12.19.2010

တရုတ်မှ ကူညီပေးသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း

ရန်ကုန် ဒီဇင်ဘာ ၁၆။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် ပြင်ဦးလွင်မြို့တွင် တည်ဆောက်သည့် မီဂါဝပ် ၇၉၀ ထုတ်လုပ်မည့် ရဲရွာ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို နအဖ ဝန်ကြီးချုပ် သိန်းစိန်က မနေ့က ဖွင့်လှစ်ပေးခဲ့ပါသည်။
ရှမ်းပြည်နယ်ရှိ မြစ်ငယ်ဒေသရှိ ဧရာဝတီ မြစ်လက်တက် တစ်ခုဖြစ်သော ဒုတ္ထဝတီမြစ်ပေါ်တွင် တည်ဆောက်ခဲ့သည့် ရေကာတာသည် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ခန့် ကုန်ကျခဲ့ပြီး ဒေါ်လာ သန်းနှစ်ရာမှာ တရုတ်နိုင်ငံမှ ချေးငှားခဲ့ခြင်း ဖြစ်ပါသည်။ ထိုရေကာတာကို တရုတ် အင်ဂျင်နီယာများ၏ အကူအညီဖြင့် ၂၀၀၁ ခုနှစ် မှ စ၍ ကိုးနှစ်တိုင် တည်ဆောက်ခဲ့ရပါသည်။
ထိုရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲတွင် နအဖ ဝန်ကြီးချုပ်သိန်းစိန်က ဒီနေ့သည့် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူဝမ်းမြောက်စရာ နေ့တစ်နေ့ဟု ဆိုခဲ့ပြီး၊ ရဲရွာ ရေကာတာသည် ပထဦးဆုံး ကွန်ကရစ် အသုံးပြု ရေကာတာ ဖြစ်သလို တစ်ကမ္ဘာလုံးရှိ ကွန်ကရစ် ရေကာတာများတွင် တတိယ အကြီးဆုံး ဖြစ်သည် ဟုလည်း ဆိုခဲ့ပါသည်။ ၄င်းကပင် ဆက်လက်၍ ထို မီဂါဝပ် ၇၉၀ထွက် ရေအားလျှပ်စစ် လုပ်ငန်းမှ ၁၉၇.၅ မီဂါဝပ်ထွက် ဂျင်နရေတာ ၄လုံးကို လည်ပါတ်စေမည် ဖြစ်ပြီး ထိုဂျင်နရေတာ များမှ တနာရီလျှင် ၃၅၅၀ မီလျှံကီလိုဝပ် လျှပ်စစ်ဓါတ်အားကို ထုတ်လွှင့်ပေးမည်ဟု ဆိုပါသည်။ ထို့အပြင် ရဲရွာ ရေအား လျှပ်စစ်လုပ်ငန်းသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဟုလည်း ဆိုပါသည်။
သိန်းစိန်က ဆက်လက်ပြီး ၁၉၈၈ ခုနှစ်နှင့် ယခုအခြေအနေ၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို နှိုင်းယှဉ် ပြောရာတွင် တိုင်းပြည်အနေနှင့် ၁၉၈၈ ခုနှစ်က ၅၂၉ မီဂီဝပ်သာ ထုတ်ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် ကျောက်မီးသွေးဖြင့် လည်ပါတ်သော ဓါတ်အားပေးစက်ရုံ တစ်ခုနှင့် ဂက်စ်ဖြင့် လည်ပါတ်သော ဓါတ်အားပေးစက်ရုံများ၊ ယခု ရဲရွာ အပါအဝင် ဓါတ်အားပေး စက်ရုံများက ယခုအခါ ၃၀၄၅ မီဂါဝပ် ထုတ်လုပ်ပေးနိုင်တော့မည် ဟုဆိုပါသည်။ ထို့အတူ နောက်ထပ် ရေအားလျှပ်စစ် လုပ်ငန်းများ ဆက်လက် ဆောင်ရွက် နေသည်ဟု လည်းပြောခဲ့ပါသည်။
ရဲရွာ ရေအားလျှပ်စစ် တည်ဆောက်ရေး ပညာရှင်များ၏ ပြောပြချက်အရ ထိုရေကာတာသည် ကွန်ကရစ် ရေကာဖြစ်ပြီး ၂၂၆၄ ပေ ရှည်လျှားကာ ၄၃၃ ပေအနက်ရှိပြီး ရေကုဗမီလျှံ ၂.၁၁၄ ကို သိုလှောင် ထားနိုင်မည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံတွင် ထိုရေကာတာ မတိုင်မီက တရုတ် အကူအညီဖြင့် တည်ဆောက်ပြီးစီးခဲ့သော ရေအား လျှပ်စစ်စီမံကိန်းမှာ ပေါင်းလောင်းရေကာတာ စီမံကိန်းဖြစ်ပြီး ပေါင်းလောင်းမြစ်ကို ပိတ်ဆို့ပြီးပြုလုပ်ခဲ့သော ရေကာတာ စီမံကိန်းလည်း ဖြစ်ပါသည်။ ထိုရေအားလျှပ်စစ် စီမံကိန်းတွင် အစိတ်အပိုင်း နှစ်ခု ရှိခဲ့ပြီး အနိမ့်ပိုင်း ပေါင်းလောင်း စီမံချက်သည် မတ်လ ၂၄ ရက်နေ့ ၂၀၀၅ခုနှစ်က ပြီးစီးခဲ့ပြီး လျှပ်စစ်ဓါတ်အား ၁၄၀ မီဂါဝပ် ထုတ်လုပ်နိုင်ခဲ့ပြီး နေပြည်တော်နှင့် အနီးတစ်ဝိုက်ဒေသများကို လျှပ်စစ်ဓါတ်အား ပေးနိုင်ခဲ့ ပါသည်။ အထက်ပိုင်း ပေါင်းလောင်း ရေကာတာမှာမူ နောက်ထပ် မီဂါဝပ် ၁၄၀ ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်နေဆဲ ဖြစ်ပါသည်။
စစ်အုပ်စုသည် တရုတ်နိုင်ငံ၏ အထောက်အပံ့ အကူအညီများဖြင့် ရေကာတာများ တည်ဆောက်နေသည့် ကိစ္စကို မည်သည့် အခါမှ ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း မရှိပါ။
သိန်းစိန်ကမူ ယခုအခါတွင် လျှပ်စစ်ဓါတ်အားများ တိုးမြှင့် ထွက်လာနေသောလည်း ၁၉၈၈ခုနှစ် လူဦးရေ သန်း ၄၀ မှ ယခုအခါ သန်း ၆၀ အထိ တိုးမြှင့်လာနေသဖြင့် မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် လျှပ်စစ်ဓါတ်အား လိုအပ်ချက်များ ရှိနေဦးမည် ဖြစ်သဖြင့် လျှပ်စစ်ဓါတ်အား ဖြတ်တောက်မှုများ ရှိနေဦးမယ် ဟု ဆိုပါသည်။
သူ၏ ပြောကြားချက်များတွင် သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ရောင်းချနေမှုများ၊ ရေးအားလျှပ်စစ်လုပ်ငန်းများမှ ထွက်လာမည့် လျှပ်စစ်ဓါတ်အားများကို ထိုနိုင်ငံများသို့ ပြန်လည် ရောင်းချ သွားမည့် ကိစ္စများကိုမူ ထုတ်ဖေါ်ပြောခဲ့ခြင်း မရှိပါ။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment