3.26.2011

သမိုင်းသက်သေ တည်စေညွှန်း

နိုင်ငံရေးနဲ့ လူမျိုးရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မရေးချင်ဘူး။ ကိုယ်ကပိစိကွေးလေး။ ဒါပေမယ့် RFA ရေဒီယို မှာ ပါတဲ့ နေပြည်တော် လွှတ်တော် သတင်းတစ်ပုဒ်ကို နားထောင်ရတော့ ကျနော်သိခဲ့တဲ့ အကြောင်း အရာတွေနဲ့ ကွက်တိဖြစ်နေတာကြောင့် ရေးပြချင်တဲ့စိတ်တွေက ရေးဖြစ်အောင် စေ့ဆော်ခဲ့တယ်။
၂၀၁၁နှစ်မတ်လ ၁၄ ရက်နေ့ က ကြပ်ပြေးနေပြည်တော် ပြည်သူ့လွှတ်တော်မှာ ရခိုင်အမတ်တစ်ဦးနဲ့ ချင်း
အမတ်တစ်ဦးတို့ တင်ပြကြတဲ့ အဆိုကို မဲခွဲဆုံးဖြတ်စရာမလိုပဲ မိမိကိုယ်ကိုယ်ရုပ်သိမ်းရတယ်ဆိုတဲ့ စိတ်ဆင်းရဲဖွယ် လွှတ်တော်သတင်းကြောင့်ဖြစ်တယ်။
လွှတ်တော်အတွင်းက ပကတိအနေအထားကို အတိအကျ သိရှိနိုင်ဖို့ခက်ခဲနိုင်တာ မှန်ပေမယ့် တစ်ဦး တစ်ဖွဲ့က စီမံခန့်ခွဲနေတဲ့ တိုင်းပြည်ဖြစ်တာကြောင့် သို့ကလို ဖြစ်စေသတည်းဆိုတဲ့ အခင်းအကျင်းကိုတော့ အားလုံး သဘောပေါက်ပြီးဖြစ်တယ်။ အဖြေသိပြီးသား ပုစ္ဆာပါဆိုရင် လွဲအံ့မမြင်။ စေတစ်လုံးပိုင် ချပြီးသား အစီအစဉ်တွေကို သမိုင်းတရားခံအဖြစ် လက်ခုတ်ဝင်တီးပြီးတော့ လက်မှတ်ဝင်ထိုးနေကြတာပဲလေ။
ချင်းအမတ် ဦးပေါ်လျှံလွင် က ဖဆပလ ခေတ်ကတည်းက တည်ဆောက်ပေးမယ်လို့ ကတိပေးခဲ့တဲ့ (ပလက်ဝ-မတူပီ) ဂန့်ဂေါ ကားလမ်းကို ပြုပြင်တည်ဆောက်ပေးဖို့နဲ့ ချင်းပြည်နယ်က ၀န်ထမ်းတွေ နေထိုင် ဖို့ တန်ဖိုးနည်း အိမ်ယာ တွေဆောက်လုပ်ပေးဖို့ တင်ပြခဲ့တော့ လက်ရှိစစ်အုပ်စု ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က ဘဏ္ဍာရေး အခြေအနေအရ စီစဉ်ပေးမယ်ဆိုပြီး ပြန်ပြောခဲ့တယ်။
ရခိုင်အမတ် တစ်ဦးက ရခိုင်ပြည်နယ်မှာ ထုံးကျောက်တောင်များရှိသဖြင့် ဘိလပ်မြေစက်ရုံ တည်ဆောက် နိုင်ကြောင်း တင်ပြခဲ့ရာ သဲဆံသော ထုံးကျောက်ဖြစ်သဖြင့် ပယ်ချခဲ့သလို ဦမောင်အေးထွန်း ဆိုတဲ့အမတ် က တင်ပြတဲ့ ရခိုင်ရိုးမတလျှောက် လက်ညှိုးထိုးမလွဲတဲ့ ၀ါးပင်တွေကို ပျော့ဖတ်စက်ရုံအဖြစ် တည်ဆောက် ဖို့ တင်ပြတာကိုလည်း လျှပ်စစ်ဓါတ်အား မရှိတာကြောင့် အစိုးရလည်းမလုပ် နိုင်သလို နိုင်ငံခြား ကုမ္ပဏီတွေကလည်း ဒါကြောင့်ပဲ မလုပ်ကြဘူးလို့ ပြောဆိုပြီး ပယ်ချခဲ့ပြန်တယ်။
ရန်ကုန် NDF ပါတီအမတ် ဒေါက်တာ မြဉာဏစိုးက ရန်ကုန်မြို့မှာ မြို့ပတ်ရထား တိုးချဲ့ပြေးဆွဲပေးဖို့ တောင်းဆိုခဲ့တာကိုလည်း ဂုံးကျော်တံတား ၄၀ လောက်ဆောက်ရအုံးမယ် ဆိုပြီး ပယ်ချခဲ့တယ်။ အခြားသော လျှပ်စစ်မီး ကိစ္စရပ်တွေကိုပါ အမတ်တွေ တင်သမျှ လက်ရှိ စစ်အုပ်စုဝန်ကြီးတွေက ပယ်ချခဲ့ကြတယ်။ တိုင်းရင်းသားဘာသာ စာပေသင်ကြားခွင့်ကို ပညာရေးဝန်ကြီးက ဗြောင်ပယ်ချ လိုက်တယ်။ ဒီကနေ့ မီဒီယာတွေရဲ့လျှင်မြန်မှုတွေကြောင့် သိရှိခဲ့ကြရတာပါ။
မြန်မာစစ်အာဏာရှင် အဆက်ဆက် ကတိမတည်ခဲ့မှုတွေအချို့……
၁၉၈၂ ၀န်းကျင်လောက်က ရခိုင်ပြည်နယ်အမ်းမြို့နယ်က ဦးထွန်းမြအောင် ဆိုသည့် ဆိုရှယ်လစ် အမတ်တစ်ဦး ဖြစ်ရပ်မှန်တစ်ခု ဖြစ်ပါတယ်။ (လူနာမည်လွဲကောင်းလွဲနိုင်ပါတယ်) ရန်ကုန်မြို့ ပြည်သူ့လွှတ်တော် အဆောက်အဦးထဲမှာ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတင်ပြကြဖို့ မဆလ ပါတီဥက္ကဌ ဦးနေ၀င်းက အဆိုတင်သွင်းခိုင်းပါတယ်။ ဥက္ကဌကြီးရဲ့ခွင့်ပြုချက် ကြောင့် အခြား ပြည်နယ်တွေက ဒေသဆိုင်ရာ ပါတီကော်မီတီတွေက တင်ပြကြသလို ဦးထွန်းမြအောင်လည်း အဆိုတစ်ရပ် တင်သွင်းပါ တယ်။
“ ဥက္ကဌကြီးနဲ့တကွ ကိုယ်စားလှယ်တော်ကြီးများခင်ဗျာ။ ကျနော်တို့ ရခိုင်ပြည်နယ်ဟာ အနောက်ရိုးမ တောင်ကြီးအနားမှာ နေကြတဲ့သူတွေဖြစ်ပါတယ်။ ဒီရိုးမတောင်ကြီးထဲမှာ သစ်တွေ ၀ါးတွေ သုံးလို့ဖြုန်းလို့ မကုန်အောင်ရှိပါတယ်။ အထူးသဖြင့် ၀ါးဆိုရင် ကျနော်တို့ နေရာတိုင်းမှာ ပေါပေါများများရှိပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကြိမ်တွေလည်း ထွက်ရှိပါတယ်၊ marble လို့ခေါ်တဲ့ နေပူခံ ကျောက်ပြားတွေ ထုတ်လုပ်လို့ရနိုင်ပါတယ်၊ ငပလီကမ်းခြေက သဲတွေကို ဖန်တွေ စိတ်တိုင်းကျ ချက်လုပ်နိုင်ပါတယ်။ ဒီ ရခိုင်ရိုးမတောင်ကို အမှီပြုပြီး စက္ကူပျော့ဖတ် စက်ရုံတွေ၊ ကမ္ဘာ့အကောင်းစား နေပူခံကျောက်ပြား ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ ဖန်ချက်စက်ရုံတွေ တည်ဆောက်လိုက်ရင် တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေတွေ အမြောက်အမြာက်အများ ရရှိနိုင်သလို ဒေသတွင်း ရခိုင်လူထုတွေလည်း အလုပ်အကိုင်တွေ ရရှိနိုင်ပါတယ်။ နိုင်ငံတော်အနေနဲ့ အထူးစဉ်းစားစေချင်ကြောင်း တင်ပြအပ်ပါတယ် ခင်ဗျား” ……………………..ဖျောင်း…ဖျောင်း…..ဖျောင်း……………။
အဲသလို ပြည်သူ့လွှတ်တော်ထဲမှာ တိုင်းပြည်အကျိုး ပြည်နယ်အကျိုး သယ်ပိုးဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်ကို တင်ပြခဲ့တဲ့ အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး အစည်းအဝေး တွေပြီးလို့အိမ်ကိုပြန်လာခဲ့ပါတယ်။
အိမ်ကိုရောက်တော့ လုပ်ဖေါ်ကိုင်ဘက်တွေ မိသားစုတွေ လာကြတာပေါ့။ သူကလည်း သူတင်ပြခဲ့တာကို
အာဘောင်အာရင်းသန်သန်နဲ့  အများကောင်းကျိုးအတွက် တင်ပြခဲ့တာကို ပြောပြတယ်။ ဒီ့နောက် ဇနီးဖြစ်
တဲ့သူက ခင်ပွန်းဖြစ်သူ မရောက်ခင်ကတည်းက ရောက်နေတဲ့ စာအိပ်ရှည်တစ်လုံးကို လာပေးတယ်။
အဲဒီစာထဲမှာ စာအမှတ်/၁၉၈၂ ဘာညာရေးထားပြီးတော့ အကြောင်းအရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ်အဖြစ်မှ ရာသက်ပန်ရပ်စဲခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြုတ်စာတစ်စောင်ကို လက်ခံရှိခဲ့ပါတော့တယ်။ တိုရှင်းလိုရင်း ပြောရရင် ဦးထွန်းမြအောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရာထူးက ပြုတ်သွားခဲ့ပါတယ်။
ကျနော်တို့ တိုင်းပြည်မှာ မဟာလူမျိုးကြီးဝါဒ တစ်ပါတီအာဏာရှင် စနစ်တွေကြောင့် တိုင်းပြည်ကြီး စုန်းစုန်းမြုတ်ခဲ့ကြရတာကို လူတိုင်းသိပြီးဖြစ်တယ်။ တော်လှန်ရေးကောင်စီအစိုးရ၊ မဆလ၊နအဖအစိုးရ အဆက်ဆက်တို့ဟာ တိုင်းပြည်ခေတ်မှီ ဖွံ့ဖြိုးမှုအပေါ်မှာ စေတနာထားပြီး စဉ်းစားခဲ့တာ နည်းပါတယ်။ အသွင်မတူတဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာ စာပေတွေ၊ ရိုးရာအစဉ်အလာတွေကို နည်းအမျိုးမျိုး ဖျက်ဆီးပြီး လိမ်လည်လှည့်ဖြားဖို့သာ အစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့ပါတယ်။
မကြာသေးခင် နှစ်များက၊ ရခိုင်က ဘုရားတွေ သယ်ယူသွားပြီးတော့ ပဲခူးဟံသာဝတီ ဘုရင့်နောင် နန်းရာကို တူးဖေါ်တဲ့ နေရာကရတယ်လို့ မရှက်မကြောက် လိမ်လည်သလို ရှမ်းလူမျိုးတွေရဲ့ ဟော်နန်းကို ဖျက်ဆီး ပစ်လိုက်တာတွေကို ပြောမယ်ဆိုရင် ဆုံးနိုင်တော့မှာမဟုတ်ဘူး။
ရှမ်းတောင်တန်းမှာ စီးပွားရေးလုပ်ငန်းကြီးတွေ တည်ထောင်ဖို့ နည်းပညာသင် ကျောင်းတွေ တည်ဆောက်ပေးဖို့ အဲဒီလို ကိစ္စရပ်တွေကို အာဏာပိုင်တွေ စဉ်းစားတာက ရှမ်းတွေ တိုးတက်သွားရင်၊ ဒို့ကို အာခံမယ်၊ ဒီလိုကျဉ်းမြောင်းတဲ့ အယူအဆတွေနဲ့သာ အုပ်ချုပ်ခဲ့ပါတယ်။ တစ်တိုင်းပြည်လုံး တတ်ဖို့သိဖို့ လိုတယ်၊ တစ်နိုင်ငံလုံး ထမင်းဝဖို့လိုတယ်ဆိုတဲ့ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကောင်းမင်းမြတ်တို့ရဲ့ စေတနာ မေတ္တာမျိုးတွေ ဘယ်တုန်းကမှမထားခဲ့ပါ။ တိုင်းရင်းသားများ တန်းတူရေးအတွက် တိုက်ပွဲဝင် နေကြတာတွေကိုလည်း မိမိတို့စာပေယဉ်ကျေးမှုနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတယ်လို့ မမြင်ပဲ ခွဲထွက်မယ့် သောင်းကျန်းသူတွေအဖြစ် ယနေ့တိုင်မြင်တုန်း ဖြစ်တယ်။ ပုစ္ဆာကို အမှန်အတိုင်း မမြင်တာကြောင့် မှန်ကန်တဲ့ အဖြေမရပဲ ပြည်တွင်းစစ်မီးက နှစ်ပေါင်း၆၀ ကျော်ခဲ့ပြီပြီးဖြစ်တယ်။
ရခိုင်ပြည်က ဒုတိယအဖြစ်အပျက်
၁၉၇၀ ကျော်ဝန်းကျင်ထုတ် ရခိုင်တန်ဆောင် အမှတ်၁၂ မှာ စာရေးဆရာမ (မအေးကြည်-စနဲ)ဆိုတဲ့စာရေး ဆရာမက၊ စိုင်းတင်ရေတံခွန်ဟာ မြန်မာတစ်နိုင်ငံလုံးကို ၂၄နာရီအပြည့် မီးပေးနိုင်ရုံသာမက အန္ဒိယနိုင်ငံ ကြီးရဲထက်ဝက်တိတိကို တောင် လျှပ်စစ်ဓါတ်အားရောင်းချနိုင်တယ်လို့ ထုတ်လုပ်နိုင်တဲ့မီဂ္ဂါဝပ် ကအစ ကိန်းကဏန်းတွေကိုအတိအကျ သုတေသနပြုပြီး “ အနာဂါတ် ရခိုင်ပြည် လျှပ်စစ်မီးထိန်ထိန်လင်းမည်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မှာရှိတဲ့ စိုင်းတင်ရေတံခွန်ဟာဆိုရင် ခုလက်ရှိ မြန်မာပြည်မှာရှိ တဲ့ ဘီလူးချောင်း ရေအားလျှပ်စစ် စက်ရုံနဲ့ လောပိတ ရေအားလျှပ်စစ်စက်ရုံတို့ထက် အဆပေါင်း များစွာ လျှပ်စစ် ထုတ်လုပ်နိုင်တယ်။ ပညာရှင်တွေ တွက်ချက်ထားချက် အရဆိုရင် ဘီလူးချောင်းနဲ့ လောပိတ ရေအားလျှပ်စစ် ထုတ်လုပ်တဲ့စက်ရုံတွေဟာ တပေါင်းတန်းခူးလတွေမှာ အပေါ်က ရေကျနှုန်း နည်းပါးတာကြောင့် အောက်ကရေတွေကို အပေါ်သို့ ပြန်တင်ရပါတယ်။ စိုင်းတင်ရေတံခွန်ကတော့ ၁၂လ ရာသီပတ်လုံး ရေးကျနှုန်း လျှော့မသွားဘူးလို့ သိရပါတယ်။
ဒီ့မတိုင်ခင် ဂျာမန်၊ အင်္ဂလန်ပညာရှင်တွေ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ လာရောက် တိုင်တာခဲ့တာကို ဗိုလ်ချုပ်ကြီး နေ၀င်းက လုပ်ကြံသတ်ဖြတ်ခိုင်းခဲ့ပါတယ်။ ဟိုလေးတကြော် ရာဇ၀င်တွင်ခဲ့ပါတယ်။
အကြောင်းပြချက်က ရခိုင်ကွန်မြူနစ်တွေ ပစ်သတ်တယ်။ ဒေသတွင်းမှာ အေးချမ်းမှုမရှိတာကြောင့် ဒီစက်ရုံ တည်ဆောက်မှုကို ရပ်တန့်တယ်လို့ မဆလက အလီဘိုင် (အကြောင်းပြ) ခဲ့တယ်။ အဲဒီကတည်းက ဒီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းခဲ့ပါတယ်။
လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၅၀ ၀န်းကျင်တုန်းက အရှေ့တောင်အာရှမှာ ချမ်းသာကြွယ်ဝ တိုးတက်ခဲ့
တဲ့ မြန်မာပြည်ကို ၁၉၆၂ နှစ်ကစပြီးတော့ ဗိုလ်ချုပ်ကြီးနေ၀င်းက အစ ယခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အထိ
စစ်အာဏာရှင်တွေ နှစ်ပေါင်းငါးဆယ် နီးပါးအုပ်ချုပ်လာလိုက်တာ စုတ်ပြတ်သတ် ကမ္ဘာကျော်နိုင်ငံကြီးဖြစ်
သွားတော့တယ်။
တစ်လိမ်ပြီးတစ်လိမ် ဆက်တိုက် ဆက်တိုက်လိမ်လာလိုက်တာ ခုထိလိမ်ကောင်းတုန်းဖြစ်တယ်။ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို အတုံးလိုက်အတစ်လိုက် ရောင်းစားဖို့လောက်သာတတ်ပြီး ကုလား တရုတ်တို့ ရဲ့ ၀ါးမြိုခံနေရမှုကိုလည်း မသိချင်ယောင် ဆောင်နေပြန်သေးတယ်။
ကျနော်ပြောချင်တဲ့ တတိယအချက်
၁၉၉၀ ပြည့် ရွေးကောက်ပွဲနောက်ပိုင်း မြန်မာစစ်အုပ်စုက တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင် ဆိုတဲ့ ခေါင်းစဉ်နဲ့ လမ်းတံတားတွေ တည်ဆောက်ပြုပြင်နေတာတွေကို ၀ါဒဖြန့်ချိရေး တစ်ခုအနေနဲ့ လုပ်ခဲ့ပြန်ပါတယ်။ အဲဒီတုန်းက မန္တလေးတိုင်းအတွင်းက ရေအားလျှပ်စစ်စီမံကိန်း၊ ပုသိမ်သီလ၀ါ ရေနက်ဆိပ်ကမ်း (နောက်တစ်ခု မမှတ်မိတော့ပါ) ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်း ဆိုတဲ့စီမံကိန်းတွေကို ကုန်ကျမယ့် ငွေကြေးတွေ ချပြထားပါတယ်။ ၂၀၀၅ခုနှစ်မှာ အပြီး တည်ဆောက်မယ်ဆိုပြီး ရန်ကုန်မြို့ ဦ၀ိစာရ လမ်းမှာရှိတဲ့ (အဲဒီတုန်းက တပ်မတော်ပြခန်းအဖြစ် မသိမ်းသေးပါ) အမျိုးသားရေကူးကန်ပြခန်းမှာ ပြသခဲ့ပါတယ်။ လူအမြောက်အများ ၀မ်းသာခဲ့ကြပါတယ်။ ရန်ကုန်နေ ရခိုင်လူငယ်တွေ အထူးမျှော်လင့်ခဲ့ကြပါတယ်။
မန္တလေးတိုင်းက တောင်တန်းတွေကိုဖြတ်ဆည်ပြီး လုပ်လိုက်တဲ့ဆည်ကြီးနဲ့ ပုသိမ်သီလ၀ါ ဆိပ်ကမ်းနဲ့ ပြည်မက စီမံကိန်းတစ်ခု ပြီးစီးခဲ့ပေမယ့် ရခိုင်မှာ တည်ဆောက်မယ့် ကျေက်ဖြူရေနက်ဆိပ်ကမ်းမှာတော့ ၀ါးရိုးတစ်ချောင်းတောင် စိုက်ထူခဲ့ခြင်းမရှိခဲ့ပါ။
၁၉၉၆ လောက်မှာ စိုင်းတင် ရေတံခွန်ကို ပညာရှင်တွေလာရောက် တိုင်းတာတွေလုပ်ခဲ့ပါတယ်၊ ဘူးသီးတောင်မြို့ ကမ်းနားလမ်း ဆက်သွယ်ရေး ကြေးနန်းစာတိုက်အနီးမှာ စိုင်းတင်ရေအားလျှပ် စစ်စီမံကိန်းရုံး ဆိုပြီး အဆောက်အဦးငယ်တစ်ခု တိုင်ထူပြီး ထုတ်ဆင့်တွေ တပ်ဆင်ခဲ့ပါတယ်။ သွပ်မိုးတော့ မမိုးခဲ့ရသေးပါ။ ရုံးအဆောက်အဦးအနီးမှာ သံငြမ်းအချို့ စုပုံထားခဲ့ဒါတွေကို မြင့်ခဲ့ဖူးပါတယ်။
အထူး မှတ်တမ်းတင်ထိုက်စရာက ထိုအချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့်မှာ အမျိုးသား ကျမ္မာရေး ကော်မီတီဥက္ကဌ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ကော်မီတီဥက္ကဌ ရာထူးယူထားသူဖြစ်ပါတယ်။
ဒါပေမယ့် စီမံကိန်းက လုံးဝရပ်နားခဲ့ရတဲ့ အကြောင်းစုံကို သိရှိတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လုံခြုံရေးအရာရှိ ရခိုင်အမျိုးသားတစ်ဦး ပြောပြခဲ့ဖူးပါတယ်။
ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အဲဒီတုန်းက အာဏာရှင်ကြီး ဦးနေ၀င်းက ခေါ်ယူကြိမ်းမောင်းပါတယ်။ “ခင်ညွန့် ..မင်း တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင် အစီအစဉ်လုပ်နေတာတွေ ငါအကုန်ထောက်ခံတယ် မင်း ကျန်တဲ့နေရာမှာ လုပ်ချင်တာလုပ် ၊ မင်းကြိုက်တာလုပ်၊ ငါဘာမှမပြောလိုဘူး။ မင်း ရခိုင်မှာတော့ ဘာမှ သွားမလုပ်နဲ့။ မင်းမှတ်ထားဖို့ ငါပြောလိုက်မယ်။ သေနေတဲ့ကျားကို အသက်မသွင်းနဲ့ကွ။ ရခိုင်က စီမံကိန်းတွေ အကုန်ရပ်”ဆိုပြီး ဆဲဆိုအော်ငေါက်ပြီး အမိန့်ပေးခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။
မြန်မာစစ်အစိုးရ အဆက်ဆက်တွေဟာ ကုလားတရုတ်တွေ ကျည်တစ်တောင့်မဖေါက်ပဲ မြန်မာပြည်ရဲ့ အစိတ်အပိုင်း အတော်များများကို သိမ်းပိုက်ခဲ့ပြီးဖြစ်တာကို မသိချင်ယောင်ဆောင်နေတယ်။ အနာဂတ်မှာ ရှင်းလို့မနိုင်အောင် ရှုပ်ထွေးနေတဲ့ လူမျိုးရေးနဲ့ စီးပွားရေးပြဿနာတွေကို ဖန်တီးထားခဲ့တယ်။ ဒီပြဿနာအားလုံး ဦးနေ၀င်း၊ ဦးခင်ညွန့်တို့ ရှုပ်ခဲ့တာတွေ လုပ်ခဲ့တာတွေပါ။ ဒီပြဿနာတွေကို ခုစစ်ခေါင်းဆောင်တွေ မရှင်းနိုင်သလို လက်ရှိ အာဏာရှင်ဦးသန်းရွှေ လုပ်ချင်တိုင်း လုပ်နေတာကိုလည်း ဘယ်သူမှ ရှင်းနိုင်မှာမဟုတ်ပါ။ တိုင်းပြည်ရဲ့ ၈၀ရာခိုင်နှုန်းသော တောင်သူလယ်သမားတွေ လူနေမှု ဘ၀တွေ တိုးတက်မြင့်မားဖို့ ပညာသင်ကြားခွင့်ရရှိဖို့ ကျမ္မာသန်စွမ်းတဲ့ တိုင်းသူပြည်သားတွေဖြစ်ဖို့ ဆိုတာတွေကို လွတ်လပ်ရေးရပြီးကတည်းက ယခုထိတိုင်အောင် စီစဉ်ဆောင်ရွက်ခြင်း မရှိခဲ့ဘူး။ ယခုအခါ ကျွန်ထုတ်လုပ်တဲ့ တိုင်းပြည်၊ ကိုယ်ကျင့်သီလမကောင်းတဲ့ လူမျိုး၊ အောက် တန်းစား အလုပ်တွေကို ခိုင်းချင်သလို ခိုင်းလို့ရတဲ့ လူမျိုးအဖြစ် အိမ်နီးချင်းတိုင်းပြည်တွေက သတ်မှတ်နေကြတာကိုတော့ ရင်နာလွန်းပါတယ်ဗျာ။
ကျော်သောင်း
၂၀၁၁ ခုနှစ် မတ်လ ၂၂

No comments:

Post a Comment