ ဦးဆွေတို့ အန်အယ်လ်ဒီက ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ နအဖစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြေညာစာအမှတ် ၁/၂၀၁၀၊ ၂/၂၀၁၀၊ ၃/၂၀၁၀၊ ၄/၂၀၁၀ စတဲ့) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ မတူညီမှု၊ ၀ိရောဓိဖြစ်မှုများအပေါ် ပြောချင်တာပါ။
ရှေးဦးစွာ ဦးဆွေတို့ အန်အယ်လ်ဒီက ထုတ်ပြန်လိုက်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကိစ္စ။ ယနေ့ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် ဖြတ်သန်းမှုတခုအပေါ်မှာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ နအဖ စစ်အစိုးရဘက်ကရော၊ ပြည်တွင်းပြည်ပ အတိုက်အခံ ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းအားလုံးကပါ အလေးအနက်ထား စဉ်းစားစရာတခု ဖြစ်သလို အတိုက်အခံ အဖွဲ့အစည်းအားလုံးက ထောက်ခံခဲ့ကြတဲ့ ကြေညာစာတမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးလောကကြီးတခုလုံးကို တုန်လှုပ်ချောက်ချားသွားအောင် ကိုင်လှုပ်နိုင်စွမ်း ရှိခဲ့ပါတယ်။ အဲဒီအထင်ကရ ကြီးကျယ်လှတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကြီးကို ပြုစု ရေးသားခဲ့သူ ဦးဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ကိုလည်းကောင်း၊ ၀ိုင်းဝန်းဖြည့်စွက်အကြံပေးခဲ့သူ ဦးစိန်လှဦးကို လည်းကောင်း၊ အထူးကျေးဇူးတင်ရှိရုံတင်မက ပို၍ပင် လေးစားယုံကြည်မိပါတယ်။
ဦးဆွေရဲ့ အင်တာဗျူးထဲက “နိုင်ငံရေးတာဝန်တွေကို ကျနော်တို့ ဆက်ပြီးယူသွားမှာပါ” ဆိုတဲ့ စကားကို အရင်သုံးသပ်ကြည့်ရအောင်။ ဦးဆွေရဲ့ “မေလ (၆) ရက် ကျော်တဲ့အထိ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သစ္စာခံတဲ့အတွက် ဘာကိုမှ ပြောဦးမှာမဟုတ်ပါဘူး” ဆိုတဲ့ စကားဟာ အချိန်အတိုင်းအတာတခုကို ရောက်ရင် သစ္စာမခံတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်စေပါတယ်။ စိတ်မကောင်းပါ။ ဒါဟာ ပရိယာယ်ပါတဲ့၊ စကားလုံးကုလားဖန်ထိုးပြီး အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် တချိန်ကျရင် သစ္စာဖောက်မယ်၊ လမ်းခွဲမယ်ဆိုတဲ့ အယူအဆတခုကို ဖော်ထုတ်လိုက်တာပါပဲ။
နောက် ဦးဆွေက အခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြတ်သားကြရမှာပဲ။ ဘာကို ပြတ်သားရမှာလဲ။ အခြေခံဥပဒေကြီးကို မချစ်သော်လည်း အောင့်ကာနမ်းနေရမှာလား။ မကြိုက်သော်လည်း သည်းခံခေါင်းညိတ်လိုက်နေရမှာလား။ ဒါဟာေ၀၀ါးတွေဝေစေတဲ့ မပြတ်သားတဲ့ ဆင်ခြေတွေပဲ။ နောက် လွှတ်တော်ထဲမှာ ပြင်ဆင်လို့ရမှာ … တဲ့။ တော်တော် ဟာသပြက်လုံး ပြောတတ်တဲ့သူပါလား။
ပါတီမှတ်ပုံတင်/ရွေးကောက်ပွဲဝင်ကတည်းက အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုတဲ့ ၀န်ခံကတိတွေနဲ့ လက်မှတ်ထိုးဝင်လာကြရတာ။ လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပဲရှိတယ်။ ပြင်ဆင်ဖြည့်စွက်ဖို့ တာဝန်မရှိဘူးဆိုပြီး ပါးစပ်ပိတ်ထားရမှာ။
နောက် အခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင်တောင် (၇၅) ရာခိုင်နှုန်းကျော်မှတဲ့။ (၇၆) ရာခိုင်နှုန်းဖြစ်ဖို့ဆိုတာ အက္ခရာသင်္ချာနည်းနဲ့ပဲ တွက်တွက်၊ ဟူးရားဗေဒင်နက္ခတ်နည်းနဲ့ပဲ တွက်တွက် ဝေးသထက်ဝေးပါသေးတယ် ဦးဆွေ။ တပ်မတော်ရဲ့ ရာသက်ပန် စစ်အုပ်ချုပ်ရေး ဦးစားပေးအလေးထား ရေးဆွဲထားတဲ့ ဥပဒေ။ ဘယ်တော့မှ ပြင်ခွင့်ပေးမှာမဟုတ်၊ ပေးလိုက်တာနဲ့ သူတို့ဘ၀ပျက်မယ်၊ ဒါကို သိထားတဲ့အတွက် ပြင်မရအောင် အပိုင်ချုပ်ထားတာ။ လွှတ်တော်တွေမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားပြီးတဲ့အပြင် စစ်တပ်ရဲ့ လက်ရုန်းတပ်သား အရံကိုယ်စားလှယ်တွေ၊ ကျွေးမွေးထောက်ပံ့ထားတဲ့ ဒူးမနာသား ကိုယ်စားလှယ်တွေက အနည်းဆုံး (၁၀) ကနေ (၂၀) ရာခိုင်နှုန်းအထိ ရှိနေဦးမယ်ဆိုတာ ဦးဆွေ သိထားဖို့ ကောင်းပါတယ်။
ဦးဆွေတို့ နှလုံးသားထဲက သွေးနဲ့ရေးခဲ့ရတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်တွေဖြစ်တဲ့ …
(က) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင် …
(ခ) အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင် …
(၈) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် … စတဲ့ တောင်းဆိုချက်တွေကို နအဖစစ်အစိုးရက ဘာမှလိုက်လျောခြင်းမရှိ၊ တွေ့ဆုံဆွေးနွေးခြင်းမရှိဘဲ တဖက်သတ် ရွေးကောက်ပွဲကျင်းပဖြစ်မှာကို ဘာကြောင့် ဒူးထောက်လက်မြှောက် အညံ့ခံ ခေါင်းလျှိုဝင်ပြီး မှတ်ပုံတင်ရန် သဘောထား ရှိနေရတာလဲဆိုတာ ကျနော်စဉ်းစားလို့မရဘူး။ အင်း … တခုတော့ စဉ်းစားမိတယ်။ ကြောက်ရောဂါ … ကြောက်ရောဂါပဲထင်တယ်။
အန်အယ်လ်ဒီက အကျဉ်းကျခံနေရတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားပါတီဝင် ရဲဘော်ရဲဘက်တွေကို အန်အယ်လ်ဒီအဖွဲ့မှ ထုတ်ပယ်ပစ်ရမယ်ဆိုတဲ့အချက်က ကိုယ့်ခေါင်းဆောင်နဲ့ ကိုယ့်သေတူရှင်ဘက် ရဲဘော်တွေရဲ့ မျက်နှာကိုမှမထောက်ထားဘဲ ပါတီ မှတ်ပုံတင် ၀ံ့ရဲတဲ့ ဦးဆွေတို့ရဲ့စိတ်ဓာတ်၊ နိုင်ငံရေးအမြင်ကို နားမလည်နိုင်၊ အံ့သြမကုန်နိုင်ပါ။
၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နှင့် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးများ ပျက်ပြယ်သွားပြီဆိုတဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁၆) အပိုဒ် (၉၁) (က) နှင့် (ခ) အရ ဦးဆွေတို့ သဘောတူလက်ခံလိုက်ပြီလား။ ဒါတွေကို လက်ခံပြီး ပါတီအသစ်မှတ်ပုံတင်လိုက်ရင်တော့ ဦးဆွေတို့ဟာ ၉၀ ပြည့်နှစ်က (၈၂) ရာခိုင်နှုန်းကျော် ထောက်ခံမဲပေးထားတဲ့ ပြည်သူ့ဆန္ဒ သဘောထားတွေကို မျက်ကွယ်ပြု သစ္စာဖောက်တာလို့ပဲ ပြောပါရစေ။
“လွှတ်တော်ထဲမှာ တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ရနိုင်သလောက် ၀င်ထား ဖို့လိုတယ်။ ဒါမှ ရှေ့နိုင်ငံရေးခရီးကို သွားလို့ရမယ်” လို့ ဦးဆွေက ပြောတယ်။ ကောင်းပြီ။ အခု ရွေးကောက်ပွဲဝင်ကြဖို့ မှတ်ပုံတင်ကြတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကို ကြည့်ရင် အများအားဖြင့် နအဖစစ်အစိုးရနဲ့ ပလဲနံပသင့်နေကြတဲ့ အဖွဲ့အစည်းတွေပါမယ်။ နအဖက ကျွေးမွေးစောင့်ရှောက် ထောက်ပံ့ထားတဲ့ အဖွဲ့အစည်းတွေပါမယ်။ အတိုက်အခံအဖွဲ့အစည်းပါတီဆိုတာ ခပ်ရှားရှားပဲ။ အဲဒီလို အင်အားစုတွေက လွှတ်တော်ထဲမှာ နေရာရထားကြရင်ပဲဖြစ်ဖြစ်၊ အတိုက်အခံအဖွဲ့အစည်း၊ တိုင်းရင်းသား အဖွဲ့အစည်းတွေလည်း နေရာရထားရင်ပဲဖြစ်ဖြစ်၊ တကယ်တော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အုတ်နံရံလှောင်အိမ်ထဲမှာ အပိတ်ခံနေရမယ့် သတ္တ၀ါလေးတွေ ဖြစ်နေမှာသေချာတယ်။
မျက်လုံးသူငယ် ယောင်လည်လည်နဲ့ စစ်ဗိုလ်ချုပ်ကြီးများရဲ့ မျက်လုံးစိမ်းစိမ်းအောက်မှာ ကျားရှေ့ချော်လဲတဲ့ သားသမင်လို အလွန်သနားစရာကောင်းတဲ့ ဘ၀မျိုးကို တွေ့ရတော့မှာပါ ဦးဆွေရေ။
ဦးဆွေက “နိုင်ငံရေးပါတီကြီးတခုအနေနဲ့က နိုင်ငံရေးလုပ်ငန်းတွေကို မလုပ်တော့ဘဲ လူမှုရေး လုပ်ငန်းတွေ ကိုပဲ လုပ်တော့မယ်ဆိုရင် ကျနော့်အနေနဲ့ လက်မခံပါဘူး။ အဖွဲ့ထဲမှာလည်း ကျနော် လက်မခံကြောင်း အတိအလင်း ရှင်းပြပြီးပါပြီ” တဲ့။
ဦးဆွေရေ … ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းနဲ့တဆင့် မှာကြားလိုက်တဲ့ အဖွဲ့ချုပ်ဆိုင်းဘုတ်နဲ့ အလံကို မဖြုတ်ပါနဲ့၊ လူမှုရေးကိစ္စတွေပဲ ဆက်လုပ်ပါလို့ ပြောလိုက်တာကိုတော့ လက်ခံလိမ့်မယ် ထင်ပါတယ်။ တကယ်တော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး စတဲ့ လူမှုရေးလုပ်ငန်းကိစ္စတွေဟာ နိုင်ငံရေး လုပ်ငန်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ် ဦးဆွေ။
ယနေ့ အန်အယ်လ်ဒီအဖွဲ့ချုပ်ဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ထိခဲ့ရတဲ့ ကျေးရွာတွေက သောက်ရေ အခက်အခဲကို ရေတွင်း/ရေကန်တူး ကူညီပေးတယ်။ ကျန်းမာရေးအရ HIV/AIDS ရောဂါရှိသူများကို ဆေးဝါးကုသမှုကအစ ကူညီစောင့်ရှောက်ပေးတယ်။ အကျဉ်းကျ နိုင်ငံရေးသမားများရဲ့ မိသားစုကိစ္စ၊ ပညာရေး ကိစ္စများကိုလည်း တတ်နိုင်သလောက် လစဉ်ထောက်ပံ့ကူညီပေးတယ်။ သာရေး၊ နာရေးကိစ္စ တွေမှာလည်း အချင်းချင်း ရိုင်းပင်းကူညီကြတယ်။ ဒါတွေဟာ လူမှုရေးကိစ္စဖြစ်သလို နိုင်ငံရေးကိစ္စလည်း ဖြစ်တယ်။
နောက်ဆုံး ဦးဆွေကို ပြောချင်တာကတော့ …
(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းကျပါတီဝင် ရဲဘော်တွေကို ပါတီက ထုတ်ပယ်ပြီး ပါတီမှတ်ပုံတင် ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားကြတဲ့ ဦးဆွေနဲ့ ရောင်းရင်းများ၊
(၂) မိမိလက်နဲ့ရေးထားတာကို ခြေနဲ့ဖျက်၊ ကိုယ်ဖော်တဲ့ဆေး ကိုယ်မသောက်ရဲ၊ ကိုယ်ထွေးပြီး တံတွေး ကိုယ်ပြန်မျိုချ၊ ကိုယ့်စာတမ်းကို ကိုယ်အလေးမထား၊ ရွေးကောက်ပွဲ နွားတင်းကုပ်ထဲ ခွေးတိုးပေါက်မှ ၀င်ကြမယ့် ဦးဆွေနဲ့ အပေါင်းအသင်းများ၊
(၃) ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အပယ်ဖျက်ခံ၊ ပြည်သူတွေရဲ့ သဘောထားဆန္ဒကို ဥပေက္ခာပြုပြီး ရွေးကောက်ပွဲကိုဝင်ဖို့ မှတ်ပုံတင်ကြမယ့် ဦးဆွေနဲ့ အသိုင်းအ၀ိုင်းများ၊
(၄) ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်ခြင်းမရှိဘဲ နအဖအလိုတော်ကျ လက်ကိုင်တုတ်များ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို မတရားမှန်းသိလျက် အညံ့ခံ ဒူးထောက်လက်မြှောက်ပြီး ရွေးကောက်ပွဲဝင်ကြမယ့် ဦးဆွေနဲ့ သူရဲဘောကြောင်သူများ ပြန်စဉ်းစားရင် အချိန်မီပါသေးတယ်။
ဒီလိုမှမဟုတ်ဘဲ စစ်အာဏာရှင်များနဲ့အတူ အသူတရာနက်တဲ့ ချောက်ထဲ ခုန်ဆင်းသွားကြမယ်ဆိုရင် တကယ်ပြောင်မြောက်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကြီးကို ရေးဆွဲပြုစုခဲ့ကြတဲ့ ဦးဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးစိန်လှဦးနဲ့တကွ ခင်ဗျားတို့ အသိုင်းအ၀ိုင်းကို တောင်ပို့မှန်းသိနေပြီမို့ ရှေ့က ကျနော် လေးစား ယုံကြည်ခဲ့တာတွေကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ဦးဆွေခင်ဗျား …
ကျနော်တို့ အန်အယ်လ်ဒီက ဆိုင်းဘုတ်ဖြုတ်၊ အလံချခံခဲ့ရင်တောင် ပြည်သူကြားမှာ အမှန်ရှာရင်း နိုင်ငံရေး အဓိက အစိတ်အပိုင်းတခုဖြစ်တဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ လူမှုရေးလုပ်ငန်းများကိုတော့ နိုင်ငံရေး အသိစိတ်နဲ့ ဆက်လက် ဆောင်ရွက်သွားကြမှာပါ။ ပြည်သူရှိရင် အန်အယ်လ်ဒီ ရှိနေမယ်။ အန်အယ်လ်ဒီ ရှိနေရင် ပြည်သူရှိနေမယ်။
လွှတ်တော်ထဲ ရောက်ကြမယ့် ဦးဆွေတို့လို လွှတ်တော်အမတ်များသာ ရုပ်သေးရုပ်အမတ်များ မဖြစ်ကြ ပါစေနဲ့လို့ မေတ္တာနဲ့ ဆုတောင်းလိုက်ပါတယ်ခင်ဗျား။ ။

No comments:

Post a Comment