11.02.2008

အဖွဲ့ချုပ်ဗဟိုတွင် ပြုပြင် ပြောင်းလဲမှုလုပ်ရေး နယ်အဖွဲ့ဝင်များ ဆွေးနွေး

မိတ္ထီလာနှင့် အနီးတ၀ိုက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ပါတီ ဗဟိုတွင် ပြုပြင်ပြောင်းလဲရေးနှင့် အင်အားတိုးချဲ့ရန် ယနေ့ပြုလုပ်သော လပတ် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ တောင်သာမြို့နယ်များမှ အဖွဲ့ချုပ်ဝင်များက ပါတီအနေဖြင့် လက်ရှိ အခြေအနေတွင် နိုင်ငံရေး လုပ်ဆောင်မှုများ အားလျော့လာနေသောကြောင့် စွမ်းဆောင်ရေး တိုးတက်လာစေရန် ပါတီထိပ်ပိုင်းတွင် ပြင်ဆင်မှုများ အမြန် ပြုလုပ်သင့်သည်ဟုဆိုကာ ဗဟိုသို့ စာဖြင့် ရေးသားပေးပို့ရန် စီစဉ်လျှက် ရှိသည်။

"၂၀၁၀ မှာ ကျမတို့ ရင်ဆိုင်ဖို့ အတွက် အရံသင့် ပြင်ဆင်ဖို့ လိုအပ်နေပြီ။ သိပ်ကို နောက်ကျနေပြီ။ အချိန် သိပ်ဆွဲလို့ မဖြစ်တော့ဘူး။ အဲဒါကြောင့် ဗဟိုကို တိုးချဲ့ ဖွဲ့စည်းဖို့ လိုအပ်တယ်။ အလုပ်ဖြစ်အောင်လို့ ဒီလိုတိုးချဲ့ ဖွဲ့စည်းပေးပါလို့ ကျမတို့က တောင်းဆိုတာပါ" ဟု အဖွဲ့ချုပ် မိတ္ထီလာရုံး အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

လေးမြို့နယ်မှ မြို့နယ်စည်း ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော လစဉ်ပုံမှန်ပြုလုပ်သော အစည်းအဝေးတွင် ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် စည်းဝေး ခေါ်ပေးရန်၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့အားဖြည့် ဖွဲ့စည်းပေးရန် လူငယ်များနှင့် ဗဟိုအဖွဲ့ဝင်လူကြီးများ အကြား ညှိနှိုင်းဆွေးနွေး အဖြေရှာပေးရန်တို့ တိုက်တွန်းတောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခုကဲ့သို့ မြို့နယ်စည်း တောင်းဆိုချက်များက ပါတီတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သည့် လူငယ်နှင့် ထိပ်တန်းခေါင်းဆောင်ပိုင်း ကွဲပြားမှုကို ထပ်မံ မီးမောင်းထိုးပေးရာ ဖြစ်လာစေသည်။

တက်ရောက်လာသူများအထဲမှ အချို့က ပါတီဥက္ကဌ ဦးအောင်ရွှေ၏ ကျန်းမာရေးအပေါ် စိုးရိမ်မှုများရှိနေပြီး ဗဟို အစည်းအဝေးများက တိုင်းနှင့် ပြည်နယ်အဆင့်အထိ ညွှန်ကြားမှုများ မလုပ်နိုင်ခြင်းအတွက်လည်း ထောက်ပြခဲ့ကြသည်။

"လူကြီးတွေကို မလေးစားလို့လည်း မဟုတ်ဖူး၊ မုန်းလို့ ချစ်လို့လည်း မဟုတ်ဖူး၊ အဓိကကတော့ ဗဟို အလုပ်အမှုဆောင်တွေက အသက် ၇၀ ကျော်၊ ၈၀ တွေရှိနေတာ။ ဥက္ကဌ ကိုယ်တိုင်က ၉၀ လောက် ရှိနေပြီ။ အဲဒါကြောင့် လုပ်နိုင်တဲ့ စွမ်းအားက နည်းသွားပြီ" ဟု တောင်သာမြို့နယ်မှ ဦးသန်းမြင့်က ပြောပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့အနေ၏ အဓိက အရေးပါသူများအနက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့မှာ နေအိမ်အကျယ်ချုပ် ချုပ်နှောင်ခံထားရသည်။ လက်ရှိ ဦးဆောင် လှုပ်ရှားနေသူများတွင် ဥက္ကဌ ဦးအောင်ရွှေမှာ အသက် ၉၁ နှစ်ဖြစ်ပြီး အများစုမှာ ၈၀ နှစ်ကျော်သူများဖြစ်သည်။

သို့သော် ပါတီပြန်ကြားရေးအဖွဲ့အတွင်း ငယ်ရွယ်သူများဖြင့် အားသစ်လောင်းခဲ့ရာ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်နှင့် ဦးဝင်းနိုင်တို့မှာ လက်ရင်း အကြီးတန်းခေါင်းဆောင်များထက် အသက် ၃၀ ကျော် ငယ်ရွယ်သူများပင် ပါဝင်သည်။

"ဒီ စစ်အာဏာရှင် စနစ်ကို ဖယ်ချပြီး ဒီမိုကရေစီ နိုင်ငံသစ် တည်ထောင်မယ့် နေရာမှာ နှောင့်နှေးကြန့်ကြာရင် ပြည်သူတွေ နာတယ်။ လူထုနာတယ်။ တိုင်းပြည်နာတယ်။" ဟု ဦးသန်းမြင့်က ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က ပါတီတွင်း လူငယ်ခေါင်းဆောင်များ ခန့်အပ်ထားခြင်းနှင့် ပတ်သက်၍ အကြီးတန်း ခေါင်းဆောင်များနှင့် သဘောကွဲပြီး ရန်ကုန်တိုင်းအတွင်းမှ လူငယ် ၁၀၉ ယောက် နှုတ်ထွက်ခဲ့သည်။

သို့ရာတွင်ယခုအခါပါတီ၏သမာသမတ်ကျသောလူကြီးများ၏ညှိနိုင်းပေးမှုကြောင့်ယခုအခါ
လူငယ်အချို့မှလွဲ၍ကျန်လူငယ်များ၎င်းတို့၏နှုတ်ထွက်စာများကိုပြန်ရုတ်သိမ်းခဲ့ကြောင်း
သိရပါသည်။

No comments:

Post a Comment