2.11.2009

ရိုဟင်ဂျာအမည်ထက် လူသားချင်းစာနာမှု ပိုမိုလိုအပ်ဟု အမျိုးသားကောင်စီ ပြောဆို

အင်တာဗျူး
ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009 17:59 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာဟုခေါ်သည့် လူမျိုးမရှိကြောင်း မြန်မာစစ်အစိုးရ၊ တက်ကြွ လှုပ်ရှားသူ တချို့နှင့် တိုင်းရင်းသားအချို့အကြား အပြန်အလှန် ငြင်းဆိုသံများ ပေါ်ထွက်နေသည်။

သို့သော်လည်း ထိုင်း၊ အင်ဒိုနီးရှားနှင့် အိန္ဒိယသို့ မြန်မာနိုင်ငံမှ လှေဖြင့်ပင်လယ်ကိုဖြတ်၍ မိမိတို့ ရိုဟင်ဂျာများ ရောက်ရှိလာခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမှုများလည်း ရှိနေပြန်သည်။ မြန်မာစစ်အစိုးရ၏ လူမျိုးရေးအရ၊ ဘာသာ ရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ ဖိနှိပ်မှုကို မခံမရပ်နိုင်၍ ကောင်းမွန်မည့် ဘဝအသစ် ထူထောင်ရန် အသက်စွန့် ထွက်ပြေးလာခြင်းဖြစ်ကြောင်းလည်း သူတို့က ဆိုသည်။

မြန်မာစစ်အစိုးရက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း မည်သို့ပင် ငြင်းဆိုနေသော်လည်း ထိုင်းအစိုးရ ကမူ ထိုင်းနိုင်ငံတွင် ယခုလ နောက်ဆုံးအပတ်အတွင်း ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အစည်းအဝေး၌ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအရေးကို အလွတ်သဘော ဆွေးနွေးလိုကြောင်း ပြောနေပြီ ဖြစ်သည်။

ထို့ကြောင့် ယင်းသို့ လှေဖြင့်ထွက်ပြေးသူ ရိုဟင်ဂျာဆိုသည့် အခေါ်အဝေါ်နှင့် ၎င်းတို့အား မည်သို့ ဆက်ဆံ သင့်သည် ၎င်းတို့နှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ပြဿနာရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ကို သိရှိနိုင်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ National Council of the Union of Burma (NCUB) မှ တွဲဘက် အထွေးထွေ အတွင်းရေးမှူး (၁) ဦးမြင့်သိဏ်းအား မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ဆက်သွယ် မေးမြန်းထားသည် များကို တင်ပြလိုက်ပါသည်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံတွေဆီ ရောက်နေကြပါတယ်။ အဖမ်းခံရသူတွေ ရှိသလို၊ နှိပ်စက်ခံရတယ်လို့လညှ်း သတင်းတွေ ထွက်နေပါတယ်။ တချို့နိုင်ငံတွေက သူတို့ကို လက်မခံချင်တာကိုလည်း တွေ့ရပါတယ်။ ဒီကိစ္စတွေ အပေါ်မှာ ဘယ်လို အမြင်သဘောထားနဲ့ ဖြေရှင်းသင့်တယ်လို့ NCUB က ယူဆပါသလဲဗျာ။

သူတို့က ဘာပဲပြောပြော လူသားတွေ ဖြစ်တယ်လေ။ တိရစ္ဆာန်တွေ မဟုတ်ဘူး။ ရိုဟင်ဂျာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်။ အဲဒါကို ကျနော်က အဓိကထား မပြောချင်ဘူး။ ဘာကြောင့် ဒီလူတွေ ဒုက္ခရောက်ရသလဲ၊ ဘာကြောင့် ဒီလို အခြေအနေ ဆိုးကို ကြုံရသလဲဆိုတဲ့ အရင်းခံအကြောင်းတွေအပေါ်မှာ အခြေပြု စဉ်းစားသင့်တယ်။ အရင်းခံ အကြောင်းတွေ ဆိုတာက မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပကတိ နိုင်ငံရေးအခြေအနေတွေအောက်မှာ တွေ့ကြုံနေရတဲ့ အကျပ်အတည်း၊ အခက်အခဲတွေကို သူတို့အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ထွက်ပေါက် ရှာနေကြတဲ့ အချက်က အဓိက အချက်တခုဖြစ်တယ်။

မကြာခင်ကလည်းပဲ ထိုင်းပိုင်နက်ထဲမှာ တော်တော်များများ ဒုက္ခတွေ ရောက်ကြတယ်။ သေကြကျေကြတယ်။ ဒီ issue ဟာ တကယ့်ကို humanitarian ပေါ့နော်။ လူသားချင်း စာနာမှုဆိုတဲ့ အခြေခံကနေပြီးတော့ ဒီလူသား တွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ကယ်တင်သင့်တယ်။ ဘာကြောင့် ဒီလူတွေဟာ ဒီလို လုပ်ကြသလည်း ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ လည်းပဲ မြန်မာနိုင်ငံက ဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လက်ရှိ ruling ပေါ့ စစ်အုပ်စု၊ နောက်ပြီး သက်ဆိုင်ရာ အိမ်နီးချင်း နိုင်ငံတွေမှာ ဒီလို အလားတူ ပြဿနာတွေကို ကြုံတွေ့ လာရတဲ့ အနေအထားတွေအပေါ်မှာ ဘာတွေ ညှိပြီး ဖြေရှင်းသင့်တယ် ဆိုတဲ့ အချက်တွေကို ဝိုင်းပြီး ရှာသင့်တယ်။ သက်ဆိုင်နေတဲ့ နိုင်ငံတွေပေါ့နော်။

နောက်တခုက အဲဒီကိစ္စတွေနဲ့ ဆက်စပ်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် အနေနဲ့က ဒါကို အလေးထားပြီးတော့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်တယ်။ ကျနော်တို့ အနေနဲ့ကတော့ အဲဒါပဲ မြင်တယ်။ ရိုဟင်ဂျာလား၊ မူဆလင်လား၊ ဗုဒ္ဓဘာသာလား ဆိုတဲ့အမြင်တွေနဲ့ ဒီအပေါ်မှာ မကြည့်ချင်ဘူး။

ဒီမိုကရေစီရေးလှုပ်ရှားသူ တိုင်းရင်းသားခေါင်းဆောင်တယောက်က အဲဒီလိုမျိုး ရိုဟင်ဂျာဆိုပြီးတော့ ပေါ်လာတာက မြန်မာနိုင်ငံ အနောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ မူဂျာဟစ်သူပုန်တွေကို အခြေခံပြီး ၁၉၅၀ ခုနှစ်တွေ လောက်က ဖြစ်လာတာလို့ မဇ္ဈိမကို ပြောပါတယ်။ ဒီနေ့ခေတ်မှာကျတော့လည်း မီဒီယာတွေ ကရော၊ ယူအန်ကရော၊ အခြားနိုင်ငံတွေကရော ရိုဟင်ဂျာဆိုပြီး ခေါ်ဝေါ်သုံးစွဲနေကြတယ်။ အဲဒီ အမည်နာမ အပေါ်မှာရော ဘယ်လိုမျိုး သုံးစွဲသင့်တယ်လို့ ထင်ပါသလဲဗျာ။

NCUB အနေနဲ့ ပြောရရင်တော့ ဒီ issue အပေါ်မှာ ရိုဟင်ဂျာလား၊ ရိုဟင်ဂျာမဟုတ်ဘူးလား၊ ရိုဟင်ဂျာဆိုတဲ့ အမည်ကို သုံးသင့်လား မသုံးသင့်ဘူးလား ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ အသေးစိတ် သုံးသပ်ပြီးတော့ သဘောထား ချမှတ်ထားတာတွေတော့ မရှိသေးပါဘူး။ သို့သော်လည်းပဲ အမြင်အရ ပြောရမယ်ဆိုရင်တော့ တကယ်တမ်း ကျတော့ မြန်မာနိုင်ငံလို သမိုင်းကြောင်းအရ တချို့ လူမျိုးရေးတွေအပေါ်မှာ ရှုတ်ထွေးအောင် ဖန်တီး ခံထားရတဲ့ အခြေအနေအောက်မှာ ရှိနေတဲ့ ပြဿနာ တော်တော်များများက ဒီတိုင်းပြည်မှာ တကယ့်ကို စစ်မှန်တဲ့ ငြိမ်းချမ်းမှုတခု တည်ဆောက်ပြီးတော့ ဒါတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းသွားရမယ့် အချက်တွေလို့ မြင်တယ်။ ဒီ issue တွေကို ရှေ့တန်းတင်ပြီး စဉ်းစားတာမျိုးဟာ လက်တွေ့ ဒုက္ခရောက်တဲ့ လူတွေရဲ့ အဆိုးဆုံး လက်ရှိခံစားနေရတဲ့ အခြေအနေတွေကို မျက်ကွယ်ပြုရာ လျစ်လျှူရှုရာရောက်တယ်လို့ မြင်ပါတယ်။ လူမျိုးရေးအရ၊ ဘာသာရေးအရ ဆိုတဲ့ ကိစ္စမျိုးတွေနဲ့ အခြေခံပြီးတော့ မကြည့်သင့်ဘူး။ သူတို့ ရင်ဆိုင် နေရတဲ့ လတ်တလော ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပါ။ ဟိုဘက်တိုင်းပြည်၊ ဒီဘက်တိုင်းပြည် နီးကပ်တဲ့ တိုင်းပြည်တွေမှာ ဝင်ကြထွက်ကြ ရပ်တည်နေထိုင်ကြရင်းနဲ့ လူမျိုးရေးအရ တချို့ ရှုတ်ထွေးမှုတွေ ဖြစ်လာခဲ့တယ် ဆိုတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်တခုလို့ မြင်ပါတယ်။ ဒီအချက်တွေပေါ်မှာ အခြေပြု ပြီးတော့ လူမျိုးရေးအဓိကရုဏ်းဘက်ကို ပိုပြီးသွားတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာရှိတဲ့ မြန်မာနိုင်ငံသားဖြစ်နေတဲ့ မူဆလင်ရော၊ နိုင်ငံသားအဆင့် မဖြစ်သေးတဲ့ မူဆလင်တွေရော နအဖရဲ့ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံတာကို ခံရတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒီ ဖိနှိပ်မှုတွေ ရပ်တန့်သွားအောင် လူသားချင်း စာနာထောက်ထားတဲ့ လူတွေအနေနဲ့ ဘာတွေ လုပ်သင့် တယ်လို့ မြင်ပါသလဲ။

ဒီကိစ္စကတော့ ကျနော်တို့တွေလည်း တစိုက်မတ်မတ် လုပ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘယ်လူမျိုးမဆို မြန်မာ နိုင်ငံမှာပဲ ရှိရှိ၊ တခြား ဘယ်နိုင်ငံမှာပဲ ရှိရှိပေါ့နော်၊ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေ မဆုံးရှုံးသင့်ဘူး။ လူသား တွေ ဖြစ်တဲ့အတွက် လူသားပီသစွာနဲ့ သူတို့မှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ အားလုံး ခံစားနိုင်ခွင့်ရှိဖို့ လိုအပ်တယ်။ သမိုင်းကြောင်းအရ ဘာလူမျိုးလဲဆိုတဲ့ ကိစ္စတွေ ဖြေရှင်းဖို့ဟာကတော့ နောက်တကဏ္ဍ ဖြစ်တယ်။ ဆိုတော့ အခြေခံအားဖြင့် သူတို့မှာ democratic procedure တွေကို လက်တွေ့ကျင့်သုံးပြီး အကောင် အထည်ဖော်နိုင်တဲ့ အခြေအနေ မရောက်မချင်းကတော့ ဒါတွေ ဖြစ်နေမှာပဲ။ ကုလသမဂ္ဂက ဦးဆောင် ပြီးတော့ ဒါတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ မြင်တယ်။

ဒီ ရိုဟင်ဂျာကိစ္စဟာ အခုတလော သတင်းတွေထဲမှာ ထိပ်တန်းနေရာထဲမှာ ပါနေပါတယ်။ အကောင်း မြင်ရော၊ အဆိုးမြင်ရော ဝေဖန်ဆွေးနွေးမှုတွေလည်း ရှိနေကြသလို အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်နေ ပါတယ်။ ဒီလို အခြေအနေအောက်မှာ နအဖ က ဘာသာရေး အဓိကရုဏ်း ပုံစံတခု ဖြစ်သွားအောင် ဖန်တီးသွား နိုင်လိမ့်မယ်လို့ရော ယူဆပါသလားဗျာ။

နအဖ က တော့ သူရဲ့ အကျိုးစီးပွားဖြစ်တဲ့ အာဏာရေရှည် ကိုင်စွဲရေးနဲ့ စစ်အုပ်စု အဓွန့်ရှည်ရေးဆိုတဲ့ အခြေခံ ကို အကျိုးရှိမယ်ဆိုရင်တော့ ဘာကိစ္စမဆို သူ့ဘက်က လုပ်မှာဖြစ်တယ်လို့ ကျနော်တို့က အကြွင်းမဲ့ ယုံကြည် ထားတယ်။ ဒါကြောင့်မို့လို့ အခုဖြစ်ပေါ်နေတဲ့ အချက်တွေဟာ သူ့အတွက် အကောင်းဆုံး အခွင့်အလမ်းတွေ ဖြစ်လာမယ် ဆိုရင် သူ့ဘက်ကတော့ လုပ်ဖို့ သေချာသလောက်ပဲဖြစ်တယ်လို့ ကျနော်တို့ကတော့ မြင်တယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အရှုတ်အရှင်းတွေကနေ ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်ကိစ္စ၊ တရားမဝင် အလုပ်သမားကိစ္စတွေလိုပဲ၊ အခု ဒီရိုဟင်ဂျာဆိုတဲ့ ကိစ္စကရော ဒေသဆိုင်ရာ ပြဿနာ အဆင့် ရောက်နေပြီလို့ ယူဆပါသလားဗျာ။

ရိုဟင်ဂျာရယ် ဘာရယ်တော့ ပြောဖို့ အခက်အခဲရှိတာပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေရဲ့ အခြေအနေ အခက်အခဲတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ခိုလှုံရတာတွေ၊ အဲဒီမှာ ဘဝ ရပ်တည် ရှင်သန်ရေး အတွက် ကြိုးပမ်းနေရတာတွေ၊ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီပြီးတော့ရှိနေတဲ့ migrant workers တွေ၊ တရားမဝင် ရောက်ရှိ နေသူတွေရဲ့ အခြေအနေကို ကြည့်ရင် ဒီကိစ္စက သိပ်ရှင်းပါတယ်။ ဒီလိုရောက်တဲ့ အထဲမှာလည်း လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ ဖြစ်တယ်။ သူများနိုင်ငံ ရောက်သွားပြီးတော့ တရားမဝင် ရပ်တည် နေရတယ် ဆိုတာ ကတော့ ဘာပဲပြောပြော အဲဒီ သက်ဆိုင်ရာ နိုင်ငံအတွက် အနှောင့်အယှက်က အနည်းနဲ့ အများ ရှိမှာ သေချာတယ်။ ဘယ်သူမှ ဘယ်ဝါမှ ဒီကိစ္စတွေဟာ ဖြစ်မယ်၊ ဖြစ်ရမယ်၊ ဖြစ်လိမ့်မယ် ဆိုတာမျိုးတော့ သတ်မှတ်လို့ မရဘူး။ ဒီလိုမျိုးဖြစ်နေကြတာ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့်လို့ ဆိုတာတော့ သုံးသပ်ထားပါတယ်။

No comments:

Post a Comment