7.24.2010

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ ဗာဂျီးနီးယား ပြည်နယ်ရဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် Jim Webbကပါ ထောက်ခံသဖြင့် စစ်ခွေးတွေကို ဒဏ်ခတ်မှု သက်တမ်းတိုးရေး အထက်လွှတ်တော် အတည်ပြု


လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူတဲ့ ဥပဒေတရပ်ကို မနေ့က အမေရိကန် အထက်လွှတ်တော်မှာ ထောက်ခံမဲ ၉၉ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ ထောက်ခံ အတည်ပြုခဲ့ကြပါတယ်။ အမေရိကန် သမ္မတ ဘရက် အိုဘားမား လက်မှတ်ရေးထိုးပြီးရင်တော့ ဒီဥပဒေကို တရားဝင် သက်တမ်းတိုးနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့် ဒီဥပဒေကို ခုလို သက်တမ်းတိုးလိုက်တာပါလဲ၊ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျနဲ့ နှစ်ပေါင်းများစွာ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရကို ဒဏ်ခတ်တဲ့အနေနဲ့ ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ အထက်လွှတ်တော်က တခဲနက် ထောက်ခံ အတည်ပြုခဲ့ကြတာပါ။
မြန်မာစစ်အစိုးရ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲတွေဟာ တရားမျှတ လွတ်လပ်ပြီး အများ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှာ မဟုတ်တဲ့အတွက် ဒီ အတုအယောင် ရွေးကောက်ပွဲတွေကို လက်မခံဘူးဆိုတာကို အမေရိကန်ပြည်ထောင်စုက ပြသ တဲ့အနေနဲ့ ခုလို စီးပွားရေးဒဏ်ခတ်မှုဥပဒေ သက်တမ်းတိုးဖို့ အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ ဒီဥပဒေ ချမှတ်နိုင်ရေး အဓိက ကြိုးပမ်းခဲ့သူ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲလ် (Mitch McConnell) က မနေ့က အထက်လွှတ်တော်မှာ အခုလို ပြောသွားခဲ့ပါတယ်။
“နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရဟာ အဓိပ္ပာယ်မရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် ရေးဆွဲအတည်ပြုပြီး အတုအယောင် ရွေးကောက်ပွဲတွေကျင်းပဖို့ ဆက်ပြီး ကြိုးစား နေတုန်းပါပဲ။ ဒီရွေးကောက်ပွဲတွေကို ဘယ်လိုအချိန်မှာပဲ ကျင်းပကျင်းပ သံသယဖြစ်စရာ အကြောင်း တချို့ကတော့ ရှိနေပါတယ်။ ပထမအချက်ကတော့ ဒီမိုကရေစီခေါင်းဆောင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ထိန်းသိမ်းထားတဲ့ကိစ္စပါ။ အခု ဖွဲ့စည်းအုပ်ချုပ်ပုံသစ်အောက်မှာ ဘယ်လို အစိုးရမျိုးမှာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လှုပ်ရှားနိုင်ခွင့် မရှိအောင် မြန်မာ စစ်ခေါင်းဆောင်တွေက တားမြစ်ထားပါတယ်။ ဒုတိယအချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းတွေ လှုပ်ရှားလို့မရအောင် ကန့်သတ်ထားတဲ့ကိစ္စပါ။ နောက် တတိယအချက်ကတော့ စစ်အစိုးရ လက်ကိုင် ရွေးကောက်ပွဲကော်မရှင်ကနေ မကြာသေးခင်တုန်းကပဲ ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အဓိပ္ပာယ်မဲ့တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တာပါ။ ဥပမာ - ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့ လူထုစုဝေးမှုတွေ လုပ်တာ၊ အလံ လွှင့်ထူကိုင်ဆောင်တာ၊ ကြွေးကြော်သံ တိုင်တာတွေ ကို သူတို့က ကန့်ကွက်ထားတာမျိုးတွေပါ။”
ရွေးကောက်ပွဲမတိုင်ခင် သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မတွေ့ရသလို နောက်ပိုင်းမှာ အခုထက်ပိုပြီး လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ မြန်မာစစ်အစိုးရဘက်က လုပ်လာနိုင်ဖွယ်ရှိတာကလဲ စိုးရိမ်စရာ အခြေအနေမှာဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲလ်က ပြောသွားခဲ့ပါတယ်။
“မြောက်ကိုရီးယားကနေ တရားမ၀င် လက်နက်တွေ သယ်ယူခဲ့တယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေ အပါအ၀င် မြောက်ကိုရီယားနဲ့ မြန်မာနိုင်ငံတို့အကြား ဆက်သွယ်မှုတွေ လုပ်နေတဲ့အကြောင်းတွေကို ပြီးခဲ့တဲ့ လပိုင်းတွေထဲကစပြီး သတင်းတွေ ထွက်နေခဲ့တာပါ။”
ဒီလို အခြေအနေတွေကြောင့် အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရဖို့ မြန်မာစစ်အစိုးရ လိုချင်တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုက ဘယ်လိုမှ အသိအမှတ် မပြုသင့်ဘူးလို့လဲ သူက ပြောပါတယ်။
မကြာခင်မှာ မြန်မာနိုင်ငံကို ခုလို စီးပွားရေးအရ ဒဏ်ခတ်မှုတွေ လုပ်စရာ မလိုတော့မယ့် အချိန်တခု ရောက်လာဖို့ မျှော်လင့်တဲ့အကြောင်းလဲ မစ္စတာ မက် ကောနဲလ် က ပြောခဲ့ပါတယ်။
“မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူစရာ မလိုတော့မယ့်အချိန်တခု မကြာခင်မှာ ရောက်လာဖို့ ကျနော် မျှော်လင့်ပါ တယ်။ ၁၉၉၀ ပြည့်လွန် အစပိုင်းနှစ်တွေက တောင်အာဖရိကနိုင်ငံမှာ ဖြစ်ခဲ့သလိုမျိုး မြန်မာနိုင်ငံသားတွေလဲ အစိုးရရဲ့ ဖိနှိပ်မှုတွေအောက်က လွန်မြောက်ပြီး လွတ်လပ်ခြင်း အရသာကို ခံစားကြရမှာပါ။ ဒါပေမဲ့ မကြာသေးခင်အချိန်တွေအထိ ဖြစ်ပျက်နေတာတွေကို ကြည့်မယ်ဆိုရင်တော့ မြန်မာစစ်အစိုးရဟာ အာဏာကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်နေတုန်းပဲ ဖြစ်သလို အမေရိကန်အစိုးရရဲ့ ရည်ရွယ်ချက်တွေကို အန္တရာယ်ပြုတဲ့ နိုင်ငံခြားရေးမူဝါဒတွေကိုလဲ ချမှတ်ဆောင်ရွက်နေတုန်းပါပဲ။”
Kentucky ပြည်နယ်ရဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် အထက် လွှတ်တော်မှာ မနေ့က ပြောသွားခဲ့တာပါ။
မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအက် လို့ခေါ်တဲ့ မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်တဲ့ ဥပဒေကို အမေရိကန်ပြည်ထောင်စုမှာ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားခဲ့အပြီး မြန်မာစစ်အစိုးရကို ပိုပြီးတော့ ပြင်းထန်တဲ့ ဖိအားပေးတဲ့အနေနဲ့ ၂၀၀၃ ခုနှစ်ကစပြီး ဒီဥပဒေကို ပြဌာန်းခဲ့တာပါ။
ဒီဥပဒေထဲမှာတော့ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို တားမြစ်တာ၊ မြန်မာ စစ်အစိုးရအနေနဲ့ နိုင်ငံတကာ ငွေကြေးဘဏ်တွေကနေ ချေးငွေနဲ့ တခြား အထောက်အပံ့တွေ မယူ နိုင်အောင် ပိတ်ပင်တာ၊ အမေရိကန် ဘဏ်တွေနဲ့ပတ်သက်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ အပြင် စစ်အစိုးရနဲ့ သူ့တို့ မိသားစုတွေကို အမေရိကန် နိုင်ငံထဲ ၀င်ရောက်ခွင့်ဗီဇာ ပိတ်ပင်တာတွေ ပါဝင်ပါတယ်။
အခုလို မြန်မာစစ်အစိုးရကို စီးပွားရေးအရ ပြင်းပြင်းထန်ထန် ပိတ်ဆို့ ဒဏ်ခတ်တဲ့ ဒီဥပဒေကို သက်တမ်းတိုးဖို့ ထောက်ခံခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံကို ဒဏ်ခတ်မှုတွေ အလုပ်မဖြစ်ဘူးလို့ အရင်က ဝေဖန်ပြောဆိုခဲ့ပြီးတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ ဗာဂျီးနီးယားပြည်နယ်ရဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် Jim Webb လဲ ပါဝင်ပါတယ်။
ခုလို မြန်မာစစ်အစိုးရကို ဒဏ်ခတ်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အထက်လွှတ်တော်မှာ တခဲနက် ထောက်ခံခဲ့တာကို အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့နဲ့အတူ မြန်မာ့ အရေးလှုပ်ရှားသူတွေကလဲ ကြိုဆိုခဲ့ကြပါတယ်။ 
(သတင်း Baymyanmar.com မှ)

No comments:

Post a Comment