11.22.2010

NLD ၏ လျှောက်ထားချက်ကို နေပြည်တော်ရှိ ဗဟိုတရားရုံးချုပ် ပယ်ချ

ရန်ကုန် နိုဝင်ဘာ ၂၂ ။
နေပြည်တော်ရှိ ဗဟိုတရားရုံချုပ်က NLD မှ ပါတီဖျက်သိမ်းသည့် ရွေးကောက်ပွဲ ကော်မရှင်၏ ကြေငြာချက် အပေါ် ပယ်ဖျက်ပေးရန်အတွက် တရားစွဲဆိုနိုင်ရန် လျှောက်ထားချက်ကို ယနေ့ နံနက်ပိုင်းက ပယ်ချ လိုက်သည်ဟု သိရပါသည်။
ထို့အတွက် ဗဟိုတရားရုံးချုပ်က အကြောင်းပြချက်ပေးရာတွင် NLD ပါတီသည် ၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီးနောက် ပထဦးဆုံးအကြိမ် မှတ်ပုံတင်ခဲ့သော်လည်း နအဖ မှ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေ အရ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်တွင် မတ်လ ၈ ရက်နေ့မှ ၁၆ ရက်နေ့ အထိ နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ရန် ကြေငြာထားသည့်အပေါ် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သည့်အတွက် ပျက်ပြယ်ပြီး ဖြစ်သဖြင့် တရားစွဲဆိုမှုကို ပယ်ချကြောင်း အမိန့် ချမှတ်ခဲ့သည်ဟု ကြေငြာခဲ့ပါသည်။
တရားနည်းလမ်းမကျသော ဥပဒေထုတ်ပြန်ချက်ကို ကန့်ကွက်ရန် တရားစွဲဆိုခဲ့မှု အပေါ် ထိုတရားနည်းလမ်း မကျသော ဥပဒေ၏ ထုတ်ပြန်ချက်အရပင် ပယ်ချခဲ့သည်ဟူသော အမိန့်မှာ သူကြီးကို မကြိုက်၍ မြို့ပိုင်ထံ တရားစွဲသည့် အမှုကို သူကြီး၏ အမိန့်ဖြင့်ပင် ပယ်ချသည်ဟူသော လုပ်ရပ်မျိုးပင်ဖြစ်ပါသည်။
NLD သည် ကိစ္စရပ်အားလုံးတွင် ဥပဒေနည်းလမ်းတကျ ဖြစ်စေရန် ကြိုးစားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်ကို တရားစွဲပြီး နေအိမ်အကျယ်ချုပ်ကျခံစေခဲ့သည့် ဖြစ်ရပ်အပါအဝင် ယခု ပါတီရပ်တည်ရေး ကိစ္စအတွက် တရားစွဲဆိုရန် လျှောက်ထားမှုတွင်လည်း တရားဥပဒေ၏ မျှတသော အခွင့်အရေးကို ခံစား ခဲ့ရခြင်း မရှိခဲ့ပါ။
ထိုကဲ့သို့သော ဖြစ်ရပ်များအတွက် နိုင်ငံတကာနှင့် တရားမျှတမှုကို လိုလားသော လူ့အဖွဲ့အစည်းများက မည်သို့ပင် ကန့်ကွက်စေကာမူ နအဖက ခန့်ထားသော တရားသူကြီးများသည် ဥပဒေများကို မျက်ကွယ်ပြုပြီး နအဖမှ ခိုင်းသည့်အတိုင်း ပေးအပ်လာသည့် အမိန့်စာများကို ဖတ်ကြားပေးခဲ့ကြပါသည်။
ထိုကြောင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနှင့် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုအခြေအနေများကို ကျော်လွှားနိုင်ရေးနှင့် NLD ပါတီ ဆက်လက် ရပ်တည်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရလိမ့်မည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်နေကြပါသည်။
ပြည်တွင်း သတင်းထာက် (ရွှေဝါရောင် သတင်းလွှာ) 

No comments:

Post a Comment