10.17.2008

တတ်လည်းတတ်နိုင်ကြပါပေတယ်။


ဒီသတင်း၂ ခုကို တွဲဖတ်လိုက်မိပြီးကတည်းက နအဖ စစ်အစိုးရကို အလွန်ဒေါပွနေမိသည်။ ဒီကောင်တွေတော့ လုပ်ချလိုက်ပြန်ပြီပေါ့။ စစချင်းတော့ “နအဖ ကို သောက်မြင်ကပ်ကပ်နဲ့ တမင်လုပ်ကြံဖန်တီး လိုက်တာ များလား” လို့တောင် ထင်လိုက်မိသေးသည်။ နောက်တော့ “ဟာ -- မဟုတ်သေးပါဘူး ဒီသတင်းဌာနတွေက ငါတို့ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေပါ၊ နအဖလို မိုးလုံးပြည့်မုသာဝါဒတွေ ရေးနေ/ပြောနေသူတွေမဟုတ်ပါဘူး၊ မှန်းစမ်း အသေအသေအချာပြန်ဖတ် ကြည့်ဦးမှ”

ဖြစ်ပုံကဒီလို။ မိုးမခ သတင်းဌာနမှ သတင်းတပုဒ် ကျနော့်မေးလ်ထဲပို့ လာသည်။ ခါတိုင်းလည်းပို့ နေကြ။ ဘာမှမထူးဆန်း။
၂၀၀၈ မေလ ၂ ရက်နေ့က မြန်မာပြည်အောက်ပိုင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့သည့် နာဂစ်မုန်တိုင်းကို အများပြည်သူတို့ ကြိုတင်သိရှိစေရန် သတိပေး အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် အုပ်ချုပ်သူ စစ်အစိုးရက ၎င်း၏ မိုးလေ၀သဌာနက တာဝန်ရှိသူ ဦးထွန်းလွင်ကို ယခုနှစ်အတွင်း ထူးချွန်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ရန် စီစဉ်နေသည်ဟု ပြည်တွင်းဝန်ထမ်းအချို့က ခန့်မှန်းပြောဆိုနေသည်ဟု ဆိုသည်

သည်သတင်းဖတ်ပြီးတော့ ဘာထူးဆန်းလိုက်တာမှတ်လို့  သူ့ လူသူ သူတီထွင်တဲ့ ဆုပေးတာတာများ သတင်းလုပ်ရတယ်လို့ ပေါ့။ နှာတောင် နည်းနည်းကောက်မိလိုက်သေးသည်။ နောက်တနေ့ မနက် မိုးလင်းတော့ သည်သတင်းဌာနကဘဲ ပို့ လာသည့် “ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ”ကို ဖတ်လိုက်ရတော့မှဘဲ အဆက်အစပ်ရသွားပြီးသကာလ ပြုံးစေ့စေ့ဖြစ်ရတော့သည်။

နောက်ကြောင်းတော့ နည်းနည်းလေးပြန်ပါရစေ။ ၁၉၈၀ ပြည့်နှစ်တ၀ိုက်။ ဗမာပြည်တွင် တယ်လီဗွီးရှင်းတွေပေါ်ဦးစ။ ရပ်ကွက်များ တွင် တအိမ်စနှစ်အိမ်စ တီဗွီပိုင်သူများနှင့်တီဗွီပြစားသည့် ရုံငယ်လေးများလည်း အလျှိုအလျှိုမှိုလိုပေါက်။ မိုးချုပ်လို့အိမ်သားတွေစုံချိန် တီဗွီရှေ့  ထိုင်ငေးသူငေး တီဗွီရုံတွေဆီသွားသူသွားကြ။

မိုးလင်းလို့  လဘက်ရည်ဆိုင်တွေဈေးတွေမှာ ညက တီဗွီမှာဘာတွေပြသွားကြောင်း သတင်း ကြေညာသူက ဘာတွေဘယ်လိုဝတ်ထားကြောင်း အပြန်အလှန်ဖေါက်သည်ချကြ။ ပုံပြင်အသစ်တခုကို စကြားကာစ ကလေးများလို တတွတ်တွတ်ပြန်ပြောကြနှင့် ပျော်စရာလိုလိုဘာလိုလို။ ထိုကာလများတွင် ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုတို့ ကလည်း စစ်အေးကြီးအဆုံးသတ်ပြီး စစ်ပူကြီးပြန်နွေးဖို့ အရေး နှစ်ပြည့်တစ်ပြည်ရွှေလမ်းငွေလမ်းဖေါက်နေချိန်။ အင်္ဂလန်က မာဂရက်သက်ချာကလည်း သူ့ ဝန်ကြီးအဖွဲ့ ဝင်တွေကို တကမ္ဘာလုံးရှေ့ မှာ ကလေးတွေကိုငေါက်သလို ငေါက်ငေါက်ပြနေချိန်များ။ အမေရိကန်သမ္မတ ရော်နယ်လ်ရီဂန် နှင့် ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့ဗ်တို့  ပုံများကလည်း ဂြိုလ်တုသတင်းတွင် မမြင်ချင့်တဆုံး။ ကလေးတချို့ က ဂိုဘာချော့ဗ်ကို “ကိုဘ ချော” တဲ့ တချို့ ကလည်း “နဖူးမှာ ဗမာပြည်မြေပုံနှင့် ဘဘကြီး”ဟု ခေါ်ရလောက်အောင် ရင်းနှီးကျွမ်းဝင်နေကြချိန်ဖြစ်သည်။ ထိုအချိန်မှာ ဦးထွန်းလွင်ဆိုသည့် ပုဂ္ဂိုလ်ကျော်ကြီးကို စတင်တွေ့ ဖူးခြင်းဖြစ်သည်။

“မိုးလေ၀သ သတင်းများကိုကြေညာပါတော့မယ်ရှင်” ဟု သတင်း ကြေညာသူကပြောပြီးသည်နှင့် မြေပုံနောက်ခံကားချပ်ကြီးတချပ်နှင့်အတူ တိုက်ပုံတွေဘာတွေ သပ်သပ်ရပ်ရပ်ဝတ်ထားသူ လူတစ်ယောက်ပုံ ပေါ်လာမည်။ ပြီးတော့ လက်ထဲကတုတ်တချောင်းနှင့် ဟိုထောက်ဒီထောက် ထောက်ထောက်ပြကာ ဘာကဘယ်လို ဘယ်ချမ်းသာတွေ ပြောမည်။ ထိုကဏ္ဍကား (အမှန်လည်းနည်းသဖြင့်) လူကြိုက်အနည်းဆုံးဖြစ်သမို့  ပိတ်ထားလိုက်ကြတာများသည်။

ကလေးတွေကသူ့ ကို “တုတ်ထောက်တဲ့ ဦးလေးကြီး” ဟုခေါ်သည်။ ကလေးစကား၊ သဘင်သည်စကား၊ အရူးစကား မှန်တတ်ကြောင်း ယခုတော့လက်တွေ့ မို့  မငြင်းသာတော့။ ယခုတော့ သည်ဦးလေးကြီး တကယ်ပင်တုတ်ထောက်နေလေပြီ။သို့ ကလို တုတ်ထောက်တဲ့ ဦးလေးကြီးကား ထင်ပေါ်၍ နေပြည်တော်ကကောက်ချေပြီ။

နောက်ဆိုလျှင် ဒေါက်တာထွန်းလွင်ဟု မခေါ်ပါက မင်းပြစ်မင်းဒဏ်သင့်တော့မည်။ အနှီပုဂ္ဂိုလ် မြတ်ကြီးကား နာဂစ်မလာမီက “လာတော့မယ်၊ လာတော့မယ်” နှင့် ဗမာပြည်သူများအား ကြိုတင်၍ အာပေါက်မတတ် ပြောနေသည့်ကြားက သူ့ စကားလည်းမယုံ လိုက်လည်းလုပ်ရကောင်းမှန်းလည်း မသိရှာသူ နာဂစ်စာမိတို့ အား ကြီးစွာသော ကရုဏာဖြင့် စုတ်တသပ်သပ်ဖြစ်နေရှာ၏။

“ဖြစ်မှာပေါ့။ ရေဒီယိုလေးတလုံးတောင် မ၀ယ်နိုင်ကြတဲ့ဟာတွေ၊ ရှိတဲ့လူတွေကြ တော့လည်း တို့ အစိုးရ မကောင်းလုပ်တာတွေကို ကောင်းပါတယ်လို့ မပြောတဲ့ ပြည်ပအသံလွှင့်ဌာနတွေကိုဘဲ လိုက်နား ထောင်နေတာကိုး နည်းတောင်နည်းသေး” ဟုလည်း မေတ္တာတော်ထားရှာပါသည်။ အဆိုပါ ပညာကျော်ကြီး၏ ဂုဏ်ထူးဘွဲ့ ထူးတို့ နှင့် ဇာတိပုညဂုဏ်မာနကား ဤသို့ တည်း။

၁၉၄၈ ဇန္န၀ါရီ ၁၇ တွင် စစ်ကိုင်းတိုင်းအတွင်း မွေးဖွားခဲ့ပြီး အမေရိကန် တက္ကသိုလ်တခုက မိုးလေ၀သဆိုင်ရာ ပါရဂူဘွဲ့ စာတမ်းတင်နိုင်ခဲ့သည်ဟု ဆိုသည်။ မြန်မာ့ရုပ်မြင်သံကြား ပေါ်ထွန်းလာချိန်တွင် မိုးလေ၀သခန့်မှန်းသူဖြစ်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် စစ် အစိုးရက စက်မှုထူးချွန် ဒုတိယဆင့်ချီးမြှင့်ပေးခဲ့သည်။ ၂၀၀၆ တွင် နိုင်ငံတကာမိုးလေ၀သနှင့် ဇလဗေဒအသင်းကြီး၏ အမြဲတမ်းအသင်းသား ဖြစ်လာသည်။ ၂၀၀၇ တွင် အာရှ သဘာဝဘေးဒဏ်ကာကွယ်ရေးနှင့်ပြင်ဆင်ရေးကောင်စီဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ယခု နေပြည်တော် မိုးလေ၀သဌာန၏ ညွန်ချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းပြည်ပ ဂျာနယ်များ၊ သတင်းဌာနများက အဆိုပါပုဂ္ဂိုလ်ကြီးအား နာဂစ်အကြောင်းမေးလာလျင် ဝေ့လည်ကြောင်ပတ် လုပ်တန်လုပ်၊ အရူးကွက်နင်းလိုနင်း၊ ရူးချင်ယောင်ဆောင်လိုဆောင်နှင့် သခင့်အလိုတော်ကျဖြေကြားရင်း ဘောင်းတော်ညှိတ်စိတ်တော်သိ ပညာကျော်ကြီး တပါးဖြစ်ခဲ့၏။

“ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်ရင်း ခေတ်လည်းကောင်းရော တကယ်ရူးသွားသူများ” အကြောင်း စာအုပ်များရှိခဲ့လျှင် ထို မင်းတိုင်ပင်အမတ်ကြီးအား ဝေမျှကြပါလေကုန်။ ထားလိုက်ပါတော့။ သဘာဝဘေးရန်တွေကနေ လူတွေကို ကြိုတင်ကာကွယ်နိုင်ဖို့  ပိုက်ဆံတွေ လူတွေ အချိန်တွေဘယ်လောက်ကုန်ရ ပင်ပမ်းရသည်ကို အများသိပြီးသားမို့  ဘာမှမပြောလိုတော့ပါ။ ထိုမျှ အပင်ပမ်းခံ ငွေကုန်ခံလုပ်နေသည့် သိပ္ပံပညာရှင်များနှင့် ကမ္ဘာတ၀ှမ်းလုံးမှ အစိုးရများကလည်း မိုက်လုံးကြီးလေစွ။ ယခုမူ ငွေလည်းမကုန် အချိန်လည်းမဆုံး လူလည်းမပမ်းမည့် မုန်တိုင်းရန် ကြိုတင်ထောက်လှမ်းရေးစနစ်သစ်ကြီးအားရှာဖွေထုတ်ဖေါ်ကာ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့  ထုတ် ပန်းသတင်းဂျာနယ်မှတဆင့် ဒေါက်တာထွန်းလွင်က ဤသို့ ဖေါ်ထုတ်လိုက်ပါပြီ။

သတင်းရေးသူက ဇော်လင်းထွဋ်။ သတင်းခေါင်းစဉ်ကား ဤသို့ တည်း

ရောဂါသည်များကိုကြည့်ကာ မုန်တိုင်းဖြစ်နှိုင်ခြေရှိ မရှိကိုသိနှိုင်

သတင်းသားကမုန်တိုင်းဖြစ်ပေါ်နှိုင်ခြင်းရှိ မရှိကို မိမိတို့ ပတ်ဝန်းကျင်ရှိ ရောဂါသည်များအခြေအနေကို ကြည့်ခြင်းဖြင့် သိရှိနှိုင်ကြောင်းမိုး/ဇလ ညွှန်ချုပ် ဒေါက်တာ ထွန်းလွင်ကပြောသည်။ ထိုရောဂါများမှာ လိပ်ခေါင်း ၊ ဒူလာရောဂါနှင့် ပန်းနာ ရင်ကြပ်ရောဂါများဖြစ်ပြီး အဆိုပါရောဂါခံစားနေရသူများသည် မုန်တိုင်းဖြစ်ပေါ်လာနှိုင်သည့် အခြေအနေတွင် ပြောင်းလဲ လာသောရာသီဥတုဖြစ်စဉ်များကို ခံစားနှိုင်စွမ်းမရှိကြောင်း သိရသည်။“ဒီရောဂါသည်တွေက မုန်တိုင်းကိုယ့်ဆီလာတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အပူရှိန်မြင့်တက်လာခြင်း၊ ရေငွေ့ များလာခြင်းနဲ့ ဖိအားကျသွားခြင်းဆိုတဲ့ အချက် ၃ ချက်ကို တွဲပြီးခံစားလိုက်ရတဲ့အခါမှာ လူဟာခံနှိုင်ရည်မရှိဘူး၊ ရောဂါရှိတဲ့သူတွေဆိုရင် ပိုသိသာတယ်၊ ဒါတွေဟာ ဘာကိရိယာမှ မပါဘဲ ကိုယ့်အသိနဲ့ ကိုယ်သိနှိုင်ပါတယ်” --------“

ဒီလိုလေဖိအားပြောင်းလဲမှုတွေကို သိရှိထားမယ်ဆိုရင် မုန်တိုင်းမိမိတို့ ဆီ လာနှိုင်မယ် မလာနှိုင်ဘူးဆိုတာ သိနှိုင်မယ်၊ မုန်တိုင်းတခု ကိုယ့်ဆီကို ချဉ်းကပ်လာပြီဆိုရင် တိမ် ၃ မျိုးအရင်လာမယ် ...............”


ထိုမျှ တော်တတ်ကောင်းမွန်သည့်ပညာရှင်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ကလေးလောက်သာ ချီးမြှင့်ရကောင်းမှန်းသိရှာသည့် ဗိုလ်သန်း ရွှေက နောက်တနေ့ တွင် ကျင်းပသည့် ၀န်ကြီးများအဆင့်အစည်းအဝေးသို့  ညွှန်ချုပ်ကြီးအား တက်ရောက်ပါရန် အားမနာလျှာမကျိုး ဖိတ်ကာ ၀န်ကြီးများအား “တို့ တိုင်းပြည်မှာငွေကုန်စရာမလိုတော့တဲ့အပြင် နိုင်ငံခြားငွေတွေသောက်သောက်လည်းရမယ့် စီမံကိန်းတစ်ခုကို ငါချမှတ်လိုက်မယ် စက်မှု၊ ကျမ္မာရေး၊ နိုင်ငံခြားသွင်းကုန်ထုတ်ကုန်နဲ့ သယ်ယူပို့ ဆောင်ရေးဝန်ကြီးတွေ ဒေါက်တာထွန်းလွင်နဲ့ ပူးပေါင်း အကောင်အထည်ဖေါ်ရမယ်၊ လိုက်မှတ်ပါ၊

(၁)စံချိန်မီ လိပ်ခေါင်း၊ ဒူလာနှင့် ပန်းနာရင်ကြပ်ရောဂါသည်များ ထုတ်လုပ်ရေး

(၂)ပြည်တွင်းပြည့်မီအောင်ထုတ်လုပ်ပြီးပါက ၎င်းရောဂါသည်များအား ပင်လယ်ကမ်းစပ်များနှင့် မုန်တိုင်းမကြာမကြာ တိုက်ခတ် တတ်သည့်နေရာများသို့  ပြောင်းရွှေ့ နေရာချထားပေးရေး၊

(၃)ပြည်တွင်းပြည့်မီပိုလျှံပါက ပြည်ပသို့ တင်ပို့ ရောင်းချပေးနိုင်ရေး တို့ ဖြစ်တယ်၊ စီမံကိန်းမအောင်မြင်လို့ ကတော့ ကိုယ့်ဘ၀ကိုယ်တွေးထားကြ”

ဟု ပြောကာ ဦးထွန်းလွင်ကိုလက်တွဲလျှက် ကြပ်ပြေးနေပြည်တော်ဆီသို့  ပြန်လည်ကြွချီတော်မူစဉ် လမ်း၌ “ အင်း --- တပ်ကို ဘယ်လိုလုပ်ရကောင်းမလဲ။ ပြည်ပပို့ ကုန်ထဲ ထည့်လိုက်ရင်တော့ ငါ ဒေါ်လာတွေရမယ်။ တော်ကြာနေ တပ်မရှိပြန်ရင်လည်း ဆက်ကိုင်ထားဖို့ ခက်မယ်။ တခုတော့ရှိတယ် လူတွေကို ထမင်းများများငတ်အောင် လုပ်ထားနိုင်ရင် တပ်သားသစ်ရဖို့ က မခက်ပါဘူးလေ။ ပြည်ပပို့ ကုန်ထဲ ထည့်လိုက်တာဘဲကောင်းပါတယ်”

မျိုးမြင့်ချို

No comments:

Post a Comment