12.29.2010

ခေါင်ကယ်ပြန် အလုပ်သမားများ စာရွက်စာတမ်းပြည့်စုံဖို့အတွက် အခက်အခဲကြုံဆဲ

ဒီဇင်ဘာ ၂၉
ထေချာဖန်းနစ်စက်ရုံမှ ယာယီပတ်စပို့ ရရှိလာခဲ့ကြသည့် ရာပေါင်းများစွာသော မြန်မာအလုပ်သမားများ အလုပ်အပြောင်းအရွေ့နှင့် အလုပ်အကိုင်ရှာဖွေရေးတို့တွင် စာရွက်စာတမ်းများ မှန်မှန်ကန်ကန် မရရှိနိုင်သေးသဖြင့် အခက်အခဲရှိနေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ပြောသည်။
ဘန်ကောက်မြို့ စမူပါကန်နှင့် မဟာချိုင်နယ်မြေ အုန်းနွဲ့  အပိုင်တို့မှ မြန်မာအလုပ်သမား ၆၈ ဦးတို့ အလုပ်အပြောင်းအရွေ့ ခက်ခဲနေကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့သို့ အကူအညီ တောင်းခံလာခဲ့သည်။
အုန်းနွဲ့ (ကလေးစားစရာ ဂျယ်လီစက်ရုံ) မှ အလုပ်သမား ကိုအေးကိုက “ကျနော်တို့ကို ခေါင်ကယ်ကို လာပြီးခေါ်တော့ စက်ရုံကိုယ်စားလှယ်လို့ ပြောတယ်။ ဒီရောက်တော့ စက်ရုံက အလုပ်သမား ရှာဖွေရေးအတွက် လွှဲအပ်ထားတဲ့ ပွဲစားဖြစ်နေတယ်။ ခု ကျနော်တို့ ပတ်စပို့တွေ အဲဒီပွဲစား လက်ထဲမှာ ထားရတယ်။ လူတစ်ယောက်ကို တစ်နေ့ ဘတ်၂၀စီ ဖြတ်ခံရတယ်။ အခြားဘာမှန်းမသိတဲ့ ခေါင်းစဉ်တွေနဲ့ အလုပ်သမားတစ်ယောက်ကို ၁၅၀၀ ဘတ်နဲ့ ၁၈၀၀ဘတ်အကြားမှာ ဖြတ်တောက်ခံရပါတယ်။ ဒေချာဖန်းနစ် စက်ရုံတုန်းကလိုပဲ ပြန်ဖြစ်နေတယ်” ဟု ပြောသည်။
ဒေချာဖန်းနစ် (ခေါင်ကယ်)ပြန် အလုပ်သမားများ အခြားအလုပ်ရုံများသို့ ပြောင်းရွေ့ရန်အတွက် ယာယီပတ်စပို့ တစ်ခုမှလွဲ၍ မည်သည့် စာရွက်စာတမ်းမှ မရှိသဖြင့် အခက်အခဲ ကြုံနေရသည်ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ B.A.T သည် ယမန်နေက ထိုင်းရှေ့နေများကောင်စီ အကြံပေးချက်အရ-
(၁) ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေရှိ၊ (ပကန်ဆန်ခွန်း) အလုပ်သမား လူမှုဖူလုံရေး နယ်မြေ အမှတ်(၇)ရုံး။
(၂)ဖလန်ဆောင် BIC ကုန်တိုက်အနီးရှိ(ဆ၀ါဒီကန် ခုန်ခေါ်လိုင်ငန်) အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးရုံးနှင့်
(၃)(ကုန်လိုင်ငန် ကျဟာငန်း) အလုပ်အကိုင်ရှာဖွေရေးနှင့် အလုပ်သမားမှတ်ပုံတင်ရုံး၊ ၃ရုံးသို့ အလုပ်သမား ၆၈ ဦးနှင့် အတူ သွားရောက်ခဲ့ကြသည်။
တစ်ရုံးမှတစ်ရုံးသို့ လမ်းညွှန်သည့်အတိုင်း အလုပ်သမားများနှင့် B.A.T အဖွဲ့တို့ သွားရောက်ခဲ့ကြသည်။ နောက်ဆုံးရောက်ရှိခဲ့သည့် စူစ၀ပ်/၃၃လမ်းရုံးမှ အရာရှိအမျိုးသမီးက အထက်ပါ အလုပ်သမားများ မူရင်း အလုပ်ပြောင်းလာသည့် ခေါင်ကယ်မြို့သို့ အလုပ်သမားများ ကိုယ်တိုင်သွားရောက် ထုတ်ယူမှ စာရွက်၊ စာတမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုလမ်းညွှန်ပြီး ခေါင်ကယ်မှ ကျဟာငန်း (အလုပ်သမား အခွင့်အရေးဆိုင်ရာရုံး) ဖုန်းနံပါတ်ကို ပေးခဲ့သည်။
B.A.T အဖွဲ့မှ ထိုင်းဘာသာပြန် ကိုနေလင်းအောင်က “ အလုပ်သမားတွေ ရောက်ရှိနေတဲ့မြို့နယ် ကျဟာငန်းမှာ မိမိတို့ရဲ့ ယာယီပတ်စပို့ နံပတ်ကို ကွန်ပျူတာမှာနှိပ်ကြည့်ပြီးတော့ အလုပ်ပြောင်းပြီးပြီလား၊ ကြည့်လို့ရပါတယ်။ အဲဒီရုံးမှာပဲ စာရွက်စာတမ်းတွေကို ထုတ်ယူလို့ ရတယ်လို့ ပြောတယ် ခေါင်ကယ်ကို လာစရာမလိုဘူးလို့ ပြောတယ်” ဟု ခေါင်ကယ် ကျဟာငန်း မှ တာဝန်ရှိသူများ ပြောဆိုမှုများကို ပြောပြသည်။
အလုပ်သမား ၆၈ဦးတို့မှာ မိမိတို့စာရွက်စာတမ်းများကို ရလိုသည့်မျှော်လင့်ချက်ဖြင့် တစ်နေကုန်တစ်နေခန်း မိမိစရိတ်ဖြင့် သွားလာခဲ့ကြရသည်။
B.A.T အဖွဲ့မှ အမျိုးသမီးရေးရာနှင့် စည်းရုံးရေးမှူး ဒေါ်သက်သက်ဦးက “ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ကတည်းက အလုပ်ထွက်လာခဲ့တဲ့ အလုပ်သမားတွေဟာ ခုဒီဇင်ဘာလကုန်သွားပြီ၊ ဘယ်အလုပ်ရှင်မှ Work Parmitကို တရားဝင် လုပ်ကိုင်နိုင်ခြင်း မရှိသေးဘူး။ ဒီအခြေအနေကြားမှာ ဖမ်းဆီးခံရပြီး ထောင်ချခံထားရတာတွေ ရှိခဲ့ပြီ။ ဒါကြောင့်မို့ ဒီအလုပ်သမားတွေ Work Parmit ရရှိရေး အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တမြို့နယ်က အစိုးရ အလုပ်သမားရုံးတွေက အချိပ်အဆက်မိမိ ထိထိရောက်ရောက် လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ တစ်ရုံးနဲ့ တစ်ရုံး တာဝန်လွှဲချနေရုံနဲ့ အလုပ်မဖြစ်နိုင်ဘူး”ဟု ပြောဆိုသွားသည်။
၂၀၁၀ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့တွင် ထိုင်းလာအိုနယ်စပ် ခေါင်ကယ်မြို့ ဒေချာဖန်းနစ် ငါးဖမ်းပိုက် စက်ရုံမှ အလုပ်သမား တစ်ထောင်နီးပါးတို့ ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်ရရှိရေးအတွက် တောင်းဆို ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ အလုပ်သမားများ၏ အခက်အခဲများအား၊ ထိုင်းရှေ့နေများကောင်စီ၊ MAP ဖေါင်ဒေးရှင်း၊ HRDF နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ B.A.T အဖွဲ့တို့ သွားရောက်ဖြေရှင်း ကူညီပေးခဲ့ကြသည်။ စာရွက်စာတမ်း အပြည့်အစုံ ရရှိနိုင်ရေးအတွက် အလုပ်သမား ၃၀၀ကျော်တို့ မဲဆောက်မြိုသို့ အဖွဲ့ အစည်းများ အကူအညီဖြင့် ဆင်းသွားခဲ့ကြသည်။
ဖြေရှင်းကြရာတွင် အလုပ်သမားများ၏ အဓိက တောင်းဆိုချက်များဖြစ်သော ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်ရရှိရေးနှင့် တရားဝင် အလုပ်သမားအဖြစ်မှ ရပ်စဲထားခြင်းအား ပယ်ဖျက်ထားခြင်းတို့ကို အဓိက ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ ပိုက်စက်ရုံမှာ ထိုနယ်မြေအတွင်း အကြီးဆုံး စက်ရုံအဆင့်တွင် ရှိခြင်း၊ ပမာဏ တစ်ထောင်ခန့်ရှိသော အလုပ်သမားများ လုံခြုံရေးနှင့် တရားဝင်ဖြစ်ရေး ကိစ္စတို့ အတွက် အလုပ်သမား များအတွက် လိုအပ်သော စာရွက်စာတမ်းများကို ပြည့်ပြည့်စုံစုံရရှိအောင် အချိန်ယူ မဆောင်ရွက်ခဲ့ကြပေ။ အဆိုပါ ခေတ္တတည်းခို နေထိုင်ကြသည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ လူစုလူဝေး ခွဲပေးရန်သာ အဓိက စေ့ဆော်မှုများ ရှိနေခဲ့ကြသည်။ ထို့အပြင် မဲဆောက်တွင် အဖွဲ့အစည်း များသဖြင့် အလုပ်သမားများ၏ လိုအပ်ချက်များအား ၀ိုင်းဝန်း လုပ်ဆောင်နိုင်မည်ဟု ပြောဆိုခဲ့ကြပြန်သည်။
ပြီးခဲ့သည့် အပတ်က ဘန်ကောက်မြို့ ဘန်ပို အရပ်ရှိ စိန်ဆိုဖါ အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော ခေါင်ကယ်ပြန် အလုပ်သမား ၃၀ဦး တို့မှာ Work permit မလုပ်သေးခြင်းနှင့် ဘတ်ရှိသည့် အလုပ်သမား၃ဦးတို့အား နယ်ကျော်မှုဆိုသည့် အကြောင်းပြချက်ဖြင့် ထောင်ဒဏ် ၄၈ ရက် ချမှတ်ခဲ့သည်။ အလုပ်သမား အတော်များများတို့မှာ အလုပ်အကိုင်အတည်တကျ မဖြစ်နိုင်သေးခြင်းနှင့် လုပ်ငန်းရှင်တို့က အရေးတယူ လုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိခြင်းတို့ကြောင့် မြန်မာ အလုပ်သမားများမှာ တရားဝင် ဖြစ်ခြင်း နည်းပါးနေပြန်ပါသည်။
အလုပ်ရုံမှ ကိုယ်စားလှယ်အမည်ခံ (ပွဲစား)များနှင့် အလုပ်ရှင်အတော်များများတို့မှာ အလုပ်သမားများ၏ စာရွက်စာတမ်း မပြည့်စုံမှုများကို အခွင့်ကောင်းယူလျှက် အလုပ်သမားများအား နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ် နေကြဆဲဖြစ်သည်။

No comments:

Post a Comment