3.08.2011

ရွေးစရာ မရှိသော ရွေးလမ်း အစီရင်ခံစာထုတ်ဝေ

Photobucket
မတ်လ ၇
ထိုင်းအခြေစိုက်BNI ခေါ် နိုင်ငံတကာ မြန်မာသတင်းက ယနေ့ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ အသင်းတွင် ရွေးစရာမရှိတဲ့ ရွေးလမ်းဟု အမည်ပေးထားသော စာမျက်နှာ ၁၃၅ မျက်နှာပါ အစီရင်ခံစာ တစ်စောင်ကို ထုတ်ဝေလိုက်သည်။
မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း နအဖ အစိုးရက ကြောထောက်နောက်ခံ ပေးထားသည့် ကြံ့ဖွံ့ပါတီ အနိုင်ယူခဲ့ပုံများနှင့် ယခုကျင်းပနေသော ပြည်သူ့ လွှတ်တော် အစည်းဝေးအတွင်း အနေအထားများအား အချက်အလက် အထောက်အထားများ၊ ဓါတ်ပုံများဖြင့် ပြည်ပအအခြေစိုက် တိုင်းရင်းသားသတင်းဌာန ပေါင်းစုံတို့က စုပေါင်းတင်ပြ ထားကြခြင်း ဖြစ်သည်။
မွန်သတင်းဌာန အယ်ဒီတာ နိုင်ကဆော့မွန်က “နိုင်ငံတကာက ကျနော်တို့ တိုင်းပြည်မှာ ရွေးကောက်ပွဲ ပြီးသွားပြီ၊ အခြေအနေတွေ ကောင်းမွန်တော့မယ်လို့ ယူဆနေကြမယ်။ ကျနော်တို့က ရွေးကောက်ပွဲ အတွင်းမှာ ကြံ့ဖွံ့ပါတီ ဘယ်လို အနိုင်ယူသွားတယ်၊ ဘယ်လို မတရားလုပ်သွားတယ် ဆိုတာကို အတိအကျ သိကြစေချင်လို့ ခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ” ဟု ပြောသည်။
တိုင်းရင်းသား သတင်းဌာများက ပြည်နယ်အလိုက် မဲအနိုင်/အရှုံး၊ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ပါတီမှ ကြိုတင်မဲများဖြင့် အနိုင်ယူသွားပုံတို့အား အသေးစိတ် တင်ပြထားကြသည်။
ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင်းကတော့ “အစီရင်ခံစာ နာမည်ကို Hobson’s Choice လို့ ရွေးရတာက ၁၇ ရာစုလောက်က ကင်းဗရစ်မြို့က မြင်းငှါးစားတဲ့လူက သူခြံထဲမှာရှိတဲ့ မြင်းကိုပဲ ငှါးရမယ်ဆိုပြီး ပြင်ဆင်ထားသလို…ခုနအဖ ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲဟာလည်း ခင်ဗျား ကြိုက်တဲ့လူကိုရွေး ဒါပေမယ့် ကျနော့်လူပဲဖြစ်ရမယ် ဆိုတာကို ထပ်တူ ဥပမာ ပေးထားတာ ဖြစ်တယ်”ဟု ပြောသည်။
နှစ် ၂၀အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲအား နိုင်ငံတကာ သတင်းထောက်များနှင့် ပြည်တွင်း သတင်းထောက်များအား သတင်းယူခွင့်မပြုခဲ့ပေ။ အလားတူ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တို့ကိုလည်း ဖိတ်ခေါ်ခြင်းမရှိပဲ ကျင်းပခဲ့သဖြင့် နိုင်ငံတကာမှ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ် မပြုကြပေ။
ကရင်သတင်းစဉ် အယ်ဒီတာ နန်းဖေါ့ကေ ကတော့ “ရွေးကောက်ပွဲပြီးတာနဲ့ နောက်တစ်ရက်ကနေ စပြီးတော့ ကျမတို့ ကရင်ပြည်နယ်မှာ တိုက်ပွဲ ခုထိ ဆက်တိုက်ဖြစ်တုန်းပဲ ရှိသေးတယ်။ မြ၀တီမြို့တွင်း တိုက်ပွဲကနေ ခုဆို တောတွင်းတိုက်ပွဲ နေ့ စဉ်ရက်ဆက်ပဲ။ ခု ပြည်သူ့လွှတ်တော် ခေါ်နေတဲ့ အချိန်မှာလည်း တိုက်နေကြတာပဲ၊ ရွေးကောက်ပွဲပြီးပေမယ့် ပြည်တွင်းစစ်ကတော့ ပြီးမယ့် အနေအထားမရှိသေးဘူး၊ ကျမတို့ ကရင်ပြည်နယ်အတွက် ၀န်ကြီးရွေးထားတာလည်း နအဖ တပ်ထွက်ဖြစ်နေတာမို့ သူတို့ထင်တိုင်း ချယ်လှယ်နေအုံးမယ်လို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။
၂၀၀၈ခုနှစ်က ဧရာဝတီတိုင်း၌ လူပေါင်းသိန်းချီ သေဆုံးပြီး သန်းချီ ဒုက္ခရောက်နေကြချိန်တွင် အဓမ္မ အတည်ပြုခဲ့သော နာဂစ်ဖွဲ့စည်းပုံအတိုင်း ကျင်းပခဲ့သည့် ၂၀၁၁ ရွေးကောက်ပွဲတို့မှာ ဗိုလ်ချုပ်ခင်ညွန့် ချမှတ်ခဲ့သော လမ်းပြမြေပုံအတိုင်း ဆက်လက် လုပ်ဆောင်နေကြကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။
နအဖသည် ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် NLD ပါတီအား အပြတ်အသတ် ရှုံးနိမ့်ခဲ့ကတည်းက အထူး သင်ခန်းစာရရှိခဲ့သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၄င်းတို့ ပါတီဖြစ်သော ကြံ့ဖွံ့ပါတီ ကျိန်းသေပေါက် အနိုင်ရရှိစေရန် စံနစ်တကျ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖေါ်ပြထားသည်။

No comments:

Post a Comment