9.15.2008

မဲဆောက် အလုပ်ခွင် အထောက်အကူပြုသင်တန်း၊ မြန်မာအလုပ်သမားများအတွက် အဆင်ပြေ

မဲဆောက်ဒေသတွင်းရှိ မြန်မာအလုပ်သမားများ အလုပ်လုပ်ရင်း ပညာဆက်သင်ကြားခွင့် ရရှိရေး ရည်ရွယ်ချက်ဖြင့် မဲဆောက်မြို့တွင် Knowledge Zone Education Centre ပညာရေး ၀န်ဆောင် မှုသင်တန်းကျောင်းဖွင့်လှစ်ထားရာ အလုပ်အကိုင် ရရှိရန် အခွင့်အလမ်း ပိုများသောကြောင့် မြန်မာအလုပ်သမားများ တက်ရောက် သင်ကြားနေကြသည်။

အဆိုပါ ပညာရေးဝန်ဆောင်မှု သင်တန်းကျောင်း သက်ဆိုင်ရာ ဘာသာရပ်တန်းခွဲများတွင် မြန်မာ အလုပ်သမား (၂၅၀) ခန့် တက်ရောက်သင်ကြားလျက်ရှိသည်။ ကွန်ပျူတာ ဘာသာရပ် အဆင့် ဆင့် အင်္ဂလိပ်စာ၊ မြန်မာစာ၊ စက်ချုပ်သင်တန်းနှင့် ထိုင်းဘာသာများ သင်ကြားပေးလျက်ရှိပြီး သင်တန်းတာဝန်ခံ ကိုအောင်ကျော်စိုးက “ဒီမှာရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား တွေရဲ့ ပညာရေး ပိုမိုမြင့်မားလာစေဖို့၊ လုပ်ငန်းခွင်မှာ လုပ်ရကိုင်ရ ပိုမိုအဆင်ပြေဖို့၊ တချိန်ချိန်မှာ ပြည်တွင်းပြန်ရောက်တဲ့အခါ သူတို့အတွက် အထောက်အကူ ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ပေးတာပါ” ဟု ပြောသည်။

မြန်မာအလုပ်သမားများ လာရောက်သင်ကြားနိုင်မည့် အခြေနေအပေါ် မူတည်၍ ၎င်းတို့နှင့် ညှိနှိုင်းကာ သင်တန်းချိန်များအား သတ်မှတ်သင်ကြားပေးလျက်ရှိပြီး စိတ်ပါဝင်စားသူများ မည်သူမဆို လာရောက်သင်ကြားနိုင်သည်ဟု ဆက်လက်ပြောကြားသည်။

သင်တန်းသူတဦးဖြစ်သူ မနှင်းနှင်းက “ကျမ ဆယ်တန်းအောင်ပြီးဖြစ်တယ်။ မိသားစုစားဝတ် နေရေး အခက်ခဲကြောင့် မဲဆောက်ဈေးထဲက အထည်ဆိုင်မှာ အလုပ်လာလုပ်တယ်။ ဆယ်တန်း အောင်ပြီးတဲ့နောက် ကျမ ဆက်သင်ချင်တဲ့ ကွန်ပျူတာဘာသာရပ်နဲ့ အင်္ဂလိပ်စာဘာသာရပ်ကို သင်ယူနိုင်ဖို့ အခွင့်အလမ်း မရှိတော့ဘူး။ အခုတော့ မဲဆောက်မှာ အချိန်လုပြီးတော့ ဒီဘာသာ ရပ်တွေကို သင်ကြားခွင့် ရပြီဖြစ်တယ်။ ဒါက ကိုယ့်ဘ၀ ရေရှည်အတွက် ဖြစ်တယ်။ တသက်လုံး သူများတိုင်းပြည်မှာ နေဖို့ဆိုတာ ရေရှည်မှာ မလွယ်ပါဘူး။ အသက်မွေးဝမ်းကျောင်းနိုင်တဲ့ ပညာရပ်တခုခုတော့ လေ့လာတတ်မြောက်ဖို့လိုတယ်” ဟု ပြောသည်။

ယခုသင်တန်းကျောင်းအား မဲဆောက်ဒေသတွင်းရောက် ခေတ်ပညာတတ်လူငယ်တစုနှင့် အလှူရှင်အချို့တို့မှ ကမကထပြုကာ လွန်ခဲ့သည့် (၂) လက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သင်တန်းကြေးအဖြစ် တဦးလျှင် ကွန်ပျူတာ (၃) လသင်တန်းကို ဘတ် (၃၀၀) နှင့် အခြား ဘာသာရပ်များကို ဘတ် (၂၅၀) နှုန်းဖြင့် အတန်းခွဲများ အသီးသီးတွင် သင်ကြားနိုင်ပြီး အမှန် တကယ် အခက်ခဲရှိသူများကိုမူ အခမဲ့ သင်ကြားပေးလျက်ရှိသည်။

သင်တန်းသားတဦးဖြစ်သူ ကိုညီညီက “အလုပ်လုပ်ရင်း ကျောင်းတက်ခွင့်ရတော့ ပညာရေးနဲ့ ထိတွေ့မှု အမြဲရှိတယ်။ အခုလို ပညာရေးကို ဆက်လက်လေ့လာဆည်းပူးခွင့် ရတာကတော့ ကိုယ့်ဘ၀ ရှေ့ရေးအတွက်ပါပဲ။ တချိန် ကိုယ့်တိုင်းပြည် ပြန်တဲ့အခါ အောက်ကျနောက်ကျ ဖြစ်စရာ မရှိအောင်လို့ အလုပ်လုပ်ရင်းနဲ့ ကြိုးစားသင်ယူနေတာပါ။ အခြားမြန်မာအလုပ်သမား တွေကိုလည်း ကိုယ့်မှာရှိတဲ့ အချိန်ပိုလေးတွေကို တန်ဖိုးရှိရှိ အသုံးချကြဖို့ တိုက်တွန်းချင် တယ်” ဟု ပြောသည်။

ယခုသင်တန်းကျောင်းသည် မဲဆောက်မြို့လယ်တွင် တည်ရှိပြီး စိတ်ပါဝင်စားသူများ သင်တန်း တက်လိုပါက ဖုန်းနံပါတ် (083,951,8041) နှင့် (085,402,3514) သို့ ဆက်သွယ်နိုင်သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်းရှိ အလုပ်ရုံ၊ စက်ရုံများနှင့် ကုန်သွယ်ရေးလုပ်ငန်း များတွင် ထိုင်းစကား၊ အင်္ဂလိပ်စကားနှင့် ကွန်ပျူတာပညာ တတ်မြောက်သူများမှာ အလုပ် အကိုင် ရရှိရန် အခွင့်အလမ်း ပိုများသောကြောင့် မြန်မာအလုပ်သမားများအနေဖြင့် ယခုကဲ့သို့ သင်တန်းများ တက်ရောက်သင်ကြားကြခြင်းဖြစ်သည်။

No comments:

Post a Comment