9.01.2010

ချိုကုပ်ဒူးခေါင်ချုပ်ချုပ်ကြီး

Share/Save/Bookmark “၀ုန်း … ဂျူံး … ဖွတ် … ဖွတ် … ဖွတ် …”
အသံမှာကား အင်ဂျင်ကျနေသော ကားစုတ်တစီး မောင်းလာသော အသံနှင့် တူလှသည်။ သို့သော် မဟုတ်ချေ…။
အမှန်မူကား … မီးခိုးငွေ့များကြားမှ ဦးရုက္ခစိုး နတ်တန်ခိုးဖြင့် ထွက်လာခြင်းဖြစ်လေသည်။ ဦးရုက္ခစိုး ရောက်သွားသည့် နေရာကား … နေပြည်တော်ရှိ ရုံးခန်းတခု အ၀င်ဝတွင် ဖြစ်၏။
yokekasoeအထဲသို့ ဦးရုက္ခစိုး အသာလေး ချောင်းကြည့်လိုက်ရာ ခါတိုင်းနှင့်မူကွဲ စွတ်ကျယ်ဝတ် ချိုကုပ်ဒူးကြီး အလုပ်ရှုပ် နေသည်ကို  တွေ့လိုက်ရသည်။ အခန်းထဲတွင် ချိုပြုတ် ကတော်များက အော်ကြီး ဟစ်ကျယ် ငိုသူကငို၊ သတိလစ်သူကလစ်၊ ၀မ်းလျား မှောက်သူက မှောက်၊ ချိုကုပ်ဒူးကြီး၏ ခြေသလုံးကို ဖက်၍ အမျိုးမျိုး အဖုံဖုံ တောင်းပန်သူက တောင်းပန်နှင့် ဖြစ်ချင်တိုင်း ဖြစ်နေကြ သည်။
“သူများ ယောက်က်ျား …. ဘာအပြစ်များ လုပ်မိလို့လဲ တော့ ... အဟင့် … အဟင့် … အဟင့် … ဟီး”
ဦးရုက္ခစိုး ရောက်နေသည်ကို မည်သူမျှ သိပုံမရ။ ထို့ကြောင့် ချိုကုပ်ဒူးကြီး မြင်စေခြင်း အလို့ငှာ ကိုယ်ထင် ပြရလေတော့သည်။
ချိုကုပ်။     ။ ဟာ ... ဦးရုက္ခစိုးပါလား။ အမောတကောနဲ့  မျက်နှာမှာလည်း ချွေးတွေရွှဲလို့၊ ဘယ်လို ဖြစ်လာ တာလဲ။
ရုက္ခစိုး။     ။ ချင်းမိုင် ရေချိုးခန်းကပြန်လာတာလေ။ အဲလေယောင်လို့။ နေပြည်တော်မှာ ပွက်လော ရိုက်နေတယ် ကြားလို့ လာကြည့်တာလေ။ ဖိုးရှုပ်နဲ့ ကြွက်စုတ် တို့တောင် ဆိုက်ရောက်ဗီဇာ မရလို့ လေယာဉ်ကွင်းက ပြန်လစ်သွားကြတယ်။ ကျုပ်ကတော့ အဲကွန်းပျက်နေတဲ့ လိုင်းကားစီးလာရတာဆိုတော့ ချွေးတွေနဲ့ ရွှဲနေတာပေါ့ဗျာ။
ချိုကုပ်။     ။ နတ်တို့ရဲ့ တန်ခိုး ... အင်နာဂျီနဲ့ လာတာ မဟုတ်ဘူးလား။
ရုက္ခစိုး။     ။ အဲဒီ အင်နာဂျီက နေရာတိုင်းမှာ သုံးလို့မရဘူးလေ။ တခါတလေ စွမ်းအင်ချွေတာရေး အနေနဲ့ လိုင်းကားစီးသင့် စီးရတာပဲ။
ချိုကုပ်။     ။ ဦးရုက္ခစိုးက ကျုပ်ရဲ့ ဆီကျူရတီကို လျှော့တွက်တယ်ထင်ပါ့။ ခုတလောမှာ နေပြည်တော်တွင်း လုံခြုံရေး အပြည့်ချထားတာ၊ ဘယ်ခွေးတိုးပေါက်က ဝင်လာလို့ ခုလို ကျုပ်ရုံးခန်းထိ ရောက်လာတာလဲဗျ။
ရုက္ခစိုး။     ။ ခွေးတိုးပေါက် မလိုပါဘူးဗျာ။ နေပြည်တော်တခွင်လုံး စိမ်းစိမ်း စိမ်းစိမ်းနဲ့ဟာ … ကျုပ်လည်း စိမ်းစိမ်း စိမ်းစိမ်း လုပ်လိုက်တာပေါ့၊ လွယ်ပါတယ်။
ဦးရုက္ခစိုးက ပြောရင်း ချိုကုပ်ဒူးကြီးကို သေချာကြည့်လိုက်သည်။
ရုက္ခစိုး။     ။ အမယ်၊ ချိုကုပ်ဒူးကြီးက စွတ်ကျယ်ကြီးနဲ့ပါလား။ အဲဒါကြောင့် အမြင်ဆန်းနေတာပဲ အောက်မေ့တာ။  ဟို … ပြောင်တောင်တောင် ... လေးတေးတေးနဲ့ ရင်ဘတ်မှာ ကိုယ့်ဟာကိုယ် ဆွဲချင်ရာဆွဲထားတဲ့ အင်္ကျီနဲ့ ဘောင်းဘီရော ဘယ်ရောက်သွားပြီလဲ။
ချိုကုပ်။     ။ ဦးရုက္ခစိုးတို့တော့ ခေတ်နောက်ကျပြီ။ ကျုပ် ဘောင်းဘီချွတ်လိုက်ပြီဗျ။
ရုက္ခစိုး။     ။ ဟာဗျာ … ခွေးတစီစီနဲ့ … ရွံစရာကြီး ဖြစ်နေတော့မှာပဲ။
ချိုကုပ်။     ။ ပေါက်တတ်ကရက ပြောပြီ။ ကျုပ်ဘောင်းဘီချွတ်တယ်ဆိုတာ ဟိုလို ချွတ်တာ မဟုတ်ဘူး ဒီလိုချွတ်တာ။ အာ ယောင်ကုန်ပြီ … ပုဆိုး ပြောင်းဝတ်မလို့ဗျ။
ရုက္ခစိုး။     ။ ဦးနေပြင်းကို အတုခိုးတာထင်တယ် ဟုတ်လား။ ဟိုက တကယ့်ဆရာကြီးနော်။ သူ့လို လျှောက်လုပ်လို့ မပိုင်ဘဲနဲ့ ဘောင်းဘီလည်း မဝတ်ရ၊ ပုဆိုးလည်း မဝတ်ရဘဲ လန်ကွတ်တီလေးနဲ့ ဖြစ်နေဦးမယ်။
ချိုကုပ်။     ။ ကျုပ်က ချိုကုပ်ဒူးကြီးပါဗျ … တကုပ်တည်းရှိတဲ့ ရာသက်ပန်ကုပ် … မပိုင်ရင် ခြင်တောင် မရိုက်ဘူး။ ဂေါ်ဇီလာနဲ့ အိပ်လိုက်မှာ။
ရုက္ခစိုး။     ။ အမယ် … တယ်ဆိုတဲ့ စာပါလား။ ဘယ်လိုအကွက်တွေ ရွှေ့ပြန်ပြီလဲ။ လုပ်စမ်းပါဦး။ ကြည့်ရတာ သမ္မတ တက်လုပ်မယ်ထင်တယ်၊ ဟုတ်စ။
ချိုကုပ်။     ။ ဟဲဟဲ အမှန်အတိုင်း ပြောရရင်တော့ ကျုပ်က လုပ်ချင်တာ လုပ်မှာဗျ။ အခု ဘောင်းဘီချွတ် ပေမယ့် ခဏနေ ပြန်ဝတ်ချင် ဝတ်မှာ။ သမ္မတ လုပ်မှာလားလို့ လူတွေက မေးခွန်းထုတ်ကြမယ်၊ ပြည်ပမီဒီယာတွေက ထင်ကြေးတွေ ပေးကြမယ် … အကုန်လုံး ဗြောင်းသတ်ပြီး ရူးကုန်အောင် ကျုပ်က လုပ်လိုက်တာ။ မိုက်တယ်နော်။
ရုက္ခစိုး။     ။ အင်းလေ၊ အကုန်လုံး ဗြောင်းသတ် ကုန်တာပါပဲ။ တော်ပါပေတယ်။ ဒါနဲ့ တကယ်လို့ ခင်ဗျားက ဘောင်းဘီ ပြန်ဝတ်ရင် ဘာရာထူး ယူမှာလဲ။ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုတိယ ချိုကုပ်ကြီး ကိုယ်ရ မြင့်ပြောင်ကို ပေးလိုက်ပြီဆို။ ဒါဆို သူက ချိုကုပ်ဒူးကြီး ဖြစ်သွားတော့မှာပေါ့။
ချိုကုပ်။     ။ ခက်ပါလား ဦးရုက္ခစိုး။ ချိုကုပ်ဒူးကြီး ဆိုတဲ့ ရာထူးက ဘယ်တုန်းက ပေါ်လာတာလဲ မှတ်မိလား။ အရင်က ရှိလား။
ရုက္ခစိုး။     ။ သိတယ်လေ ...။ ၈၈ နောက်ပိုင်း စစ်အာဏာသိမ်းပြီးမှ ပေါ်လာတာ မဟုတ်လား။ အဲဒီရာထူးက ကမ္ဘာမှာတောင် မရှိဘူး။
ချိုကုပ်။     ။ အဲဒီမှာ ရှင်းနေပြီလေ။ ကာကွယ်ရေးဦးစီးချုပ် ကျုပ်မလုပ်တော့ဘူး၊ ချိုကုပ်ဒူးကြီး ရာထူး ကိုလည်း လွှဲပြောင်းပေးအပ်လိုက်မယ်။
ရုက္ခစိုး။     ။ သဘောထား ကြီးလိုက်တာနော်။
ချိုကုပ်။     ။ စကား မဆုံးသေးဘူးလေဗျာ၊ ကျုပ်က ကာကွယ်ရေးဦးစီးချုပ် ချိုကုပ်ဒူးကြီး ဆိုတဲ့ရာထူးထက် ကြီးတဲ့ ရာထူးတခုကို ဖန်တီးမှာဗျ။
ရုက္ခစိုး။     ။ ဘယ်လို၊ ဘယ်လို … ရှင်းလင်းအောင် လုပ်စမ်းပါဦး။
ချိုကုပ်။     ။ ရှင်းပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ထက် ကြီးတဲ့ ကာကွယ်ရေးဦးစီးချုပ်မှူးကြီး … ချိုကုပ်ဒူးခေါင်ချုပ်ချုပ်ကြီး ဆိုတဲ့ ရာထူးတခု ဖန်တီးလိုက်မယ်။
ရုက္ခစိုး။     ။ ဘာဗျ … ကာကွယ်ရေးဦးစီးခေါင်မှူးချုပ် ချိုကုပ်ဒူးကြီးခေါင် … ဟာ မောလိုက်တာ။
ချိုကုပ်။     ။ မောရမယ် … မောရမယ်။ ကမ္ဘာမှာ ရာထူးအသစ် တီထွင်တဲ့သူ ကျုပ်တယောက်တည်း ရှိတယ်လေ။ မောင်ကွေးကတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ်မှူးကြီး … ဒုတိယ ချိုကုပ်ဒူးခေါင်ချုပ်ကြီးပေါ့။ ကျုပ်တို့အောက်မှာ ချိုကုပ်ဒူးကြီး ကိုယ်ရ မြင့်ပြောင်ရှိမယ်။ ဟဲဟဲ။
“အင်း … သတင်းကြေညာမယ့် သူတွေတော့ သက်လုံကောင်းမှဖြစ်မယ်။ ကြေညာရင်းက မောနေမှာ မြင်ယောင်သေးတော့” ဟု ဦးရုက္ခစိုး စဉ်းစားမိစဉ် “အမယ်မယ် … ဒင်းတို့ကတော့ ချိုကုပ် ဒူးခေါင်ချုပ်ကြီးတွေ လုပ်ကြမယ်ပေါ့။ ကျုပ်ယောက်ျားကိုတော့ ဘောင်းဘီ အတင်းချွတ်ပြီး ပုဆိုး ဝတ်ခိုင်းမယ်ပေါ့ ဟုတ်လား” ဆိုသော အသံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ချိုကုပ်ဒူးကြီးနှင့် ဦးရုက္ခစိုး လန့်သွားသည်။ ထိုသို့ အော်လိုက်သူမှာ ဒေါသအမျက် ချောင်းချောင်းထွက်နေသော ဝန်ကြီးချုပ် ဦးသိန်းဂိန် ကတော် ဖြစ်နေသည်။
ရုက္ခစိုး။     ။ နေပြည်တော်မှာလည်း ပုဆိုးဝတ်ရတဲ့ ချိုကုပ်တွေက မကျေနပ်ကြဘူး ထင်တယ်နော် ချိုကုပ်ဒူးကြီး။ ဘယ်လို လုပ်မလဲ။ ချိုကုပ် ကတော်တွေက ပိုဆိုးပုံရတယ်။
ချိုကုပ်။     ။ နောက်ကျရင်တော့ ရှင်းသွားမှာပါ။ သူတို့ကို ပြောထားပြီးသားပဲ ...။ တပ်ထဲ တခါဝင်ဖူးတဲ့သူဟာ တသက်လုံး တပ်သားပဲလို့။ ဒီစကားကို သူတို့ ယုံကြမှာပါ။ ဟဲဟဲ။
ထိုစဉ် “ဝုန်း” ဆိုသော အသံကြီးနှင့်အတူ အခန်းထဲသို့ အထုပ်ကြီးတထုပ် ကျလာသည်။ နောက်ထပ် “ဝုန်း” ဆိုသော အသံကြီးနှင့် ဝင်လာသည့် အထုပ်ကြီးမှာ ချိုကုပ်ဒူးကြီး ထိပ်တည့်တည့်သို့ “ဖုန်း” ခနဲ လာမှန်သည်။ ကြည့်လိုက်တော့ ထဘီ ထုပ်ကြီးများ ဖြစ်နေသည်။ ရုံးခန်းရှေ့တွင် ဒေါသတကြီး လက်သီးလက်မောင်းတန်းနေကြသော ချိုပြုတ်ကတော်များ ပစ်လွှတ်လိုက်ခြင်းဖြစ်၏။
“ကျုပ်တို့ ယောက်ျားတွေကို ခုချက်ချင်း ချိုကုပ် ပြန်လုပ်ပေး။ တရားမျှတမှုရှိပါ။ ခွဲခြားဆက်ဆံခြင်း အလိုမရှိ” အစရှိသဖြင့် အော်ရင်း မကျေနပ်သည့် ချိုပြုတ်ကတော်များမှာ ရရာ လက်နက်ဖြစ်သော ထဘီထုပ်၊ ဒန်အိုး၊ ဒန်ခွက်၊ ဇွန်း၊ ယောက်မ များဖြင့် ချိုကုပ်ဒူးကြီးထံ ပစ်လွှတ်နေကြသည်။ ချိုကုပ်ဟောင်း ကတော်များ ဖြစ်သောကြောင့် လက်လည်းတည့်ကြသည်။
ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဦးရုက္ခစိုး ကြီးမှာတော့ ဒန်အိုး၊ ဒန်ခွက်၊ ထဘီထုပ်များ ဝဲပျံလာသည်ကို ရှောင်ရှားရင်း လက်ကျန် အင်နာဂျီလေးကို ထုတ်သုံး၍ အမြန်မနှေး ကိုယ်ယောင်ကိုယ်ဝါ ဖျောက်ကာ ထွက်ပြေးခဲ့ရလေတော့၏။     ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

No comments:

Post a Comment